ခေါင်းဆောင်မှု၏ အမှောင်ဘက်ခြမ်းအား ဖွင့်လှစ်ခြင်း

ဆောင်းပါးရှင် Barbara Kellerman ဟာဆိုရင် Harvard တက္ကသိုလ်လက်အောက်ခံ Massachusetts ပြည်နယ်၊ Cambridge မှာရှိတဲ့ John F. Kennedy School of Government မှာ Center for Public Leadership ရဲ့ သုတေသနဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ Public policy ကို သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။ University of Maryland မှာ Center for the Advanced Study of Leadership အတွက် ဒါ ရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသမီးဖြစ်ပြီး၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ စာအုပ်ပေါင်းမြောက်များစွာကို ရေးသားခဲ့၊ တည်းဖြတ်ခဲ့သူဖြစ်ကာ Bad Leadership ဆိုတဲ့ စာအုပ်တစ်အုပ်ကိုလည်း ရေးသားထားပါတယ်။

♦♦♦

“ကျွန်တော်တို့တတွေက ပုံပြင်ဇာတ်လမ်းတွေကို အသက်ရှင်ရပ်တည်ဖို့ ပြောနေကြတာပါ”လို့ Joan Didion က တစ်ခါတုန်းက ရေး သားခဲ့ဖူးပြီး၊ လူသားတွေရဲ့ အကောင်းမြင်ဝါဒမှာ သူ့အတိုင်းရှိနေတဲ့ ပင်ကိုသဘောသဘာဝကို ရှင်းပြခဲ့ဖူးပါတယ်။ ပုံပြင်ကောင်းတွေ ဟာ ကမ္ဘာကြီးကို ပိုပြီးနေချင်စရာ ကောင်းလာစေပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခံစားချက်တွေ ပိုမိုကောင်းမွန် လာနိုင်မယ့် ဇာတ်လမ်းမျိုးတွေကိုပဲ ပြောနေ၊ နားထောင်နေကြတာပါ။ ပြဿနာက ဒါတွေကို နားထောင်ပြီး ကိုယ့်ကိုကိုယ် ဖြေသိမ့်နေ ရုံနဲ့တော့ လောကကြီးအကြောင်းကို အပြည့်အစုံမသိနိုင်တာပါပဲ။

တကယ်တမ်းမှာ ခေါင်းဆောင်မှုကို လေ့လာတဲ့သူတွေဟာ ဒီလူသားတွေရဲ့ အခြေခံဗီဇစိတ်မှာ မကြာခဏဆိုသလို ရှုံးနိမ့်ကြရသူတွေ ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့က ခေါင်းေဆာင်မှုဆိုင်ရာ စာပေတွေကို ပြန်လေ့လာရင် အအောင်မြင်ဆုံးစာရေးသူတွေဟာ လူတွေကို စိတ်ချမ်းသာစေမယ့် ပုံပြင်ကောင်း၊ ဇာတ်လမ်းကောင်းတွေကို ပြောပြရင်း၊ ဒါမှမဟုတ် သူတို့ကြားချင်တာကို သူတို့ကြားနိုင်ဖို့ ပြန် ပြောကြရင်းနဲ့ အောင်မြင်လာတာကို တွေ့ပါမယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ အတွင်းမှာ ထွက်ရှိခဲ့တဲ့ ရောင်းအားအကောင်းဆုံးစာအုပ် တွေဖြစ်တဲ့ Thomas J. Peters နဲ့ Robert H.Waterman, Jr. တို့ရဲ့ In Search of Excellence တို့၊ Warren Bennis နဲ့ Burt Nanus တို့ရဲ့ Leaders: Strategies for Taking Charge တို့၊ John P. Kotter ရဲ့ A Force for Change: How Leadership Differs from Management တို့၊ Jay A. Conger နဲ့ Beth Benjamin တို့ရဲ့ Building Leaders တို့ကို ပြန်ကြည့်မယ်ဆိုရင် ဒါမျိုးတွေ ရေးထားတာကို တွေ့မှာပါ။ Sydney Finkelstein ရဲ့ Why Smart Executives Fail and What You Can Learn from Their Mistakes လိုမျိုး တစ်ချို့သော စာရေးသူတွေ က ခေါင်းဆောင်မှုရဲ့ အကောင်းဘက်ခြမ်းတွေကိုပဲ မျက်ကန်းယုံနဲ့ ယုံကြည်နေတာကို ဆန့်ကျင်ထားတဲ့ စာမျိုးတွေကလွဲလို့ ပညာရှင် အများစုက ထူးချွန်မှုရှိတဲ့ခေါင်းဆောင်တွေဟာ တကယ့်ကို သူရဲကောင်းတွေ၊ အနည်းဆုံးတော့ ရည်ရွယ်ချက်ကောင်း ရှိသူတွေဆိုပြီး တော့ပဲ စိတ်အားထက်သန်စွာနဲ့ ထောက်ခံနေကြတာမျိုးပါပဲ။

ဒီလိုဆိုတော့ လူဆိုးတွေဟာ ခေါင်းဆောင်ကောင်းတွေ မဖြစ်နိုင်တော့ဘူးလို့ ပြောနေသလို ဖြစ်နေတယ်။ တကယ်လို့သာ ခေါင်း ဆောင်အများစုဟာ လူကောင်းတွေ ဖြစ်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လာရင် ဘာလို့များ အပြုသဘောဆောင်တဲ့ အ မြင်မျိုး ရှိနေရတာလဲဆိုတာနဲ့ ပတ်သက်လို့ အလွယ်တကူကိုပဲ နားလည်နိုင်မှာပါ။ ဒါပေမယ့် လက်တွေ့မှာက အားနည်းချက်ရှိတဲ့ ခေါင်းဆောင်တွေက နေရာတိုင်းရှိနေပါတယ်။ ကော်ပိုရေးရှင်းကြီးတွေမှာဆိုရင် ပုဂ္ဂိုလ်ရေးအရ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားလွန်းတာ၊ လောဘကြီးလွန်းတာတွေက CEO တွေကို ဥပဒေပြင်ပလုပ်ရပ်တွေ လုပ်မိသွားစေပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဆိုရင်ပဲ၊ အမျိုးမျိုးသော မလျော်ကန်တဲ့နည်းလမ်းတွေနဲ့ ဘဏ္ဍာရေးအရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်မှုတွေကြောင့် အာဏာရှိ၊ အောင်မြင်ပြီးသား အမှုဆောင်တွေ အများအပြား အရေးယူခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ Enron ရဲ့ Andy Fastow နဲ့ Tycon က Dennis Kozlowski တို့ကိုပဲ နမူနာကြည့်ကြည့်ရအောင်။ လူသိများတဲ့ အမျိုးသမီးအနုပညာရှင် Martha Stewart ေတာင်မှပဲ စွဲချက်တစ်ချို့နဲ့ မ ကင်းရာမကင်းကြောင်း ဖြစ်ခဲ့ရပါသေးတယ်။ “အခုဆိုရင် အမေရိကန်က ကော်ပိုရိတ်အရှုပ်အရှင်းတွေကို မှတ်တမ်းထားဖို့ အမှတ် ပေး ဆိုင်းဘုတ်တစ်ခု ထားရမလို ဖြစ်နေပြီ”လို့ New York Times သတင်းစာကြီးကတောင် ခပ်ထေ့ထေ့ရေးခဲ့ပါသေးတယ်။

ဒါပေမယ့် ကော်ပိုရေးရှင်းတွေမှာချည်းပဲ ခေါင်းဆောင်လူဆိုးတွေ ရှိနေတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးလောကဟာ ပိုပြီးထင်သာ မြင်သာရှိတဲ့ ဥပမာပါ။ ရုတ်တရက်စဉ်းစားလိုက်ရင်ကိုပဲ ဟစ်တလာ၊ စတာလင်နဲ့ ပိုပေါ့တို့က ခေါင်းထဲချက်ချင်းရောက်လာမှာပါပဲ။ ဒီလူစုက အာဏာရူးမိစ္စာကောင်တွေဆိုပေမယ့် သူတို့ဟာလည်း ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကို စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ ဒီလိုအင်မတန် ပြင်းထန်တဲ့ ကိစ္စတွေကို ဘေးဖယ်ထားပြီး၊ လတ်တလော သတင်းစာခေါင်းစီးတွေမှာ ပါနေတဲ့ ပိုပြီး လူထုနဲ့နီးစပ်တဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ ကျရှုံးမှုအကြောင်းတွေကို ပြန်ကြည့်ရအောင်ပါ။ Pete Mandelson ကိုပဲ နမူနာကြည့်ရအောင်။ Tony Blair ရဲ့ ဝန်ကြီးအဖွဲ့မှာ ပါဝင်ခဲ့ပြီး နိုင်ငံရေးမှာ ကျွမ်းကျင်မှုနဲ့ ပြည်သူ့ပေါ်လစီတွေအပေါ် ပီပီပြင်ပြင်နားလည်မှုတွေကြောင့် လူ လေးစားခံရတဲ့သူပါပဲ။ ဒါပေမယ့် ၁၉၉၈ မှာ Mandelson ဟာ သူ့ရဲ့ လန်ဒန်က Notting Hill မှာရှိတဲ့ အိမ်ကြီးရခိုင်တစ်လုံးကို ဝယ်ယူ ရာမှာ ချေးငွေအနေနဲ့ ပေါင် ၃၇၃,၀၀၀ ကို ေချးယူရာမှာ မလျော်ကန်တဲ့နည်းလမ်းနဲ့ လက်ခံခဲ့တဲ့အတွက် ဝန်ကြီးအဖွဲ့ကနေ မဖြစ်မနေ နှုတ်ထွက်ဖို့ ဖြစ်လာခဲ့ရပါတယ်။

ပြဿနာက ဒီမှာတင် ရပ်မသွားပါဘူး။ ဂျာနယ်လစ်တစ်ယောက်က တင်စားသလို၊ လမ်းပျောက်သွားတဲ့ သိုးထိန်းတွေလို ရိုမန်ကတ်သ လစ်ဘုရားေကျာင်းတော်ဆီက ပြဿနာတွေကိုလည်း အားလုံးသတိထားမိမှာပါ။ ထင်ရှားတဲ့ ဥပမာ ၂ ခုကို ပြောရရင် ၂၀၀၃ ခုနှစ်မှာ နူးယောက်ခ်မှာရှိတဲ့ Long Island က ရိုမန်ကတ်သလစ်အာဏာပိုင်တွေအနေနဲ့ လိင်မှုကိစ္စမသမာမှုပြုတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ၅၈ ယောက်ကို တရားဥပဒေအရ အရေးယူနိုင်မှုနဲ့ ပတ်သက်လို့ ကာလရှည်ကတည်းက အကာအကွယ်ပေးထားတယ်လို့ ဂျူရီတစ် ယောက်က စွပ်စွဲခဲ့ပါတယ်။ တစ်ခါ ဘော်စတွန်မှာလည်း ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ John J. Geoghan ကို လူပေါင်း ၈၆ ယောက် ကျော်က တရားမကြောင်းအရ တရားစွဲခဲ့ပြီး နောက်ဆုံးမှာ ကလေးသူငယ် မတော်မတရားပြုမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စမှာဆိုရင် ဘော်စတွန်ကတ်သလစ်သာသနာပိုင်နယ်မြေရဲ့ သာသနာပိုင်အဖြစ် ၁၈ နှစ်တာ တာဝန်ထမ်းခဲ့ သူဖြစ်တဲ့ ကာဒီနယ်ဘုန်းတော်ကြီး Bernard F. Law ကိုယ်တိုင်က Geoghan ဟာ ယောက်ျားလေးငယ်လေးတွေကို မတော်တလျော်ပြု ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ သူ့မှာသက်သေတွေ ရှိခဲ့ပေမယ့် Geoghan ကို ဘုန်းတော်ကြီးအဖြစ် တာဝန်ပြန်ပေးခဲ့တာပါ။

ဒါတွေကိုကြည့်မယ်ဆိုရင် လူဆိုးတွေ၊ ဒါမှမဟုတ် အနိမ့်ဆုံးအနေနဲ့ ခေါင်းဆောင်နေရာနဲ့ ထိုက်တန်မှု မရှိသူတွေဟာ မကြာခဏဆို သလို ခေါင်းဆောင်တွေ ဖြစ်လာကြပြီး အောင်မြင်တဲ့သူတွေ ဖြစ်လာတတ်တယ်ဆိုတာကို ငြင်းဖို့မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်မှုပိုင်း ဆိုင်ရာ ကျွမ်းကျင်သူတွေအနေနဲ့ ဒီအချက်ကို အသိအမှတ်ပြုလက်ခံဖို့ အချိန်ကောင်းတစ်ခုကို ရောက်နေပြီဆိုတာလည်း မငြင်းနိုင်ပါ ဘူး။ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်စွာပဲ၊ ကျွန်မတို့အနေနဲ့ အရင်ဖတ်ဖူးမှတ်ဖူးတဲ့ စာအုပ် တွေထဲကလို ဥပမာမျိုးတွေထက် မလျော့တဲ့ လေ့လာသင်ယူမှုမျိုးတွေနဲ့ ဒီဥပမာဆိုးတွေကိုလည်း ခေါင်းဆောင်လူဆိုးတွေဆီကနေ လေ့လာသင်ယူတတ်ဖို့ လိုပါလိမ့်မယ်။ Martha Stewart လို အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားမျိုးဟာ အတွင်းသတင်းကို အခြေခံပြီး ရှယ်ယာတစ်ချို့ ထုတ်ရောင်းဖူးတယ်ဆိုတာလောက်နဲ့ သူ့ကိုနမူနာယူစရာ၊ အတုယူစရာ ပုဂ္ဂိုလ်စာရင်းကနေ အပြီးဖယ်ထုတ်လိုက် တော့မှာလား။ သာသနာပိုင်ကြီး Law ဟာ ကလေးသူငယ် မတော်တလျော်ပြုမှုကို လျစ်လျူရှုခဲ့တဲ့အတွက် ဘော့စတွန်မှာ တိုးပွားလာ နေတဲ့ လူမျိုးရေး၊ ကျားမ လိင်တူခွဲခြားမှုအရေးအခင်း၊ ဆင်းရဲမွဲတေမှုစတဲ့ပြဿနာတွေနဲ့ ရှေးရိုးစွဲခရစ်ယာန်ကျောင်းတော်အမြင်နဲ့ အ ကြား မျှခြေညီနေအောင် ၁၈ နှစ်လုံးလုံး ထိန်းသိမ်းလာခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကို မြောင်းထဲပစ်လိုက်ရတော့မှာလား။ ရှေ့လာ မယ့်စာမျက်နှာတွေမှာ ခေါင်းဆောင်မှုအပေါ်မှာ အလွဲလွဲအချော်ချော်နဲ့ ကျင့်ဝတ်ပိုင်းတစ်ခုတည်း အမြင်ကျဉ်းကျဉ်း ကြည့်နေတဲ့ အယူ အဆမျိုးကို ကျွန်မတို့ ဘာကြောင့် ဘယ်လို လက်ခံနှလုံးသွင်းမိနေကြသလဲဆိုတာကို ရှင်းပြသွားမှာဖြစ်ပြီး ခေါင်းဆောင်မှုမှာ လူတွေ မမြင်နိုင်ဖြစ်နေတဲ့ အမှောင်ဘက်အခြမ်းကိုလည်း လှစ်ဟပြသွားမှာပါ။

ခေါင်းဆောင်တွေဟာ အမြဲတစေအကောင်းချည်း ဖြစ်မနေနိုင်

လက်ရှိမှာ ခေတ်ပြိုင်ပညာရှင်အများစုအနေနဲ့ ပြစ်မျိုးမှဲ့မထင်ခေါင်းဆောင်မျိုးတွေကိုပဲ အာရုံစိုက်နေပေမယ့် လက်တွေ့မှာ ဒီလိုချည်း တော့ အမြဲတမ်းဖြစ်မနေနိုင်ပါဘူး။ သမိုင်းတလျှောက်ပြန်ကြည့်ရင် နိုင်ငံရေးသီအိုရီသမား အကျော်အမော်တွေ အားလုံးဟာ ခေါင်း ဆောင်ဆိုးတွေရှိတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း လက်ခံထားပြီးသားပါ။ ခေါင်းဆောင်ဆိုးတွေရဲ့ အဖျက်အမှောင့်ဘက်ကို အားသာ တဲ့ တိမ်းညွှတ်မှုတွေကို ထိန်းချုပ်ဖို့လိုတယ်ဆိုတာကို သူတို့က မကြာခဏဆိုသလို အလေးအနက် ပြောလေ့ရှိပါတယ်။ လူကောင်းနဲ့ လူဆိုးဆိုပြီး ခွဲခြားအာရုံစိုက်တဲ့ ဘာသာရေးဓလေ့တွေရဲ့ လွှမ်းမိုးမှုကို ခံရပြီး စစ်ကိုနာကျည်းမှုတွေ၊ ပြည်တွင်းရေးမငြိမ်သက်မှုတွေ ကနေတဆင့် ပုဂ္ဂိုလ်ရေးအရ သက်ရောက်မှုမျိုး မကြာခဏဆိုသလို တွေ့ရတတ်တဲ့ အတိတ်ကာလက နိုင်ငံရေးတွေးခေါ်ရှင်တွေဟာ လူသားသဘာဝနဲ့ ပတ်သက်ရင် အဆိုးမြင်တဲ့အမြင်မျိုးနဲ့ ကြည့်တတ်ကြပါတယ်။

ဥပမာ Machiavelli ကို ကြည့်ပါ။ ၁၅ ရာစုနဲ့ ၁၆ ရာစုတွေမှာ ဖလောရင့်မြို့ပြရဲ့ နိုင်ငံရေးပညာရှင် ဖြစ်သလို၊ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မကြာခဏမြင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေးသမားတွေကို အကြံပြုချက်ဖြစ်တဲ့ The Prince ဆိုတဲ့ ဂန္တဝင်စာအုပ်မှာဆိုရင် Machiavelli ဟာ အင်အားသုံးပြီး အုပ်ချုပ်တဲ့ ခေါင်းဆောင်မှုရဲ့ အခွင့်အလမ်းတွေကို ထုတ်ပြထားတာ တွေ့ပါမယ်။ ကျွန်မတို့ အများစု အတွက်တော့ ဒီလိုအင်အားသုံးတဲ့ ခေါင်းဆောင်မှုမျိုးကို မကောင်းတဲ့ ခေါင်းဆောင်မှု၊ ဆိုးရွားတဲ့ခေါင်းဆောင်မှုလို့ အဓိပ္ပာယ်ဖွင့်ကြ မှာပါ။ ဒါပေမယ့် လောကရဲ့ သဘောသဘာဝနှစ်မျိုးစလုံးကို ရင်းနှီးနေပြီး၊ လူ့သဘောလူ့သဘာဝတွေနဲ့ ယဉ်ပါးနေသူတစ်ယောက်အ ဖို့ Machiavelli ရဲ့ အတွေးထဲမှာ ညံ့ဖျင်းဆိုးရွားတဲ့ ခေါင်းဆောင်မှုဆိုတာ အားနည်းချည့်နဲ့နေတဲ့ ခေါင်းဆောင်မှုကိုသာ ဆိုလိုတာပါပဲ။ သူ့ရဲ့အတွေးအခေါ်မှာဆိုရင် ခေါင်းဆောင်အချို့အဖို့ ပုဂ္ဂလအာဏာနဲ့ လူထုရဲ့ စည်းစနစ်ကျနမှုတွေကို ထူထောင်ဖို့အတွက် အင်အား သုံးဖို့ လိုအပ်တယ်ဆိုတဲ့ အကောက်အယူကို အခြေခံတာ ဖြစ်ပါတယ်။ ဒါကြောင့် Machiavelli အဖို့ အာဏာနဲ့ အချုပ်အခြာကို တင်း တင်းကျပ်ကျပ်အသုံးပြုတဲ့ လှည့်ဖျားကောက်ကျစ်တတ်တဲ့ ခေါင်းဆောင်တွေကို ကြည်ညိုရင်းစွဲ ရှိလာရတာပါ။ ဒါကြောင့် The Prince ထဲမှာ ရက်စက်ကြမ်းကြုတ်မှုကို အခြေအနေအချိန်အခါကိုလိုက်ပြီး ပါးပါးနပ်နပ် အသုံးပြုသင့်တယ်လို့ သွေးအေးအေးနဲ့ အကြံပေး ထားတာပါပဲ။ “ခေါင်းဆောင်သစ်အနေနဲ့ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်လိုက်နိုင်ပြီဆိုတာနဲ့၊ ဒီခေါင်းဆောင်သစ်ဟာ သူနှိမ်နင်းရမယ့် အ ပြစ်အနာအဆာတွေ အားလုံးကို အပြီးသတ်နှိမ်နင်းရမှာဖြစ်တယ်။ လက်နှေးနေလို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့အကြံဉာဏ်ကို နားယောင်မိ လို့ပဲဖြစ်ဖြစ် အမြစ်ပြတ်မချေမှုန်းနိုင်ခဲ့ဘူးဆိုရင် ဒီခေါင်းဆောင်ဟာ သူ့လက်ထဲမှာ ဓါးတစ်ချောင်း အမြဲဆောင်ထားရတော့မယ်။ သူ့ အောက်လက်ငယ်သားတွေကို ဘယ်တော့မှ စိတ်မချရတော့ဘူး။ တစ်ခါတည်း အမြစ်ပြတ် မရှင်းနိုင်ခဲ့တဲ့အတွက် အောက်လက်ငယ် သားတွေကို ထပ်ခါထပ်ခါ အကြမ်းဖက်နေရတယ်ဆိုရင် ဒီငယ်သားတွေဟာ သခင်အတွက် ဘယ်တော့မှ စိတ်ချရတဲ့သူတွေ ဖြစ်လာ မှာ မဟုတ်လို့ပဲ” လို့ သူကရေးထားပါတယ်။

Machiavelli လိုပဲ အမေရိကန်ပြည်ထောင်စုရဲ့ ထူထောင်သူတွေကလည်း ဆိုးရွားတဲ့ခေါင်းဆောင်မှုနဲ့ ပတ်သက်လာရင် သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေ ရှိထားပြီး ဒါနဲ့ပတ်သက်လို့ လေးလေးနက်နက် သုံးသပ်ခဲ့ကြပါတယ်။ တကယ်ဆို သူတို့ဟာ ခေါင်းဆောင်မှုကို လေ့ လာခဲ့သမျှ သမိုင်းတစ်လျှောက်လုံးမှာ အထူးချွန်ဆုံးသူတွေထဲက တစ်ချို့ပါ။ ဒါပေမယ့် ဆိုးရွားတဲ့ ခေါင်းဆောင်မှုအပေါ် သူတို့ရဲ့ တုံ့ ပြန်ပုံဟာလည်း The Prince ရဲ့ ဖန်တီးသူနဲ့ သိပ်ပြီးတော့ မကွာလှပါဘူး။ ခေါင်းဆောင်မှုဟာ အလွယ်တကူပဲ ယိုယွင်းလာနိုင်တယ်၊ မ ကြာခဏဆိုသလို ဆိုးဆိုးရွားရွား ပျက်ဆီးသွားတတ်တယ်ဆိုတာတွေကို သဘောပေါက်ထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ရေးသားရာမှာ နောက်လိုက်ပြည်သူတွေရဲ့ သဘောတူညီမှုကို ရယူခြင်းမရှိပဲ ခေါင်းဆောင်အနေနဲ့ ထင်တိုင်းကျဲတာမျိုး လုပ်လို့ မရအောင် အတော်ကြီးကို ကြိုးစားပြင်ဆင်ခဲ့တာကို တွေ့ရမှာပါ။ ဒါကိုကြည့်မယ်ဆိုရင် ဒီနေ့ခေတ် ခေါင်းဆောင်မှုပညာရှင်တွေက ခေါင်းဆောင်တွေကို ပိုပြီးထိရောက်မှုရှိလာအောင်ဆိုတဲ့အပိုင်းမှာ ပိုအာရုံစိုက်နေခဲ့ကြပေမယ့်၊ အမေရိကန်ရဲ့ တည်ထောင်သူတွေက တော့ ခေါင်းဆောင်တွေကို ချုပ်နှောင်ဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ပြီး၊ ခေါင်းဆောင်တွေဟာ သူ့စိတ်ကူးနဲ့သူ ထင်တိုင်းကျဲတာမျိုးကို လုပ်လို့မရပဲ၊ သူလုပ်ချင်တာလုပ်နိုင်ဖို့ ပူးပေါင်းပါဝင်လိုသူတွေကို စွဲဆောင်စုစည်းပြီးမှသာ လုပ်နိုင်အောင် ဥပဒေတွေကို စနစ်တကျ ပြဋ္ဌာန်းခဲ့ပါတယ်။

ဖဒရယ်လစ် စာတမ်းတွေကို ရေးသားသူတွေထဲမှာ ဥပမာအားဖြင့် Alexander Hamilton ဟာ အမေရိကန်လူမျိုးတွေ အကြီးအကျယ် ရုန်းကန်တော်လှန်ခဲ့တဲ့ ခါးသီးမုန်းတီးဖွယ်ရာ သက်ဦးဆံပိုင်စနစ်နဲ့ သူတို့အဆိုပြုထားတဲ့ သမ္မတစနစ်တို့အကြား မတူကွဲပြားချက် တွေကို လေ့လာမှုပြုထားချက်တွေကို စာတမ်းတစ်စောင်စာလုံး ရေးသားဖော်ပြခဲ့ပါတယ်။ ဂရိတ်ဗြိတိန်ရဲ့ဘုရင်ဟာ ကြောက်မက် ဖွယ်ကောင်းတဲ့ မျိုးရိုးစဉ်ဆက် ထီးမွေဆက်ခံတဲ့ ဘုရင်စနစ်ကို ကျင့်သုံးသူပါ။ အမေရိကန်မှာတော့ သမ္မတဟာ လေးနှစ်တစ်ကြိမ် ပြန် လည် ရွေးကောက်ခံရပါမယ်။ ဘုရင်ရာထူးဆိုတာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အလေးအမြတ်ပြုနေဖို့လိုပြီး၊ စိတ်နဲ့တောင်မကြံစည် အပ်တဲ့နေရာမျိုးပါ။ သမ္မတကိုတော့ တရားစွဲနိုင်တယ်၊ တရားရုံးမှာ စစ်ဆေးနိုင်တယ်၊ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရင် ပြည်သူက ရာ ထူးကနေတောင် ဖြုတ်ချပစ်နိုင်ပါတယ်။ အတိုချုံးပြောရရင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဆိုးရွားညံ့ဖျဉ်းတဲ့ ခေါင်းဆောင် မှုတွေ အမြစ်တွယ်လာစေမယ့် အခွင့်အလမ်းတွေ အားလုံးကို ကြိုတင်ပိတ်ဆို့ အမြစ်ဖြတ်ထားဖို့ ဖန်တီးထားတာပါပဲ။ အမေရိကန်နိုင် ငံကို ထူထောင်သူတွေရဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းဆိုတဲ့ အိုင်ဒီယာဟာ တကယ်လို့ သူတို့အဆိုပြုထားတဲ့ အစိုးရဟာ အာဏာ ချိန်ခွင်လျှာညီမျှမှုကနေ လွတ်ထွက်သွားရင် အာဏာကို အလွဲသုံးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီအချက်ကို ကျွန်မတို့ နားလည်ပြီးသားပါ။ ၂၀ ရာစုအတွင်းက စတာလင်၊ ဟစ်တလာ၊ ပိုပေါ့၊ အီဒီအာမင်၊ မော်စီတုံး၊ စလိုဘိုဘန် မီလိုဆဲလ်ဗစ်တို့လိုမျိုး အာဏာရှင်တွေကို မြင်ပြီးချိန်မှာ ဒါကို နားမလည်စရာ အကြောင်းမရှိပါဘူး။ ကွယ်လွန်သွားပြီဖြစ်တဲ့ ရှီကာဂို တက္ကသိုလ် နိုင်ငံရေးဒဿနိကဗေဒဌာန ပါမောက္ခ Leo Strauss ကတော့ သူ့ရဲ့ဂန္တဝင်မြောက်ကျမ်းဖြစ်တဲ့ On Tyranny ကျမ်းမှာ ၂၀ ရာစုအတွင်းက ကြောက်မက်ဖွယ် မင်းစိုးမင်းညစ်တွေအကြာင်းကို ရေးသားခဲ့ပါတယ်။ ဒီကျမ်းမှာ “အတိတ်သမိုင်းက အင်အားအကြီး ဆုံးဆိုတဲ့ တွေးခေါ်ပညာရှင်တွေကိုရဲ့ အခိုင်မာဆုံး စိတ်ကူးမျှော်မြင်မှုတွေကို ကျော်လွန်သာလွန်သည်အထိ” ဆိုးရွားရက်စက်ခဲ့တဲ့ အာဏာရှင်တွေအကြောင်းကို ဖော်ပြထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လက်မတင်လေး လွတ်မြောက်ခဲ့တဲ့ ပါမောက္ခ Strauss ဟာ ကျွန်မတို့ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေ မေ့လျော့နေပုံရတဲ့ အချက်တစ်ချက်ကို ထောက်ပြသွားပါတယ်။ အပြောင်းအလဲလွယ်တဲ့၊ သတ်လိုဖြတ်လိုစိတ် ပြင်းပြနေတဲ့၊ တင်တင်စီးစီးရှိတဲ့၊ အကျင့် ပျက်ခြစားနေတဲ့၊ ဆိုးရွားတဲ့ ခေါင်းဆောင်တွေဟာလည်းပဲ ထိရောက်အောင်မြင်တဲ့ စွမ်းဆောင်ရည်ရှိပြီး၊ နေရာတိုင်းမှာ ရှိနေတယ်ဆို တာပါ။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့ စာပေတွေမှာတော့ ခေါင်းဆောင်တွေက မင်းသားခေါင်းဆောင်းထား နိုင်တုန်းပါပဲ။

ဒါဆိုသီအိုရီတွေ ဘယ်မှာမှားသွားတာလဲ

အဲဒီတော့ Machiavelli ကနေ Hamilton အထိ ကျွန်မတို့ရဲ့ ခေါင်းဆောင်မှုက အံ့အားသင့်စရာ ကောင်းလောက်အောင် ဘယ်လိုများ ပြောင်းလဲသွားသလဲဆိုတာကို နားလည်ဖို့ဆိုတာက ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုဆိုတဲ့ စကားရပ်တွေဟာ နေ့တိုင်းကျွန်မတို့ သုံးစွဲ နေတဲ့ ဘာသာစကားတွေထဲမှာ ပင်ကိုယ်သဘောကိုယ်နှိုက်ကိုယ်က အပေါင်းလက္ခဏာဆောင်တဲ့ အရေအချင်းတွေ ဘယ်လိုရလာသ လဲ ဆိုတာကို နားလည်ဖို့ အရေးပါလာပါတယ်။ Lawrence Summers က ၂၀၀၁ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌရာထူးကို ရယူစဉ်မှာ ပြောခဲ့တဲ့ မိန့်ခွန်းရှိပါတယ်။ “ဒီရာစုသစ်မှာ အနာဂတ်ခေါင်းဆောင်တွေအတွက် ပညာရေးဆိုတာထက် ပိုအရေးအကြီးတဲ့ အကြောင်းအရာ မရှိတော့ပါဘူး”လို့ သူကပြောပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ ၂၀၀၂ ခုနှစ် ဩဂုတ်လထုတ် “တက္ကသိုလ်ရဲ့ တန် ဖိုးများအပေါ် ထုတ်ပြန်ေကြညာချက်”ဆိုတဲ့ ကြေညာချက်ထဲမှာ ဒီအကောင်းမြင်ဝါဒကိုပဲ ထင်ဟပ်စေတဲ့ စကားရပ်တွေကို ထည့်သွင်း ပေးခဲ့ပါတယ်။ “တက္ကသိုလ်ဟာ ကျောင်းသူ၊ ကျောင်းသားတစ်ဦးစီရဲ့ ဘဝတွေ၊ အလုပ်အကိုင်တွေနဲ့ ခေါင်းဆောင်မှုတွေအတွက် ပြင် ဆင်ပေးဖို့ ပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်”လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအခြေအနေ နှစ်ခုစလုံးကို ကြည့်ရင် ခေါင်းဆောင် နဲ့ ခေါင်းဆောင်ဆိုတဲ့ စကားရပ် ၂ ခုစလုံးဟာ Hamilton ရဲ့ အယူအဆဆီကို ကူးပြောင်းလာခဲ့ပြီဆိုတာ တွေ့နိုင်ပါတယ်။ ခေါင်းဆောင် ဆိုတာကို လူသားရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ တန်းတူသတ်မှတ်ရာမှာ ဟားဗတ်တက္ကသိုလ်တစ်ခုတည်း မဟုတ်ပါဘူး။ ယေးလ်ရဲ့ ဥက္ကဋ္ဌ Richard Levin ကလည်း တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်ဟာ “ေခါင်းဆောင်တွေကို ပညာသင်ကြားပေး”ရေးဟာ ဘုံဆိုင် ရာ ရည်မှန်းချက် ဖြစ်လာနေတယ်လို့ ဆိုထားပါတယ်။ ကျွန်မတို့ အရှေ့မှာ ပြောခဲ့တဲ့အတိုင်းပဲ၊ စီးပွားရေးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ရေးသားတဲ့ စာအုပ်တွေမှာ ခေါင်းဆောင်ဆိုတာကို ကောင်းမွန်တဲ့ ခေါင်းဆောင်မှုနဲ့ တန်းတူထားပြီး၊ ဒီလမ်းစဉ်ကိုပဲ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုစာအုပ်တွေကလည်း လိုက်နာလာကြပါတယ်။

ခေါင်းဆောင်မှုကို အပေါင်းလက္ခဏာဆောင်တဲ့ အမြင်နဲ့ပြောင်းလဲမြင်လာခြင်းရဲ့ အစပြုမှုကို နောက်ကြောင်းလိုက်ကြည့်ရင် James MacGregor Burns ရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ကြီးကြီးမားမား မြင်ရနိုင်ပါတယ်။ Franklin Delano Roosevelt ရဲ့ အထုပ္ပတ္တိကို ရေးသား သူဖြစ်ပြီး၊ Burns ဟာ ပူလစ်ဇာဆုရှင် သမိုင်းပညာရှင်ဖြစ်သလို၊ အပြစ်ပြောစရာမရှိတဲ့ ဂုဏ်သတင်းနဲ့ နိုင်ငံရေးသိပ္ပံပညာရှင်တစ် ယောက်လည်း ဖြစ်ပါတယ်။

၁၉၇၈ ခုနှစ်မှာ Burns ဟာ Leadership ဆိုတဲ့ကျမ်းကို ထုတ်ဝေပြီး၊ သူ့တစ်သက်တာ နိုင်ငံရေးအပေါ် လေ့လာမှုတွေကို အခြေခံပြီး၊ သူ့ဘာတွေ နားလည်ခဲ့သလဲဆိုတာတွေကို အသေးစိတ်ဝေဖန်ဆန်းစစ် အဆီအနှစ်ထုတ်ပြီး တင်ပြခဲ့ပါတယ်။ ဒီစာအုပ်ဟာ Burns ရဲ့ ကျော်ကြားမှုဆီကနေ အထောက်အပံ့ကောင်းရခဲ့သလို၊ ကျမ်းကိုယ်နှိုက်ကလည်း ခေါင်းဆောင်မှုပညာရပ်ကို သင်ကြားမှု၊ လေ့လာမှု တွေ အရှိန်အဟုန်နဲ့ တိုးတက်လာချိန် မတိုင်မီလေးတွင်မှာ အချိန်ကိုက်ပေါ်ထွက်လာခဲ့တာမို့ ပိုပြီးအောင်မြင်မှု ရခဲ့ပါတယ်။ ဒီကျမ်းမှာ ဆိုရင် Burns ဟာဆိုရင် စကားရပ်ရဲ့ ဖွင့်ဆိုချက်ကိုယ်နှိုက်ကိုယ်က နောက်လိုက်တွေရဲ့ စေ့ဆော်မှုတွေနဲ့ ရည်ရွယ်ချက်တွေကို ထည့် သွင်းစဉ်းစားတတ်တဲ့ ခေါင်းဆောင်တွေနဲ့ “အာဏာကို ကိုင်စွဲသူတွေ”လို့ သူကတံဆိပ်ကပ်ပေးထားတဲ့ လူမျိုးတွေကို ခွဲခြားပြထားပါ တယ်။ Burns ရဲ့ အနေအထားက အလျော့အတင်း မရှိတဲ့ ပုံစံပါ။ အာဏာကို ကိုင်စွဲသူတွေက လူတွေကို အရာဝတ္ထုတွေအဖြစ် မြင် တတ်ပြီး၊ ခေါင်းဆောင်တွေကတော့ ဒီလိုမစဉ်းစားပါဘူး။ Burns ရဲ့ ခေါင်းဆောင်မှုအပေါ် အဓိပ္ပာယ်ဖွင့်ချက်ဟာ နယ်ပယ်တစ်ခုကို အုပ်စီးမိဖို့ဆိုတာကိုပဲ ဆက်လက်ထောက်ခံထားပါတယ်။ ဥပမာအားဖြင့် Warren Bennis အနေနဲ့ သူ့ရဲ့ လူကြိုက်များတဲ့ စာအုပ်ဖြစ်တဲ့ “On Becoming a Leader” စာအုပ်ကို ပထမဦးဆုံးအကြိမ် ၁၉၈၉ ခုနှစ်မှာ ထုတ်ဝေခဲ့တုန်းက အခြေအနေကိုပဲ ၂၀၀၃ ခုနှစ်မှာ ပြန်ပြီး ထူထောင်ခဲ့ပါတယ်။ “ခေါင်းဆောင်တွေဟာ ခေါင်းဆောင်နဲ့ လက်အောက်ငယ်သားအကြား အပြန်အလှန် မျှဝေထားတဲ့ ရည်မှန်းချက် တွေရှိပြီး၊ ကွဲပြားခြားနားတဲ့ စေ့ဆော်မှုတွေကို ပိုင်ဆိုင်ထားသလို၊ လိုက်လျောညီထွေဖြစ်အောင် နေနိုင်စွမ်းရှိပြီး၊ တည်ကြည်မှုသမာဓိ လည်း ရှိတဲ့သူတွေပါ”လို့ Bennis က ဆိုပါတယ်။ တခြားတစ်ဘက်က ပြောရရင်၊ Bennis နဲ့ Burns နှစ်ယောက်စလုံးအပြင် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလိုလိုဟာ ခေါင်းဆောင်ဆိုတာဟာ စေတနာရှိတဲ့၊ စိတ်ကောင်းရှိတဲ့ လူမျိုးလို့ သူတို့က အဓိပ္ပာယ်ဖွင့် ထားကြပါတယ်။

Burns ရဲ့ စာအုပ်ထွက်လာပြီး သိပ်မကြာခင်မှာပဲ၊ ခေါင်းဆောင်မှုဆိုင်ရာ သီအိုရီတွေကို လေ့လာကြတဲ့ အဖွဲ့တစ်ဖွဲ့ ထပ်ပြီးပေါ်လာ ပါတယ်။ ဟားဗက်စီးပွားရေးတက္ကသိုလ်က စိတ်ပိုင်းဆိုင်ရာ စိစစ်ဝေဖန်ကုသမှု ပညာရပ်ဆိုင်ရာ မဟာဌာနက Abraham Zaleznik က ဦးဆောင်တဲ့အဖွဲ့ပါ။ ဒီအဖွဲ့ဟာ ခေါင်းဆောင်နဲ့ မန်နေဂျာဆိုတဲ့ စကားရပ်တွေအကြား သိသာတဲ့ ကွဲပြားမှုတွေကို စတင်ချမှတ်ပါ တယ်။ ဒီလိုချမှတ်ရာမှာ ခေါင်းဆောင်ဆိုတာ အများက အတုယူရတဲ့၊ ပြင်းပြတဲ့ ရည်မှန်းချက်မျိုး ရှိသူဖြစ်ပြီး၊ မန်နေဂျာတွေကတော့ အုပ်ချုပ်မှုလို ပျင်းရိစရာကောင်းတဲ့ အလုပ်တွေ၊ အဖွဲ့အစည်းရဲ့ စည်းကမ်းပိုင်းထိန်းသိမ်းရတာတွေ လုပ်ရသူတွေလို့ ဆိုပါတယ်။ ဒါ ပေမယ့် ခေါင်းဆောင်တွေကို ဒီလိုမျိုး ဟီးရိုးဆန်ဆန် သတ်မှတ်ထားမှုက၊ ခေါင်းဆောင်မှုကို လေ့လာတဲ့ သီအိုရီသမားတွေအနေနဲ့ သူတို့စိတ်မှာ ခေါင်းဆောင်မှုနဲ့ မွန်မြတ်ကောင်းမွန်ခြင်းတွေကို ပိုပြီးဗလုံးဗထွေး နားလည်သွားစေပါတယ်။

ဒီလိုအိုင်ဒီယာအသစ်ပေါ်မှာ စီးပွားရေးဂရုကြီးတွေအနေနဲ့ စျေးကွက်က တွန်းအားတွေက တုံ့ပြန်သလိုပဲ တထေရာတည်းလိုက် တုံ့ ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၅ နှစ်ကျော်ကာလဟာ အမေရိကန်ကော်ပိုရေးရှင်းတွေရဲ့ လိုအပ်ချက်ကြောင့် ခေါင်းဆောင်မှုနယ်ပယ်ဟာ ပို ပြီးဖွံ့ဖြိုးလာရပါတယ်။ ၁၉၇၀ ခုနှစ်တွေ အလယ်ပိုင်းက ပြဿနာတွေဟာ ဒီအချက်ကို ဖြစ်လာစေတာပါ။ ၁၉၈၃ ခုနှစ်မှာ ထုတ်ဝေခဲ့ တဲ့ The Change Masters ရဲ့ စာရေးသူ Rosabeth Moss Kanter က ရေးခဲ့သလို၊ “အမေရိကန် ကုမ္ပဏီကြီးတွေဟာ မကြာသေးခင်ကာ လအထိကိုပဲ သူတို့လုပ်ဆောင်နေတဲ့ နယ်ပယ်တွေမှာ သူတို့ထိန်းချုပ်မှုရထားတယ်လို့ ထင်မှတ်နေကြပါတယ်။ အခုအခါမှာတော့ ဒီ နယ်ပယ်တွေဟာ သူတို့အတွက် ပိုကြောက်စရာကောင်းတဲ့ နယ်ပယ်တွေ ဖြစ်လာနေပါပြီ။ ရေနံလုပ်ငန်းမှာ ကြည့်ရင် OPEC၊ (ဂျပန် ကြောင့် အဓိကဖြစ်ရတဲ့) နိုင်ငံခြားပြိုင်ဆိုင်မှု၊ ငွေကြေးဖောင်းပွမှုနဲ့၊ စည်းမျဉ်းစည်းကမ်းတွေက ကော်ပိုရိတ်လုပ်ငန်းတွေမှာရှိတဲ့ အဆင်ပြေချောမွေ့မှုတွေကို အနှောက်အယှက်ပေးနေပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာလာအောင် ခြိမ်းခြောက်လာနိုင်နေပါတယ်။” လို့ ရေးထားပါတယ်။ ဒီလိုပြဿနာတွေ ကြီးလာတာကို ဖြေရှင်းဖို့ အမေရိကန်ကုမ္ပဏီတွေဟာ စီးပွားရေးတက္ကသိုလ်တွေကို ဘာမှား သွားတယ်ဆိုတာကို ရှာဖွေနိုင်ဖို့ ထိရောက်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။ ဒီအချိန်ဟာ ခေါင်းဆောင်မှုနယ်ပယ်မှာ ဝင်ေငွတွေ စ တင်စီးဆင်းလာတဲ့ အချိန်ပါပဲ။ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ Konosuke Matsushita Professor of Leadership ဆိုပြီး ခေါင်း ဆောင်မှုဆိုင်ရာ လေ့လာမှုဥက္ကဋ္ဌနေရာအတွက် ၁၉၈၂ ခုနှစ်မှာ ရံပုံငွေတွေစရလာပြီး၊ ဒီလိုရာထူးတွေ၊ အဖွဲ့အစည်းတွေကိုလည်း ကိုလံဘီယာနဲ့ မစ်ချီဂန်တက္ကသိုလ်တွေအပါအဝင် အမေရိကန်တက္ကသိုလ်အတော်များများမှာ အခုဆိုရင် လုပ်ဆောင်နေပြီ ဖြစ်ပါ တယ်။

တကယ်တော့ ဒီနေ့ခေတ် ခေါင်းဆောင်မှုနယ်ပယ်ဟာ အမေရိကန်ရဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ အမေရိကန်တွေက အမေရိကန်မြေပေါ် မှာ အမေရိကန်မျိုးရင်း အပင်ကို စိုက်ပျိုးခဲ့ပြီး၊ အမေရိကန်ရဲ့ ပညာရှင်တွေ၊ အကြံပေးတွေက ရိတ်သိမ်းခဲ့ရတဲ့ သီးနှံဖြစ်သလို၊ ခေါင်း ဆောင်တွေကို ကျွန်မတို့ ဘယ်လိုနားလည်သလဲဆိုတာအပေါ် လေးနက်တဲ့ လက်တွေ့အသုံးချပုံတွေလည်း ဖြစ်ခဲ့ပါတယ်။ တစ်ခုရှိတာ က ခေါင်းဆောင်တွေအပေါ် လက်ရှိအမြင်ဟာ၊ အမေရိကန်အမျိုးသားရေး စရိုက်လက္ခဏာတွေထဲက ရှုထောင့်အမြင်တွေကိုအပေါ်မှာ ယူထားတာပါ။ အဓိကပြောရရင်၊ ကျွန်မတို့ရဲ့ အမျိုးသားရေးဝိဉာဉ်ဖြစ်တဲ့ အပေါင်းလက္ခဏာဆောင် အတွေးအခေါ်ဟာ ကျွန်မတို့ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အတွေးအခေါ်တွေထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ နောက်အဲဒီလို ဝင်ရောက်လာတဲ့ အချက်တစ်ချက် က မိမိကိုယ်မိမိ ဖွံ့ဖြိုးတိုးတက်စေခြင်းဆိုတဲ့ အမြင်ပါ။ ချွင်းချက်ရယ်လို့ မရှိပဲ၊ အမေရိကရဲ့ လူကြိုက်အများဆုံးခေါင်းဆောင်တွေဟာ ဒီကိစ္စဟာ တကယ်ဖြစ်လာနိုင်တယ်လို့ ယူဆလာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၀ သမ္မတရွေးကောက်ပွဲ စကားစစ် ထိုးမှုတွေထဲက တစ်ခုမှာဆိုရင် ရော်နယ်ရီဂင်က ပြောသွားတာ ရှိပါတယ်။ သောမတ်ပိန်းတို့၊ ဂျွန်ဝင်းသရုတ်ပ်တို့ကို ရည်ရွယ်ပြီး၊ “ကျွန်တော်ထင်တာကတော့၊ ကျွန်တော်တို့ အားလုံးအတူတွဲပြီး ကမ္ဘာကြီးကို အစကပြန်စနိုင်ကြမယ်၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို အ ရောက်လှမ်းကြမယ်။ ကျွန်တော်တို့ ဒီနေရာမှာတင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို တည်ဆောက်ယူပြီး လူသားတွေ အားလုံးအတွက် တောင်ကုန်းပေါ်က သာယာတောက်ပတဲ့ မြို့တော်အဖြစ် ရပ်တည်သွားနိုင်အောင် တည်ဆောက်ယူကြပါမယ်”လို့ သူက ဆိုပါတယ်။

ဆိုးရွားတဲ့ခေါင်းဆောင်တွေဆီက ကျွန်မတို့ဘာတွေ ပြန်သင်ယူနိုင်မလဲ

ရော်နယ်ရီဂင်ဟာ အပြုသဘောဆောင်တဲ့ဘက်ကကြည့်ရင် တကယ့်ကို အားကျစရာ ခေါင်းဆောင်ပါ။ သူ့ရဲ့သမ္မတသက်တမ်းမှာ လုပ် ဆောင်ခဲ့တာတွေက ထိရောက်ပြီး၊ ခေါင်းဆောင်ဆိုတာ ဘယ်လိုလူမျိုး၊ ဒီလူတွေက ဘာတွေလုပ်နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ရိုး ရှင်းတဲ့ အိုင်ဒီယာတွေကို ကျွန်မတို့ကို ဦးဆောင်လမ်းပြပေးပါတယ်။ ရီဂင်ကိုယ်နှိုက်က ကျွန်မတို့ကို ခေါင်းဆောင်ဆိုတာ ဘယ်လိုဆို တာနဲ့ ပတ်သက်လို့ ဥပမာကောင်းတွေ အများကြီး ပြပေးခဲ့ပါတယ်။ အတ္ထုပ္ပတ္တိဆရာ Lou Cannon ကတော့ “သမ္မတဟာ အမေရိကန် လူမည်းများကောင်စီနဲ့ မကြာခဏပြဿနာတက်လေ့ရှိတယ်။ သမ္မတက ကောင်စီကို စော်စော်ကားကား လုပ်မိတဲ့အခါမျိုးမှာ သူကိုယ့် သူ အဲဒီလိုလုပ်မိမှန်း သတိမထားမိတာမျိုး မကြာခဏဖြစ်တတ်တယ်လေ။”လို့ ရေးခဲ့ပါတယ်။

လူတွေက အောင်မြင်သူတွေဆီကနေ သင်ခန်းစာတွေကို အလွယ်တကူ လက်ခံတတ်ပါတယ်။ ဒါပေမယ့် ကျရှုံးသွားတဲ့ ခေါင်းဆောင် တွေကနေ သင်ခန်းစာယူတတ်ဖို့တော့ မေ့လျော့နေတတ်ပါတယ်။ ခေါင်းဆောင်အချို့အဖို့ တစ်ဘက်မှာ မကောင်းတာတွေ ဖြစ်ခဲ့ပေ မယ့် အံ့အားသင့်စရာ အောင်မြင်မှုတွေကိုလည်း လုပ်ပြခဲ့တာတွေ ရှိပါတယ်။ ဥပမာ၊ ရစ်ချက်နစ်စင်ဆိုရင် ဝါးတားဂိတ်ပြဿနာအပြီး မှာ လူတွေက အာဏာရူးတစ်ယောက်အြဖစ် မြင်ခဲ့ကြပေမယ့်၊ ရန်သူအပေါ် အစိုးရိမ်လွန်တတ်တယ်ဆိုတဲ့ သူ့ရဲ့နာမည်ကျော် မ ကောင်းသတင်းကို ကျော်လွှားပြီး၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးထူထောင်ခဲ့တာကိုတော့ တော်တော်များများက မမြင်နိုင်ဘူး ဖြစ်နေပါ တယ်။ သံသယများလွန်း၊ အစွဲအလမ်းကြီးလွန်းတဲ့ နစ်စင်ဟာ ကွန်မြူနစ်ဝါဒကို အလျော့ပေးပေါင်းသင်းလိမ့်မယ်လို့ ဘယ်သူမှ မထင် ထားပါဘူး။ ဆိုးရွားသည့် ခေါင်းဆောင် ဖြစ်လင့်ကစား ကျွန်မတို့ကို လူတွေကို ဘယ်လိုဦးဆောင်ရမယ်ဆိုတာ သင်ပေးနိုင်ပါတယ်။ ဥပမာ ဟစ်တလာဟာ လူထုဆက်ဆံရေးကို လိုသလိုပုံဖော်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။

အဲဒီလိုပဲ ကျွန်မတို့ဟာ ဆိုးရွားတဲ့ စီးပွားရေးနယ်ပယ်က ခေါင်းဆောင်တွေဆီကနေ သင်ယူနိုင်တာအများအပြား ရှိနေပြီး၊ သူတို့ရဲ့ ဥပ ဒေကို ချိုးဖောက်မှုတွေကနေတောင်မှပဲ သင်ခန်းစာတွေ ယူနိုင်ကြပါတယ်။ New York Times သတင်းစာကြီးရဲ့ အမှုဆောင်အယ်ဒီတာ ဟောင်းဖြစ်တဲ့ Howell Raines ကို နမူနာယူကြည့်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၃၊ ၄ နှစ်အတွင်းမှာ ဘယ်ခေါင်းဆောင်ကမှ Raines လောက် မြန်မြန်ဆန်ဆန် အမြင့်က ပြုတ်ကျလာတာမျိုး မရှိပါဘူး။ ရာထူးကိုယူပြီးလို့ ၂၁ လပဲ ကြာသေးတဲ့ အတင်းနှုတ်ထွက်ခိုင်းခံရတဲ့ အဖြစ် မျိုးနဲ့ ကြုံခဲ့ရသူပါ။ လူသိများတဲ့ လေ့လာဆန်းစစ်မှုအရ၊ Raines ရဲ့ အုပ်ချုပ်မှုအောက်မှာတင် သတင်းထောက် တစ်ယောက်ဖြစ်တဲ့ Jayson Blair ဟာ ဘောင်ကျော်ပြီးလုပ်တဲ့ ကိစ္စတွေ အတော်များများ လုပ်ခဲ့တယ်လို့ ကိုယ်တိုင်ဝန်ခံခဲ့တဲ့ အဖြစ်ကနေ စပြီးတော့ Raines တစ်ယောက် အကျပိုင်းရောက်လာရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ Raines ကသာ မာနကြီးတဲ့သူ၊ တင်စီးတဲ့သူ၊ စာနာစိတ် ကင်းတဲ့သူလို့ နာမည်ဆိုးထွက်မနေရင် သူ့ပြဿနာတွေကို ကျော်လွှားနိုင်ခဲ့ကောင်းပါတယ်။ Raines လက်အောက်မှာ အလုပ်လုပ်ဖူး တဲ့သူတိုင်း သူ့ကိုမုန်းပါတယ်။ တစ်ချို့ကို ခေါင်းဆောင်ဆိုးလို့တောင် သမုတ်ခဲ့ကြတာပါ။

Raines တစ်ယောက် ဘာတွေမှားသွားတယ်ဆိုတာကို အသေးစိတ်လေ့လာပြီးတဲ့နောက် သူဘာတွေ ကောင်းတာ လုပ်ခဲ့သလဲဆိုပြီး မေးခွန်းထုတ်တဲ့သူက လူနည်းစုပဲ ရှိပါတယ်။ ကျွန်မတို့ ကျိန်းသေပေါက် ပြောနိုင်တာက Howell Raines ဟာ အရေအချင်းမရှိပဲနဲ့ တော့ အမေရိကန်ဂျာနယ်လစ်ဇင်လောကရဲ့ အဖိုးအတန်ဆုံး ရာထူးတွေထဲက တစ်ခုကို ဆက်ခံနိုင်တဲ့သူ ဖြစ်လာမှာ မဟုတ်ပါဘူး ဆို တာပါပဲ။ Raines ဟာ သတင်းလောကမှာ အင်မတန်မှ ပါရမီရှိသူဖြစ်ပါတယ်။ သူ့မှာအတွေ့အကြုံရော၊ ကျွမ်းကျင်မှုပါရှိပြီး၊ ပူလစ်ဇာ ဆုရှင်ပါ။ အောင်မြင်တဲ့ သတင်းတွေ အများကြီး ဖန်တီးခဲ့ဖူးပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ် သက်လို့ သူ့ရဲ့ကြီးကြပ်မှုအောက်ကနေ သတင်းဖော်ပြမှုတွေဟာ အရေအသွေးကောင်းလွန်းတာမို့၊ မကြုံစဖူးအနေနဲ့ New York Times ဟာ ပူလစ်ဇာဆု ၇ ဆုတောင်မှ ရခဲ့ပါတယ်။

တကယ်လို့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အားလုံးက သွေးအေးသွားပြီး ခံစားချက်ထက် အချက်အလက်ကို ပိုဦးစားပေးလာကြရင် ကျွန်မ တို့ဟာ Howell Raines ရဲ့ ကျရှုံးမှုကနေ သင်ခန်းစာတစ်ခုခု ယူနိုင်စရာ ရှိလာပါလိမ့်မယ်။ Raines ဟာ တကယ့်ပါရမီရှင်ပါ။ တကယ် ကောင်းတဲ့ သတင်းရေးသားသူ၊ ထူးချွန်တဲ့ အယ်ဒီတာ၊ ပြိုင်ဘက်ကင်းတဲ့ သတင်းအမြင်ရှိသူ၊ သတင်းကြီးတွေ ဖြစ်လာရင် ဘယ်လိုလူ ထုကို တင်ပြရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့သူ ဖြစ်ပါတယ်။ ခေါင်းဆောင်မှုရဲ့ ရှုထောင့်တစ်ခုကို နားလည်မှုလွဲတာ၊ ကျွမ်းကျင် မှုမရှိတာက သူ့ရဲ့အမှားလို့ ပြောနိုင်ပါတယ်။ နည်းပညာကျွမ်းကျင်မှုနဲ့ မျှော်မှန်းချက် ကြီးကြီးထားမှုတွေအတွက်ကိုချည်းပဲ ဆုလဒ် အဖြစ် သတ်မှတ်တာက စီမံအုပ်ချုပ်ရေးကို ယိုယွင်းစေပြီး၊ အဖွဲ့အစည်းအတွင်းမှာ အပြန်အလှန်ထိန်းကျောင်းမှု အားနည်းသွားတတ် ပါတယ်။

ကျွန်မတို့အနေနဲ့ သင်ခန်းစာယူလို့ရနိုင်မယ့် ကျရှုံးသူခေါင်းဆောင်ဆိုလို့ Raines တစ်ယောက်တည်း ရှိတာတော့ မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ် ဇွန်လ ၄ ရက်မှာ မက်ဟန်တန်ခရိုင် အစိုးရရှေ့နေ့ချုပ် Robert Morgenthau ဟာTyco ရဲ့ CEO ေဟာင်းဖြစ်သူ Dennis Kozlowski ကို အနုပညာပစ္စည်းတွေ ဝယ်ယူမှုအတွက် ပေးဆောင်ရမယ့် အခွန်ငွေ ဒေါ်လာ ၁ သန်းကို ရှောင်တိမ်းမှုအတွက် တရားစွဲလိုက်ပါ တယ်။ Kozlowski ဟာ အခွန်ရှောင်သူတစ်ယောက် ဖြစ်ဖို့ဆိုတာ ယုံဖို့ခက်ခက်ပါပဲ။ ၁၉၉၉ ခုနှစ်မှာ သူရတဲ့ လစာဟာ ဒေါ်လာ သန်း ၁၇၀ နီးပါးရှိပါတယ်။ ဒါပေမယ့် အရမ်းကိုအောင်မြင်နေတဲ့ ကော်ပိုရိတ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ Kozlowski ဟာ မဖြစ်စ လောက် ငွေကလေးနဲ့ ထင်မထားတဲ့အရာကို လုပ်ခဲ့တာပါ။

အဓိကပြဿနာက သူ့ရဲ့ မဟားတရား ဖြုန်းတီးမှုပါပဲ။ ရေချိုးခန်းထဲသုံးတဲ့ shower curtain အတွက် ဒေါ်လာ ၆၀၀၀၊ ခရီးသွားရင် သုံးတဲ့ အိမ်သာအတွက် ဒေါ်လာ ၁၇၀၀၀၊ ဧည့်တွေ့ချိန် မှတ်တမ်းစာအုပ်အတွက် ဒေါ်လာ ၁၆၅၀၊ ခွေးပုံစံ လုပ်ထားတဲ့ ထီးတင်တဲ့စင် အတွက် ဒေါ်လာ ၁၅၀၀၀ အသုံးပြုတယ်ဆိုတာ ဖြုန်းတီးမှုပါပဲ။ ဒါပေမယ့် ဒါဟာ အောင်မြင်သူတစ်ယောက်ရဲ့ တစ်ဘက်ခြမ်းပဲ ရှိပါ သေးတယ်။ ဒေါ်လာသန်းချီ ကုန်ကျတဲ့ မွေးနေ့ပွဲတွေကို သူ့ဇနီးအတွက် ကုမ္ပဏီရဲ့ ပိုက်ဆံတွေထဲကနေ ကျင်းပပေးနေတယ်ဆိုပေမယ့် လို့ တစ်ချိန်တည်းမှာပဲ၊ Kozlowski ဟာ အင်မတန် ထူးချွန်တဲ့ CEO ဖြစ်ပြီး၊ တစ်ချိန်ကဆို စီးပွားရေးနယ်ပယ်က လူတွေက သူ့ကို ဒုတိ ယ Jack Welch လို့တောင် သတ်မှတ်ခဲ့ကြတာပါ။ Tyco အနေနဲ့ စီးပွားရေးလုပ်ငန်းအသစ်တွေမှာ ဒေါ်လာ ဘီလျံ ၅၀ လောက်ကို ၁၉၉၂ ခုနှစ်ကတည်းက စတင်ရင်းနှီးမြှုပ်နှံတဲ့ မျှော်မှန်းချက် အရမ်းကြီးတဲ့ ကမ်ပိန်းတွေမှာ Kozlowski က ဦးဆောင်ခဲဲ့ရပါတယ်။ Kozlowski အနေနဲ့ ကုမ္ပဏီတွေကို ဝယ်ယူရာမှာ အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တဲ့အတွက် စီးပွားရေးမဂ္ဂဇင်းကြီးတွေရဲ့ မျက်နှာဖုံး တွေမှာ ဖော်ပြခံခဲ့ရပြီး၊ တိုက်လိုခိုက်လိုစိတ် အပြင်းပျဆုံး CEO အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Raines မှာလိုပဲ Kozlowski ဟာလည်း အားသားချက်နဲ့ အားနည်းချက်တွေက ခွဲမရအောင် ချိတ်ဆက်နေပါတယ်။ ရည်မှန်းချက်မြင့် မားတဲ့ စိတ်ထားတဲ့ ခေါင်းဆောင်တွေအတိုင်းပဲ Kozlowski ဟာလည်း စွန့်စားမှုကြီးကြီးမားမားတွေ လုပ်ရာမှာ နည်းနည်းမှ မ ကြောက်ပဲ၊ ကုမ္ပဏီတွေကို ရဲရဲထက်ထက် ဝယ်ယူတတ်တဲ့ သူ့ရဲ့နည်းဗျူဟာဟာဆိုရင် မဟာဗျူဟာအရ အောင်မြင်မှုတွေ ရတတ်တဲ့ အချက်ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ဒီလိုစွန့်စားမှုကြီးကြီး လုပ်တတ်တဲ့ စရိုက်က သူ့ရဲ့ပုဂ္ဂလဘဝကိုပါ ရိုက်ခတ်လာပြီး နောက်ဆုံး အလုပ်အကိုင်ကိုပါ ထိခိုက်လာတဲ့အထိ ဖြစ်လာပါတယ်။ တကယ်လို့သာ ဆိုးရွားတဲ့စရိုက်ဖြစ်တဲ့ စွန့်စားမှုတွေကို သဘော ကျတတ်တဲ့ စရိုက်မျိုးမရှိရင် ခေါင်းဆောင်မှုမှာ အောင်မြင်မှုတွေကို Kozlowski တစ်ယောက် ရနိုင်ပါ့မလား။ ကျွန်မကတော့ မဖြစ်နိုင် ဘူးလို့ ထင်တယ်၊ ခေါင်းဆောင်တော်တော်များများမှာ ကောင်းတာရော၊ ဆိုးတာရော ရှိနေတာပါပဲ။ ခေါင်းဆောင်အနေနဲ့ ကိုယ့်မ ကောင်းတဲ့ အချက်က ခေါင်းထောင်လာတဲ့အချိန်ကို သတိမမူမိဘူးဆိုရင် ဒါကိုအတားအဆီးမလုပ်နိုင်ပဲ ကျရှုံးရတော့တာပါပဲ။ ဒီမှာ ပြဿနာက ခေါင်းဆောင်တွေမှာ အားနည်းတဲ့အပိုင်း၊ ညံ့ဖျင်းတဲ့အပိုင်းတွေ ရှိနေတာ မဟုတ်ပါဘူး။ လူတိုင်းမှာ ဒါမျိုးရှိပါတယ်။ ပြ ဿနာအစစ်က မရှိချင်ယောင်ဆောင်နေတဲ့ ပြဿနာပါ။

♦♦♦

ပညာရှင်တွေကတော့ ခေါင်းဆောင်မှုဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ အယူအဆမဟုတ်ဘူးဆိုတာကို ကျွန်မတို့ကို သတိပေးနေပါတယ်။ ခေါင်းဆောင်တွေဟာ တကယ်တော့ သူလိုငါလိုပဲ၊ ယုံကြည်ရတယ်၊ လှည့်ဖျားတတ်တယ်၊ ရဲရင့်တယ်၊ ကြောက်တတ်တယ်၊ ရက်ရော တတ်တယ်၊ လောဘကြီးတယ်။ ခေါင်းဆောင်ကောင်းမှန်သမျှဟာ လူကောင်းတွေချည်းပဲ ဖြစ်ရမယ်လို့ ယူဆထားတာဟာ လူသားသ ဘာဝရဲ့ အမှန်တရားကို မျက်ကွယ်ပြုထားတာနဲ့ တူတူပါပဲ။ ထိရောက်တဲ့ ခေါင်းဆောင်မှုဖြစ်လာဖို့ နယ်ပယ်ကို ကိုယ့်ဖာသာကိုယ် ချုံ့ ယူပစ်လိုက်တာနဲ့ အတူတူပါပဲ။ ပိုဆိုးတာက ခေါင်းဆောင်ဖြစ်သွားပြီဆိုတာနဲ့ ခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့၊ ယုံကြည်အား ကိုးထိုက်သူတွေ၊ ရဲရင့်သူတွေ၊ ရက်ရောတတ်သူတွေ ဖြစ်ဖို့လိုပြီး၊ လှည့်ဖျားမှုမရှိရဘူး၊ သူရဲဘောမကြောင်ရဘူး၊ လောဘမကြီးရဘူး လို့ တွေးနေမိအောင် တွန်းပို့နေတာပါ။ ဒီလိုအတွေးရှိတာက ပြဿနာကို ဖိတ်ခေါ်နေတာပါပဲ။ ကျွန်မတို့အနေနဲ့ ကျွန်မတို့ကိုယ်ပိုင် ကျ ရှုံးမှုတွေကို အသိအမှတ်ပြုရင်း၊ စီမံခန့်ခွဲမှုတွေ လုပ်ရင်းကနေ အောင်မြင်မှုတွေကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအလိုက်ရော၊ အ ဖွဲ့အစည်းအလိုက်ပါ အောင်မြင်အောင် ရယူနိုင်တယ်ဆိုတာကို အသိအမှတ်ပြုကြဖို့ လိုပါတယ်။ ဒါမှသာ ခေါင်းဆောင်မှုကို နားလည် ဖို့ မေးခွန်းတွေ ထုတ်ရာမှာ ဘာလို့ခေါင်းဆောင်တွေဟာ ဆိုးရွားစွာပြုမူဆောင်ရွက်ကြတာလဲ၊ ခေါင်းဆောင်ဆိုးတွေကို ဘာလို့ နောက်လိုက်တွေက ထောက်ခံနေတာလဲ၊ ဆိုးရွားတဲ့ခေါင်းဆောင်မှုကို နှေးကွေးသွားအောင်၊ ရပ်တန့်သွားအောင် ဘယ်လိုလုပ်မလဲဆို တဲ့ မေးခွန်းတွေကို စတင်မေးခွန်းထုတ်နိုင်လာမှာ ဖြစ်ပါတယ်။

Giacomo

13. Dec. 2015

[အရင်က မဂ္ဂဇင်းတစ်ခုခုကို ပို့မယ်လို့ စဉ်းစားထားပြီးမှ မပို့ဖြစ်သေးပဲ ကျန်နေသေးတဲ့ စာမူတစ်ပုဒ်ပါ။ အခုရက်ပိုင်း အိမ်မှာအားနေလို့ ကွန်ပျူတာကို ရှင်းတော့မှ ပြန်ထွက်လာတဲ့ ဆောင်းပါးဖြစ်ပါတယ်။]

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s