ခေါင်းဆောင်မှုပိုင်း အကွဲအပြားများကြားမှ အပြန်အလှန်ယုံကြည်မှု၏ အခန်းကဏ္ဍ

ယခုဆောင်းပါးဟာ HBR case study ဖြစ်ပါတယ်။ HBR Case တွေဟာ fictional ပါ။ စီးပွားရေးစီမံခန့်ခွဲမှုတွေမှာ ကြုံရတတ်တဲ့ အကျပ်အတည်း (dilemmas) တွေကို နမူနာယူ တည်ဆောက်ထားပြီး ကျွမ်းကျင်သူတွေအနေနဲ့ အဖြေတွေ၊ ခန့်မှန်းချက်တွေ ဖော်ထုတ်နိုင်ဖို့ လုံလောက်တဲ့ အချက်အလက်တွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။

♦♦♦

ကျွန်တော်တို့ ဒီတစ်ခေါက်မှာတော့ နမူနာဖြစ်စဉ်လေးတစ်ခုကို အရင်ဆုံးပြောပြပါမယ်။ ပြီးတော့မှ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စီးပွား ရေးနယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်တွေကို ပြန်လည်တင်ပြပါမယ်။

♦♦♦

Ed Davidson က Davos ကို ရောက်နေတယ်။ အဲဒီမှာတင် သူ့ CEO က သူ့ကို ဥက္ကဋ္ဌရာထူးအတွက် အမည်မတင်သွင်းပေးဘူးဆိုတာကို သိလိုက်ရတယ်။ ဒါပေမယ့် Ed ရဲ့လက်ထဲမှာက CEO ရဲ့ ဂုဏ်သတင်းကို မှေးမှိန်သွားအောင် လုပ်နိုင်တဲ့ မသမာတဲ့ လျှို့ဝှက်ချက်က လည်း ကိုင်ထားတယ်။ ဆိုတော့ သူ့အလုပ်အတွက် ဒီအချက်ကို အသုံးချလိုက်သင့်သလား။ ဒါကဒီနမူနာဖြစ်စဉ်အတွက် မေးခွန်းပေါ့လေ။

ကဲ… ဖြစ်စဉ်အသေးစိတ်ကို ကြည့်လိုက်ရအောင်။

♦♦♦

ဇူးရစ်လေဆိပ်ကို ရောက်တဲ့အချိန်မှာ မှေးခနဲအိပ်ပျော်နေရာကနေ Ed Davidson နိုးလာတယ်။ လုံခြုံရေး checkpoint ကိုရောက်တော့ limousine driver က သူ့ကိုစောင့်နေတယ်။ လေယာဉ်စီးရင်း၊ နာရီပေါင်းများစွာကြာအောင် laptop နဲ့ analyst report တွေ ဖတ်လာခဲ့ ရတာမို့ မျက်လုံးတွေမှာ မျက်ရည်တွေဝဲရင်း အရမ်းပင်ပန်းနေတယ်။ ဒါပေမယ့် သူစီးရမယ့်ကားနားကို ရောက်တော့ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာတယ်။ အေးမြတဲ့လေနဲ့၊ ဒီ Alps တောင်တန်းတွေပေါ်မှာ ၆ ရက်လောက် အနားရနိုင်မယ်ဆိုတဲ့ အတွေးက သူ့ကိုလန်းဆန်းစေတယ်။ လက်ဆွဲအိတ်ကို ကားထဲပစ်ထည့်လိုက်ရင်း၊ ကားနောက်ခန်းထဲဝင်ထိုင်လိုက်တယ်။ နောက်တော့ သူတို့ကားက Davos ကို ဦးတည်ပြီး မောင်းထွက်လာခဲ့တယ်။

ဒီကိုလာတာက နှင်းလျှောစီးဖို့ မဟုတ်ဘူး။ တနင်္ဂနွေနေ့မှာ “sports day” ဆိုပြီး သတ်မှတ်ထားပေမယ့် World Economic Forum ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပါဝင်သူတိုင်းဟာ session တွေ၊ receptions တွေနဲ့ ညစာစားပွဲပေါင်းများစွာကို မျက်နှာချင်းဆိုင်ကြရဖို့ ရှိနေတယ်။ Ed က သူ့ရဲ့ conference folder ကို ဆွဲထုတ်လိုက်ပြီး အစီအစဉ်တွေကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ သူ့အတွေးက ပြတင်းပေါက်အပြင်ကို ရောက်သွားလိုက်၊ conference မှာ တွေ့ရတော့မယ့်လူတွေ အကြောင်းကို ရောက်သွားလိုက်နဲ့၊ သူ့အမေက မနေ့ညနေကတင် သူ့ကိုဖုန်းဆက်သေးတယ်။ အမေက သူ့အတွက် သိပ်ဂုဏ်ယူတာ။ မနေ့က ဖုန်းဆက်တုန်းကလည်း news and gossip columns တွေမှာ ပါလာတဲ့ အမေနဲ့ ရင်းနှီးပြီးသား နာမည်တွေကို တစ်ခုပြီးတစ်ခု သူ့ကိုရွတ်ပြရင်း၊ “Eddie၊ သားကြောင့် အမေ့အိပ်မက်တွေ အကောင်အထည် ပေါ်လာတာပဲ။ အမေအရမ်းဂုဏ်ယူတယ်”လို့ ပြောသွားသေးတယ်။ အဲဒီအကြောင်းကို ပြန်စဉ်းစားရင်း Ed ပြုံးမိတယ်။ နောက်မှမနည်းဣနြေ္ဒပြန်ဆယ်လိုက်ရတယ်။ ခေါင်းကိုမတ်မတ်ထားလိုက်ရင်း အမေပြောတဲ့ သတင်းစာထဲက လူတွေက သူနဲ့အဆင့်တူတွေ မဟုတ်တော့ဘူးလို့ သူ့ကိုယ်သူ ပြန်သတိပေးလိုက်တယ်။ အနည်းဆုံးတော့ မကြာခင်မှာ သူ့အနေအထားက ပြောင်းလဲတော့မယ်။

ကားမောင်းတာ နှစ်နာရီလောက် ရှိလာတော့ Ed ရဲ့ ညာဘက်နားထဲမှာ ဒုန်းဆိုတဲ့ အသံကြီး ကြားလိုက်ရတယ်။ မတ်မတ်ထိုင်လိုက်ရင်း၊ သူ့ခေါင်းကို အသံလာရာဆီကို လှည့်ကြည့်တယ်။ အဲဒီအချိန်မှာ ကားကအရှိန်မြှင့်ပြီး မောင်းနေတာ။ “ကျွန်တော်တောင်းပန်ပါ တယ်၊ ဆရာ”လို့ ကားသမားက လှမ်းပြောရင်း၊ Ed ရဲ့ အံ့အားသင့်နေတဲ့ပုံကို နောက်ကြည့်မှန်ကနေ လှမ်းကြည့်နေတယ်။ “Anti-globalization ဆန္ဒပြသူတွေပါ။ သိပ်မကြာခင်ဆိုရင်ပဲ ကျွန်တော်တို့ checkpoint ကို ရောက်တော့မှာပါ”လို့ လှမ်းပြောတယ်။ Ed လည်း ကားနောက်ကို လှမ်းငေးနေရင်း သူတို့နောက်က ကပ်လိုက်လာတဲ့ အနက်ရောင်ဆီဒင်ကားကို ခဲနဲ့ပစ်တဲ့သူက ထပ်ချိန်နေတာကို တွေ့လိုက်ရတယ်။ နောက်တော့သူက အရှေ့ကို ပြန်လှည့်လိုက်တယ်။ ကားလေကာမှန်ရှေ့မှာ အနက်ရောင် ဝတ်စုံတွေနဲ့ ဆန္ဒပြသူ တွေက တစ်စုတစ်ဝေးကြီးပဲ။ ကားသမားကတော့ သူတို့ကိုကျော်သွားဖို့ ကြိုးစားနေတယ်။

အဲဒီအချိန်မှာပဲ သူ့ဖုန်းမြည်လာတယ်။ စိတ်ပျက်လက်ပျက်နဲ့ပဲ လက်ကိုင်အိတ်ထဲနှိုက်ပြီး ဖုန်းကိုဖွင့်လိုက်တယ်။ Frank Maugham ခေါ်နေတာ။ ပုံမှန်အားဖြင့်ဆိုရင် ဒါကကြိုဆိုစရာပဲ။ Frank က Carston Waite ရဲ့ CFO လည်းဖြစ်၊ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်တဲ့သူပေါ့။ နောက် Ed ကုမ္ပဏီကို စရောက်လာကတည်းက ၁၄ နှစ်လုံးလုံး သူ့ရဲ့လမ်းညွှန်စောင့်ရှောက်သူ (mentor) အဖြစ် ရပ်တည်ပေးခဲ့တဲ့သူ။ ခရီးသွားနေတုန်း Frank က ဖုန်းလှမ်းဆက်တယ်ဆိုတာ ပုံမှန်တော့မဟုတ်ဘူး။ စကားစမြည်ပြောချင်ရုံ သပ်သပ်လောက်လည်း ဟုတ်ဟန်မတူဘူး။ ဒါပေမယ့် Frank က ဟယ်လို ဆိုပြီး လှမ်းပြောကတည်းကတင် Ed စိတ်ထဲမှာ Frank တစ်ယောက် စိုးရိမ်တဲ့လေသံပေါက်နေတယ်ဆိုတာ သတိထားမိတယ်။ တစ်ခုခုတော့ ဖြစ်လာတော့မယ်။

“ငါတို့တော့ နောက်ကောက်ကျပြီကွာ”လို့ Frank က ပြောလာတယ်။ “David က အခုပဲ ငါ့ကိုပြောသွားတယ်။ Carston Waite ရဲ့ ဥက္ကဋ္ဌရာထူးအတွက် မင်းကို သူနာမည်စာရင်းသွင်းပေးမှာ မဟုတ်ဘူးလို့ မင်းကိုပြောပေးပါဆိုပြီး ငါ့ကိုပြောတာ။”လို့ ပြောရင်း စကားခဏရပ်သွားတယ်။ “အနည်းဆုံးတော့ အခုလောလောဆယ်ဆယ်ပေါ့ကွာ။ သူက အဲဒီနေရာကို လတ်တလော ဘယ်သူ့ကိုမှ မပေးသေးဘူးဆိုပြီး ကြေညာဖို့ ပြင်ဆင်နေတယ်”။ ပြောနေရင်းနဲ့ Frank အသံက သရော်သလိုလို အသံပေါက်လာတယ်။ “သူကစီးပွားရေးအပေါ်မှာပဲ အာရုံစိုက်ချင်သေးတယ်တဲ့လေ”။

Ed အတွေးထဲမှာ ဗလာချည်း ဖြစ်သွားတယ်။ လုံးဝကို အရုပ်ကြိုးပြတ်လိုပဲ။ သွေးတွေက တဒုတ်ဒုတ်တိုးလာပြီး နားထင်နားရင်းတွေ ပူထူလာတယ်။ ဖုန်းကလက်ထဲက လွတ်ကျသွားတယ်။ ပြန်ကောက်ပြီး နားနားကပ်လိုက်တော့ “ငါပြောတာ မင်းနားထောင်နေ လား”ဆိုတဲ့ Frank ရဲ့ အသံကို ကြားရတယ်။

ကားက စိတ်ပျက်စရာ လူအုပ်ကြီးကို ကွေ့ပတ်ပြီး မောင်းနေရတယ်။ တစ်လက်မလောက် ရှေ့တိုးလိုက်တိုင်း၊ ပုံစံဆိုးဆိုး အဝတ်အစားတွေနဲ့၊ လက်ရေးစာလုံးနဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ ဆန္ဒပြလူအုပ်ကြီးက ရှေ့တိုးတိုးလာနေပြန်တယ်။ ဆွစ်ဇလန်ရဲတွေဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ တစ်ချို့က အတော်ကြီးကို အနားကပ်လာနေတယ်။ ကားမှန်ထူထူကို ဖြတ်ပြီးတော့တောင်မှ သူတို့ရဲ့ အသံတွေကို ကြားနေရတယ်။ ပတ်ဝန်းကျင်ကို အရူးတစ်ယောက်လို ပတ်ကြည့်နေရင်း၊ ဖုန်းကိုတင်းတင်း ဆုပ်ထားလိုက်တယ်။ “Frank၊ ကျွန်တော်ပြောတာနားထောင်။ အခုလောလောဆယ် ဖုန်းပြောဖို့ အဆင်မပြေသေးဘူး။ ကျွန်တော်ပြန်ခေါ်လိုက်မယ်။ အခုဟိုတယ်နားရောက်နေပြီ”လို့ပဲ ပြန်ပြောလိုက်တယ်။

“ရတယ်၊ ကိစ္စမရှိဘူး။ အေးအေးနေ။ ငါ့မှာအကြံရှိတယ်”လို့ Frank ကပြန်ပြောရင်း “ကျန်တဲ့ဘုတ်အဖွဲ့ဝင်တွေကို ဖုန်းဆက်လိုက်ဦးမယ်။ တကယ်လို့ David ကို စိတ်ပြောင်းသွားအောင် ဖိအားပေးနိုင်ကောင်း ပေးနိုင်မှာပေါ့”တဲ့။

Ed လည်း ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ပြန်ထိန်းချုပ်ရင်း “ဒါအလုပ်ဖြစ်မယ်လို့ ခင်ဗျားထင်လို့လား”

“Succession plan တစ်ခု ရှိဖို့လိုတယ်ဆိုတာကို ဘယ်သူကငြင်းမှာလဲ။ နောက် မင်းကလွဲလို့ ဘယ်သူကရော၊ ဒီနေရာကို ဆက်ခံသူ ဖြစ်နိုင်ဦးမှာလဲ”

ကားကရှေ့ဆက်သွားရင်း၊ ခြံတံခါးကို ကျော်လာခဲ့တယ်။ ကားသမားက နောက်ကို တစ်ချက်လှမ်းကြည့်ရင်း မျှော်လင့်ချက်အပြည့်နဲ့ မျက်ခုံးတွေကိုပင့်ထားတယ်။ အဲဒီအချိန်မှာပဲ Ed က ပတ်စ်ပို့နဲ့ conference လက်မှတ်တွေကို စစ်ဆေးရေးကို လှမ်းပေးနေတယ်။ “ခင်ဗျားကို ကျွန်တော်ပြန်ခေါ်မယ်”လို့ Ed က Frank ကို ပြောလိုက်ရင်း၊ ဖုန်းကို လက်ဆွဲအိတ်ထဲ ပြန်ထည့်လိုက်တယ်။

♦♦♦

နာရီနည်းနည်းကြာလာတော့၊ သူဗိုက်ဆာလာတယ်။ မုတ်ဆိတ်ရိတ်၊ အဝတ်အစားလဲပြီး ညစာစားဖို့ ဆင်းလာတယ်။ Kongress Center ဘက်ကိုရောက်သွားတော့ ဖွင့်ပွဲ reception က တော်တော်လေး အသက်ဝင်ေနပြီ။ လူတွေက အပြည့်ပဲ၊ တစ်ချို့လည်း အင်္ဂလိပ် လိုပြောတယ်၊ တစ်ချို့လည်း လုံးလုံးမပြောဘူး။ စားပွဲထိုးတွေက အထဲမှာ ပျားပန်းခတ်လျှောက်သွားနေရတယ်။ ဝိုင်ခွက်တွေဆိုတာ ဗန်းတွေနဲ့ အပြည့်ပဲ။ ဩခတ်စတြာကလည်း Berlioz ကို တီးနေတယ်။ စားပွဲခင်းဖြူဖြူတွေကြားထဲလျှောက်သွားရင်း၊ သူထိုင်ရမယ့်နေရာကို ရွေးလိုက်တယ်။

“Edward Davidson ကြီးပါလား၊ ငါတော့သေပါပြီဟယ်။”

Ed က အသံလာရာဆီ လှမ်းကြည့်လိုက်ရင်း၊ သူစီးပွားရေးကျောင်းတက်တုန်းက အတန်းဖော်ဟောင်း Lucy Keh ဖြစ်နေတာကို သွားတွေ့တယ်။ Lucy က website တစ်ခုထောင်ပြီး public လုပ်ခဲ့တာ ပိုက်ဆံသန်းနဲ့ချီ ချမ်းသာသွားရင်း၊ အခု nonprofit organization တစ်ခု ထူထောင်ထားတယ်။ လူချင်းမတွေ့တာ ကြာပေမယ့်၊ သတင်းတွေထဲမှာတော့ Lucy နာမည်ကို ခဏခဏတွေ့နေရတယ်။ Lucy က သူနဲ့စကားပြောနေတဲ့လူတွေကို ထားခဲ့ရင်း Ed ဆီကို လျှောက်လာပြီးတော့ Ed ကို စီးဖက်ဖို့ သူ့လက်တွေကို ဆန့်တန်းထားတယ်။

Lucy က ရှာမှရှားပဲ။ ကျောင်းမှတုန်းကဆို သူကတော်တော်တော်တယ်။ သူကသူတပါးကိုလည်း ကိုယ့်ကိုကိုယ် လူတော်လို့ ထင်လာအောင် အားပေးတတ်တဲ့သူ။ ကျောင်းမှာတုန်းကဆို အိမ်မှာလုပ်တဲ့ ချောကလက်မုန့်တွေ အတန်းထဲ ယူယူလာတတ်တယ်။ ဂရိပြဇာတ်ဆိုလည်း ဝင်ကလိုက်တာပဲ။ ဂရိမှတကယ့်ဂရိပြဇာတ်စစ်စစ်၊ တစ်ပြားမှမလျော့ဘူး။ သူက ခင်ဗျားညီရဲ့ နာမည်ကို မှတ်မိနေတဲ့အထိ ဉာဏ်ကောင်းတယ်။ သူ့ကိုကြည့်လိုက်တာနဲ့ ယုံကြည်ရမယ့်မိတ်ဆွေမှန်း သိသာတယ်။

ဘာတွေဖြစ်သွားတယ်ဆိုတာ သေချာမသိရသေးခင်၊ Ed က အဆုံးမှာ Ballroom အပြင်ကို ရောက်နေပြီ။ ဝိုင်ခွက်က လက်ထဲမှာ။ သူဒီနေ့ ဘယ်လိုသစ္စာဖောက်ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုလည်း Lucy ကို ပြောပြပြီးသွားပြီ။

“ငါတည့်တည့်ပဲ ပြောတော့မယ်”လို့ Lucy က စကားစလိုက်ရင်း “David Paterno က နင့်ကို ဒီရာထူးပေးမယ်လို့ ကတိပေးထားတယ်မှတ်လား၊ အခုသူက ကတိဖျက်ေနပြီ။ ငါပြောတာ ဟုတ်လား”

Ed က အသေးစိတ်ကို ပြန်ပြောပြဖြစ်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က Carston Waite ရဲ့ ကာလရှည် chairman လည်းဖြစ်၊ CEO လည်းဖြစ်တဲ့ Tom Tyrakowski က အလုပ်ကအနားယူတော့မယ်လို့ ကြေညာခဲ့တယ်။ အဲဒီအချိန်မှာ ကုမ္ပဏီရဲ့ internal candidates တွေက အဲဒီနေရာတွေကိုရအောင် အသည်းအသန် ပြိုင်ဆိုင်ကြရတယ်။ Ed အနေနဲ့တော့ ဒါအချိန်ကောင်းမဟုတ်သေးဘူး။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူကအလုပ်ထဲမှာ နေရာကောင်းကောင်း ရထားခဲ့ဖူးတယ်။ ဒါကြောင့်လည်း အလုပ်ထဲမှာ နာမည်ကောင်း ရနေပေမယ့် သူက CEO ရာထူးပြိုင်ပွဲကို ဝင်မပြိုင်ဘူး။ Frank လည်း ဝင်မပြိုင်ဘူး။

အသက် ၆၀ လောက် ရောက်နေချိန်မှာ Frank က ဒီအလုပ်မှာ သူ့လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီ။ အမှားတွေအတွက်လည်း ပေးဆပ်ခဲ့ပြီးပြီ။

Frank ကို အနိုင်ယူခဲ့တဲ့ သူကသူ့ကို ကုမ္ပဏီရဲ့ အခက်အခဲဆုံး ဌာနတွေကို ပို့ပစ်ခဲ့ပေမယ့် အဲဒီမှာ Frank တစ်ယောက် အလုပ်ကို ကောင်းကောင်းလုပ်ပြခဲ့ရင်း၊ အခြေအနေတွေ တည်ငြိမ်သည်အထိ သည်းခံခဲ့ရတယ်။ Frank က survivor ပါ။ ဒါကြောင့်လည်း သူကကုမ္ပဏီမှာ အတော်ကြီး ဩဇာရှိနေတာ။ ကုမ္ပဏီတစ်ခုလုံး အူမချေးခါးမကျန် သိနေတဲ့သူပဲ။

Frank ကိုယ်နှိုက်ကလည်း Ed ကို လုံးလုံးယုံကြည်ထားပြီး တစ်နေ့ကုမ္ပဏီကို ဦးဆောင်မယ့်သူလို့ ယူဆထားတယ်။ ဒါကြောင့်လည်း သူကအကွက်ဆင်ပြီး David ကို နေရာပေးခဲ့တာ။ Frank နဲ့ Ed က David ဒီနေရာရလာအောင် သူတို့ဝိတ်တွေကို သုံးခဲ့ရတယ်။ David တစ်ယောက် CEO ဖြစ်လာရင် Frank က ဘုတ်အဖွဲ့မှာ နေရာယူပြီး Ed က president ဖြစ်လာမယ်လို့ မှန်းထားကြတာ။

“နင်တို့နှစ်ယောက် နောက်ကနေ ပင့်တင်မပေးလိုက်ရင် David က ဒီနေရာကို ရောက်မလာဘူးပေါ့”လို့ Lucy က စကားထောက်ပေးရင်း

“ငါတို့က အပြောင်းအလဲဖြစ်အောင် လုပ်ခဲ့တာ”လို့ Ed က အကြမ်းဖျဉ်းပဲ ပြန်ဖြေလိုက်တယ်။ တကယ်တမ်းမှာ Frank က ဘုတ်အဖွဲ့ထဲမှာ မမှန်မကန်လုပ်ခဲ့တာတွေ ရှိတယ်။ David ရဲ့ ဌာနကို တခြားသော ဌာနတွေထက် ပိုအခြေအနေကောင်းတယ်လို့ ဘုတ်အဖွဲ့ကို နားလည်မှလွဲအောင် လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် Lucy အနေနဲ့ ဒီအချက်ကို သိဖို့မလိုဘူးလို့ သူထင်တယ်။ Ed က ဝိုင်ကိုသောက်လိုက်ရင်း အရသာခံနေမိတယ်။

“ဘယ်လောက် ဆိုးတဲ့ကိစ္စလည်းဟယ်”လို့ Lucy ကပြောလိုက်တယ်။ Ed က Lucy မျက်နှာကို လှမ်းကြည့်တော့ သရော်တဲ့အရိပ်အယောင် မရှိဘူး။ အဲဒီအစား၊ ကိုယ်ချင်းစားတဲ့ အရိပ်အယောင်တွေပဲ မြင်ရတယ်။ “နင့်အကြောင်းကြားရတာ ငါစိတ်မကောင်းပါဘူး”တဲ့။

Ed က မတ်မတ်ရပ်လိုက်ရင်း၊ အဝေးကို ငေးနေမိတယ်။ သူကသနားစရာ သတ္တဝါတစ်ကောင် ဖြစ်နေပြီလား။ ပူလောင်တဲ့ ခံစားချက်က သူ့ကိုလွှမ်းခြုံလာတယ်။ ချက်ချင်းပဲ Lucy ရှေ့ကနေ ထွက်ပြေးသွားချင်တယ်။ “အင်း”လို့ မရေမရာပြန်ပြောရင်း၊ “ဒါပေမယ့်၊ နင့်ကိုငါဒီမှာ ငါ့အကြောင်း ဝမ်းနည်းစရာတွေချည်းပဲ ပြောမိနေတယ်။ ငါစိတ်မကောင်းပါဘူး”

“နေပါဦး၊ David ကလည်း ဒီမှာရှိနေရမှာမဟုတ်လား။ သူလည်း panel ထဲမှာပါတယ်မှတ်လား၊ corporate social responsibility အ

ကြောင်းလား၊ ဘာဆိုလား ဆွေးနွေးရမှာလေ။”

“အင်း၊ သူပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတွေ ရှိလို့ဆိုပြီး မလာဖြစ်တော့ဘူး။ ငါကသူ့ကိုယ်စား သောကြာနေ့မှာ မိန့်ခွန်းပြောရမှာ”

Lucy ရဲ့ မျက်ခုံးတွေ ပင့်တက်သွားတယ်။ “စိတ်ဝင်စားစရာပဲ၊ အဲဒီမိန့်ခွန်းထဲ နင်ပြောချင်တဲ့ စကားလုံးတွေ စိတ်ကြိုက်ထည့်ပြောနိုင်တယ်ပေါ့လေ”

♦♦♦

အဲဒီနေ့ညမှာ Hotel Belvedere ရဲ့ ဝင်းထဲက နှင်းတွေေပါ် လမ်းလျှောက်နေရင်း၊ တိတ်တဆိတ် စဉ်းစားနေတယ်။ ဓါတ်မီးတိုင် တစ်ခုအောက်မှာ ရပ်လိုက်ရင်း၊ ကုတ်အင်္ကျီလက်ကိုမပြီး နာရီကိုကြည့်လိုက်တယ်။ ဖုန်းကိုထုတ်ပြီးတော့ နံပါတ်တွေ လိုက်ရှာနေမိတယ်။ ညစာကိုနည်းနည်းပဲစားပြီး၊ အရက်လည်းသောက်ထားတဲ့အပြင် လေယာဉ်စီးလာလို့ ပင်ပန်းတာလည်း ရှိနေတယ်။ Frank ဆီကို ဖုန်းဆက်ပြီး ဘာထူးလဲမေးဖို့ စဉ်းစားမိပေမယ့် နောက်တော့ ဒီလိုလုပ်လည်း ဘာမှမထူးဘူးဆိုတာ သတိထားမိသွားတယ်။ ဒီနေ့အတွက် အလုပ်တွေ ပြီးသွားပြီ။ Frank ရဲ့ plan အရဆိုရင် ဘုတ်အဖွဲ့တွေနဲ့ တွေ့ပြီးတာ နာရီတော်တော်ကြာနေလောက်ပြီ။ သိပ်မကြာခင် Frank က သူ့ဆီကို ဖုန်းဆက်လာမယ်လို့ သူထင်နေတယ်။

ဘယ်လိုစကားစပြောရမယ်ဆိုတာ Ed စဉ်းစားနေတယ်။ အရှက်တရားက သူ့ကိုလှမ်းခြုံလာတယ်။ နောက်ဆုံးမှာ ဒီကိစ္စက သစ္စာ ဖောက်မှုတစ်ခုသပ်သပ် မဟုတ်ဘူး။ Ed အရင်က ဒါမျိုးတွေ ကြုံဖူးတယ်။ ဒါပေမယ့် အခုလောက် မခံစားခဲ့ရဘူး။ အရင်ကဆိုရင် မခံမရပ်နိုင်အောင် ဒေါသဖြစ်စရာ ကိစ္စတွေကို အေးအေးလူလူပဲ ခွင့်လွှတ်ပြီး နောက်ဆုံးမှာ သူ့ပြိုင်ဘက်တွေ လက်ကနေ အလွတ်ရုန်းနိုင်ခဲ့တယ်။ ဒါပေမယ့် David ရဲ့ ငြင်းပယ်မှုကတော့ နက်နက်ရှိုင်းရှိုင်းကို စူးနစ်သွားတဲ့ကိစ္စပဲ။

Frank နဲ့ အဆင်ပြေတာမို့၊ Ed ဟာ အစပိုင်းမှာ David ရဲ့ လက်သပ်မွေးတပည့် ဖြစ်ခဲ့ဖူးတယ်။ အသက် ၂၆ မှာ Carston Waite ကို ရောက်လာပြီး သူ့ရဲ့ မသိကျိုးကျွံ မျက်နှာလွှဲလို့မရတဲ့ analytical skills တွေကြောင့် သူ့အထက်လူကြီးတွေက အထင်ကြီးတာကို ခံခဲ့ရတယ်။ David က သူ့ထက်ဆယ်နှစ်ေလာက် senior ကျတယ်။ Ed ကို မြင်မြင်ချင်း David က တပည့်မွေးခဲ့ရင်း သူတို့နှစ်ယောက် အကြီးကျယ်ဆုံး deal တွေကို အတူလုပ်ခဲ့ကြဖူးတယ်။ သူတို့နှစ်ယောက်က တော်တော်လေး ကွဲလွဲတယ်။ David က တကယ့်ကို charming ဖြစ်တဲ့ အရောင်းသမားပဲ။ Ed ကတော့ ပြတ်သားတဲ့၊ (တစ်ခါတစ်ခါ စိတ်ကြီးဝင်ပြီး မာနကြီးတတ်တဲ့) quantitative analyst သမား။ ဒါပေမယ့် ဒီနှစ်ခုပေါင်းလိုက်တော့ အလုပ်ဖြစ်သွားတယ်။ Ed အနေနဲ့ David က သူ့ကို နားလည်တယ်လို့ ယူဆတယ်။ လက်တွေ့မှာ David အနေနဲ့ သူ့အကြောင်းကို အတွင်းကျကျ နားလည်ထားတဲ့သူလို့ သူယူဆတယ်။ အလုပ်ကိစ္စအောင်မြင်သွားလို့ အောင်ပွဲခံကြရင်း အရက်မူးလာချိန်တိုင်း Ed က တွေ့ကရာဖွင့်ပြောတာပဲ။ ဒါမျိုးက ခက်ခဲတဲ့အချိန်တွေပါ။

ဒီနှစ်ပိုင်းတွေမှာ နှစ်ယောက်အတူတွဲလုပ်ဖြစ်တာ နည်းတယ်ဆိုပေမယ့်၊ Ed ဘက်ကတော့ အခင်အမင်မပျက်အောင် ဆက်ထိန်းထားခဲ့တယ်။ တစ်ခါတစ်ခါ အဲဒီလိုလုပ်နေရလို့လည်း ရင်နာရတယ်ပေါ့။ ဒါက အားနည်းချက်အတွက် အကြောင်းအရင်း ဖြစ်သွားတယ်ဆိုတာ သူသိထားတယ်။ ဒါပေမယ့် တခြားဘက်ကကြည့်ရင် သူ့အလုပ်တွေက သူ့ကိုဘယ်သူမှ မကျော်လွှားနိုင်တဲ့သူ ဖြစ်နေအောင် တွန်းအားပေးနိုင်ခဲ့တယ်။ အရောင်းပိုင်းမှာလည်း သူ့ဖာသာသူ သင်ယူခဲ့တယ်။ နည်းပညာပိုင်းမှာ တိုးတက်တီထွင်မှုတွေ လုပ်ခဲ့တယ်။ ဖောက်သည်တွေက သူ့ကိုအကြီးအကျယ် ချီးကျူးခဲ့ရတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့သမိုင်းမှာ အသက်အငယ်ဆုံးအနေနဲ့ အသက် ၃၈ နှစ်မှာ ဌာနခွဲရဲ့ခေါင်းဆောင်ဖြစ်လာတယ်။ အဲဒီနှစ်မှာကိုပဲ ဌာနခွဲအားလုံးမှာ အမြတ်အများဆုံး ရှာပေးတဲ့ ဌာနဖြစ်လာအောင် အုပ်ချုပ်နိုင်ခဲ့တယ်။ David အနေနဲ့လည်း ဒါတွေကို အသိအမှတ်ပြုခဲ့တယ်။ သက်သေထူပေးခဲ့တယ်။ လေးစားအားကျမှတောင် ဖြစ်ခဲ့သေးတယ်။

အခုအချိန်ရောက်တော့၊ David အနေနဲ့ Ed ဟာ မရှိမဖြစ်ဆိုတာ သိထားမှာပဲ။

အသံတွေကြားတော့မှ အတွေးထဲနစ်နေတာကနေ သတိပြန်ဝင်လာတယ်။ အသံလာရာဘက်ကို လှမ်းကြည့်တော့ လူတွေက ဓါတ်ပုံတွေ ရိုက်နေတယ်။ Ed လည်း ကုတ်အင်္ကျီကို တင်းတင်းပြန်ဝတ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ ဒီမှာသူရပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ။ ခေါင်းကိုငုံ့လိုက်ပြီး အလင်းရောင်ရှိရာကနေ ဖယ်ထွက်သွားလိုက်တယ်။ သူ့မျက်နှာက ရှုံ့မဲ့နေလို့။

♦♦♦

နောက်တစ်နေ့နေ့လည်မှာ အခန်းထဲထိုင်နေရင်း၊ သူဘာလို့များ ဒီဆွေးနွေးပွဲကို တက်ဖို့ စာရင်းပေးမိလည်း ဆိုတာ မစဉ်းစားနိုင်ဖြစ်နေတယ်။ ဆွေးနွေးပွဲခေါင်းစဉ်က အချိန်ကိုက်ပါပဲ။ corporate governance reform တဲ့။ ဒါပေမယ့် ဟောပြောသူတွေက ပျင်းစရာတွေ။ ကုမ္ပဏီတိုင်းက နည်းနာသစ်တွေ ကျင့်သုံးနေတယ်လို့ ပြောနေကြပေမယ့်၊ လူမသိစေချင်တဲ့ သူတို့ရဲ့ မမှန်မကန်လုပ်မှတွေကို ထုတ်ပြောရမှာတော့ မလိုလားကြနိုင်ဘူး ဖြစ်နေတယ်။ တစ်ခါလာလည်း မဲပြာပုဆိုးတွေချည်းပဲ။ ကို်ယ့်ကိုကိုယ် ပြန်ပြီး အံ့အားသင့်မိလာတယ်။ ငါအဆိုးမြင်ဝါဒီဖြစ်နေပြီလား။ အိပ်ဆေးတွေသောက်ထားလို့ပဲလား။

Ed ရဲ့ဖုန်းက vibrate ဖြစ်လာတယ်။ အခန်းအပြင်က လမ်းမကို ထွက်သွားလိုက်တယ်။

“ငါပါ။ Frank ပါ”တဲ့။ ဘေးကဆူညံနေတဲ့ အသံတွေ ကို အာရုံမစိုက်မိအောင် မျက်စိကိုတင်းတင်းမှိတ်ပြီး Frank အသံကို နားထောင်နေလိုက်တယ်။

“ငါတို့တော့ ဒုက္ခရောက်ပြီ။ မနေ့က ငါဘုတ်အဖွဲ့ဝင်တွေကို ဖုန်းတွေခေါ်တာ သူသိသွားတယ်။ အခု အရေးပေါ် ဘုတ်အဖွဲ့အစည်းအဝေးကို ဒီညမှာ သူလုပ်တော့မယ်။”

Ed တစ်ယောက် နှလုံးခုန်ရပ်သွားသလိုပဲ။ “အခုလုပ်ပြီးပြီလား။ ခင်ဗျားဘယ်သူတွေကို ဆက်သွယ်ပြီးပြီလဲ။ သူတို့ရဲ့ အမြင်ကဘာလဲ”

“ငါမသိဘူး။ ငါအချိန်ပိုလိုတယ်။” Frank အသံနားထောင်ရတာ အရှုံးသမားရဲ့အသံလိုပဲ။ “ငါတို့အခြေအနေမကောင်းဘူး”

“အခုအဲဒီအစည်းအဝေးပြီးတာနဲ့ ကျွန်တော့်ကို အကြောင်းကြားစမ်းပါ”

“ငါအကြောင်းကြားမှာပါ။ ဒါပေမယ့် အဲဒီအစည်းအဝေးကို ငါ့ကိုမဖိတ်ထားဘူး”

♦♦♦

အောက်ထပ်ကို ဆင်းပြီး မနက်စာစားဖို့ ဓါတ်လှေကားရှေ့မှာ စောင့်နေတုန်း ဓါတ်လှေကားတံခါးမှာ အရိပ်ထင်နေတဲ့ သူ့မျက်နှာကို ပြန်ကြည့်နေမိတယ်။ သူ့ဘယ်ဘက်မျက်ခွံက အိပ်ယာနိုးကတည်းက အတွင်းဘက်ကို ပြန်လိပ်ဝင်နေတယ်။ တခြားသူတွေ ဒါကိုသတိထားမိသွားမလားဆိုတာတော့ မပြောတတ်ဘူး။

Frank နဲ့ ဖုန်းပြောပြီးကတည်းက အခန်းထဲကနေ သူလုံးဝမထွက်ဘူး။ အဲဒီလို အခန်းအောင်းနေလိုက်တာ ၁၅ နာရီလောက် ကြာသွားတယ်။ အဲဒီ ၁၅ နာရီထဲမှာ ပထမနှစ်နာရီလောက်မှာတော့ ဒေါသထွက်နေတာ သက်သက်ချည်းပဲ။ တံခါးကနေ ထွက်သွားတဲ့အချိန်မှာ Ed က ရေငတ်နေတယ်။ ရေသန့်ဘူးကို လိုက်ရှာနေရတယ်။ ခဏကြာတော့ မှန်ထဲမှာ သူ့မျက်နှာကို သူပြန်မြင်ရတယ်။ ဒါနဲ့ပဲ လက်ထဲက ရေဘူးနဲ့ မှန်ကို ကောက်ပေါက်လိုက်တယ်။ ညစ်ညစ်ပတ်ပတ်တွေကို ဆဲပစ်လိုက်တယ်။ အသံထွက်ပြီးတော့ကို ဆဲပစ်လိုက်တာ။

သူ့ကုတင်ထောင့်မှာ ထိုင်နေရင်း၊ မျက်နှာကို လက်နဲ့ပွတ်ပြီး Lucy ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားနေမိတယ်။ ခပ်လှောင်လှောင်ရယ်မိတယ်။ “အဲဒီမိန့်ခွန်းထဲ နင်ပြောချင်တဲ့ စကားလုံးတွေ စိတ်ကြိုက်ထည့်ပြောနိုင်တယ်ပေါ့လေ”။ စကားလုံးတွေကို ရွေးပြီး ပြောရမယ်ပေါ့။ ဘယ်လိုစကားလုံးမျိုးကို လိုချင်လဲ။

အဲဒီလိုနဲ့ စားပွဲဆီကို လျှောက်သွားရင်း၊ communications VP က သူ့ဆီကို ပို့လိုက်တဲ့ မှတ်ချက်တွေကို ပြန်ဖတ်နေတယ်။ ဘုရားလူကြီး၊ ဖိနပ်သူခိုးတွေလို့ ကျိတ်ရေရွတ်လိုက်ရင်း၊ မိန့်ခွန်းကို ပြန်ဖတ်နေမိတယ်။ နောက်တော့ဘောပင်ကို လှမ်းယူလိုက်တယ်။ နောက်ပိုင်းမှာတော့ သူနဲ့ David နဲ့ နီးနီးကပ်ကပ် ရှိခဲ့တုန်းက David အကြောင်း သူသိထားတဲ့ လျှို့ဝှက်ချက်ကို ပြန်တွေးနေလိုက်တယ်။ ဒီအကြောင်းကို သူဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ဘူး။ Davos က လူတွေအဖို့၊ သူ့ boss ရဲ့ social responsibility နဲ့ပတ်သက်တဲ့ မှတ်တမ်းစစ်စစ်တွေကို ကြားလိုက်ရရင် ဘယ်လိုနေမလဲ။

ဒီအိုင်ဒီယာက အစပိုင်းမှာ အငြိုးကြီးကြီးနဲ့ ကြံစည်မှုကြီးပဲ။ ဒါပေမယ့် Ed အနေနဲ့ နောက်ထပ် character အသစ်တစ်ခုလုံးကို လုံးလုံးလျားလျားပြောင်းသွားသလိုပဲ။ နာရီပေါင်းများစွာ ကြာသွားတယ်။ room service ကိုလည်း အကြိမ်ပေါင်းများစွာ လှမ်းခေါ်ခဲ့တယ်။ မနက်လင်းခါနီးမှာ Frank ဆီက သတင်းသစ်ထပ်ရောက်လာတယ်။ လုံးလုံးလျားလျားကို အခြေအနေက ဆိုးသွားပြီ။

Frank အလုပ်ဖြုတ်ခံရတယ်။ David က အာဏာဖီဆန်မှုနဲ့ စွပ်စွဲပြီး၊ ဘုတ်အဖွဲ့တစ်ခုလုံးကို Frank ရဲ့ အပြုအမူဟာ လုပ်ငန်းနဲ့ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို ပျက်ဆီးအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ယုံကြည်အောင် စည်းရုံးခဲ့တယ်။ အစည်းအဝေးလည်းပြီးရော၊ ဘုတ်အဖွဲ့ထဲက Frank မိတ်ဆွေတစ်ယောက်က သူ့ကိုမနည်းတွဲပြီး ခေါ်သွားရတယ်။ နောက်တစ်နေ့မနက်ရောက်တော့ Frank ခမျာ ရုံးကနေ လုံခြုံရေးတွေရဲ့ ဆွဲထုတ်တာကို ခံရပြီး အရှက်ခွဲခံခဲ့ရတယ်။

“လက်ရှိအချိန်အထိတော့၊ မင်းအကြောင်း သီးသီးသန့်သန့် ပြောတာ ဘာမှမရှိသေးဘူး”လို့ Frank က ပြောလာတယ်။

Ed အဖို့ Frank ဘာလုပ်မယ်ဆိုတာ သိထားတယ်။ သူ့အလုပ်သူအောင်မြင်အောင် ဆက်လုပ်နိုင်မှာပဲ။ Frank အနေနဲ့ သူ့ဘဝကို သူဆက်ပြီး ချီတက်နိုင်လိမ့်မယ်။ ရုတ်တရက်ဆိုသလို၊ ဒီလူအိုကြီးကြည့်ရတာ၊ Ed အတွက် အရူးကြီးကို ကြည့်ရသလိုပဲ။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပေမယ့်၊ အခုတော့ မောင်းထုတ်ခံခဲ့ရပြီ။ Carston Waite အနေနဲ့ အရေးကြီးတဲ့ အလုပ်သမားတစ်ယောက် ဆုံးရှုံးသွားရတာပဲ။

ဓါတ်လှေကား bell က အသံမြည်လာတယ်။ ပွင့်နေတဲ့ တံခါးတွေဆီ လှမ်းလှောက်သွားရင်း နာရီကို ကြည့်လိုက်တယ်။ မိန့်ခွန်းပြောဖို့ မိနစ် ၂၀ ပဲ လိုတော့တယ်။ ပျို့ချင်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် မိန့်ခွန်းစာရွက်ကို ချိုင်းကြားညှပ်ပြီး၊ Lobby အောက်ထပ်ကို ဆင်းလာခဲ့တော့တယ်။

♦♦♦

ဒီဇာတ်ကြောင်းကို ကြည့်ပြီး Ed ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါသလဲ။ စီးပွားရေးနယ်ပယ်က ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးနယ်ပယ်က စိတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်တွေကို မဖတ်ခင်၊ ကိုယ့်ထင်မြင်ချက်ကို အရင်စဉ်းစားကြည့်စေချင်ပါသေးတယ်။

♦♦♦

Kenneth Eisold ဟာ psychoanalyst နဲ့ organizational consultant တစ်ယောက်ပါ။ New York မှာရှိတဲ့ William Alanson White Institute က ဆရာတစ်ယောက်လည်း ဖြစ်တဲ့အပြင် International Society for the Psychoanalytic Study of Organizations ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

Ed Davidson အနေနဲ့ ဒေါသထွက်နေတာ အသေအချာပဲ။ ဒါပေမယ့် အဲဒီအောက်မှာတော့ သူကနာကျဉ်နေရတာ။ သူကဘယ်သူမှ သူ့ကိုမထိခိုက်နိုင်တဲ့သူ ဖြစ်ချင်တယ်။ လက်တွေ့မှာက သူကအားနည်းနေတယ်။ ဒီအဖြစ်ကို ဘာတွေြဖစ်နေတယ်ဆိုတဲ့အပေါ် Ed ရဲ့ တုံ့ပြန်ပုံကနေ ကျွန်တော်တို့ မြင်ရတယ်။ Ed အနေနဲ့ သူ့ CEO က သူ့ကိုမဖယ်ရှားနိုင်ဘူးလို့ ထင်နေတယ်။ သူ့စိတ်ထဲမှာ လုံခြုံမှုမရှိတာကို ဖော်ပြနေတာပဲ။ သူက ဒါဟာ ကိုယ့်ကိုယ်ကို သံသယဝင်နေတာပဲဖြစ်တယ်ဆိုတာကို လက်ခံရမယ့်အစား ခံစားချက်ကို ဒေါသနဲ့ ဖုံးအုပ်ထားပြီး၊ လက်တုံ့ပြန်ချင်နေတယ်။

Ed ရဲ့ အတန်းဖော်ဟောင်း Lucy Keh နဲ့တွေ့တဲ့အချိန်မှာ သူ့စိတ်ထဲက conflict တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပိုသိလာတယ်။ သူကသူ့ကိုယ်သူ ရင်ဖွင့်ချင်နေတာ။ သူ့အလုပ်ထဲမှာ အရင်လို အချင်းချင်းတွေအကြား ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှရှိတာတွေကို ပြန်တောင့်တနေတယ်။ အရင်လို အရက်သောက်ရင်း ညဥ့်နက်သွားတာတွေကို ပြန်လိုချင်တယ်။ သူ့အနေနဲ့ Lucy ရဲ့ သစ္စာရှိမှကို အသိအမှတ်ပြုပေမယ့် သူ့အနေနဲ့ Lucy ကို လိုအပ်နေတယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ပြရမှာကို စိုးရိမ်နေတယ်။

ဒီ case တစ်ခုလုံးမှာ Ed အနေနဲ့ သူ့လိုအင်ဆန္ဒတွေကပဲ သူ့ကိုတောက်လျှောက် မောင်းနှင်နေတယ်။ တစ်ချို့ကိစ္စတွေအတွက်တော့ ဒါဟာ လုံးဝသာမန်ဖြစ်စဉ်ပါ။ ကျွန်တော်တို့ အားလုံးမှာ မှီခိုတတ်တဲ့ စိတ်ဆိုတာ ရှိတတ်တယ်။ ဒါပေမယ့် Ed အနေနဲ့ ဒါကို ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ဘူး။ CFO Frank Maugham ကို သူ့အစား အလုပ်တွေ သွားလုပ်ခိုင်းနေတယ်။ Frank က သူ့ကို လမ်းကြောင်းတစ်ခု ချပြလိုက်တာနဲ့၊ သူကလည်း ချက်ချင်းပဲ နောက်ကနေ လိုက်တော့တာပဲ။ Ed အနေနဲ့ သူ့အနေနဲ့ အလုပ်ပြုသလောက်ကို အခြေအနေဆိုးနေပြီလို့ ထင်နေတယ်။ ရှိရှိသမျှကို Frank ရဲ့ အကြံဉာဏ်တွေထဲ ပုံထားတယ်။ ဒါက မှီခိုချင်တတ်တဲ့စိတ်ပဲ။ ကိုယ့်ကိုကိုယ် မားမားမတ်မတ် ရပ်နိုင်မှ မရှိတာပဲ။ သူ့အမေ ဇာတ်ကြောင်းထဲ ရောက်လာတာကလည်း စိတ်ဝင်စားစရာပါ။ အသက်လေးဆယ်ပဲ ရှိနေြပီ။ အခုအချိန်အထိ အမေ့သားကြီး လုပ်နေတုန်းပဲ။ ကျွန်တော့်အမြင်ပြောရရင် သူကအဖေတစ်ယောက်ကို ရှာနေတာ။

Freud ရဲ့ phenomenon of transference ဆိုင်ရာ ထင်ရှားတဲ့ အဆိုတစ်ခု ရှိပါတယ်။ လက်ရှိအနေအထားက conflicts နဲ့ assumptionsတွေဟာ ငယ်စဉ်အချိန်က အနေအထားတွေက ပုံဖော်ပေးလိုက်တာ ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လူတွေက သူတို့ကိုယ်သူတို့ လှမ်းလှမ်းတောက် အနေအထားမှာပဲ ရှိနေတုန်းပဲလို့ ထင်နေပြီး၊အပြုအမူဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ ပြုလုပ်နေတတ်ပါတယ်။ လူတော်တော်များများဟာ သူတို့ဆွေမျိုးတွေ၊ အဖေတွေ၊ အမေတွေ၊ စသဖြင့် ဒီလိုအဖြစ်မျိုး ကြုံဖူးဆုံဖူးကြပါတယ်။ အလုပ်ထဲမှာရောပါပဲ။ လူတိုင်းမှာ transference ဆိုတာ ရှိပါတယ်။ မေးခွန်းက ဒီလိုပုံစံတွေထဲမှာ သူတို့ဘယ်လို ပိတ်မိသွားတာလဲဆိုတာပါ။

တကယ်လို့သာ Ed ရဲ့ ကလေးဘဝကို ကျွန်တော်လေ့လာခွင့် ရှိမယ်ဆိုရင်၊ ကျွန်တော့်အမြင်အရ သူကအမေ့ကို အရမ်းချစ်ပြီး အဖေနဲ့ ပြဿနာ ရှိဖူးတဲ့သူအဖြစ် ခန့်မှန်းမိပါတယ်။ သူအဖေက တသီးတခြားနေတတ်မယ်။ ဒါမှမဟုတ် Ed နဲ့ အလှမ်းဝေးနေသူ ဖြစ်ခဲ့လိမ့်မယ်။ သူ့ရဲ့ Frank နဲ့ David တို့နဲ့ ကြားက ဆက်ဆံရေးတွေမှာ ဒီအချက်ရဲ့သက်ရောက်မှတွေကို မြင်ခဲ့ရပါတယ်။ ဒါဟာ သဲလွန်စအနည်းငယ်ကနေ ကောက်ချက်ချရတာပါ။ Ed သာ ကျွန်တော့်ရဲ့ patient တစ်ယောက်သာ ဖြစ်မယ်ဆိုရင် ကျွန်တော်က ဒီကိစ္စကို ပိုနက်နက်ရှိုင်းရှိုင်း လေ့လာမိမှာပါ။ သူ့ကိုကူညီဖို့ဆိုရင် ဒီပြဿနာရဲ့ နောက်ကွယ်ကို ဝင်ကြည့်ရမှာပါ။ သူဘယ်လိုခံစားနေရတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိအောင်ကြိုးစားပြီးတော့ သူ့ရင်ထဲပုန်းကွယ်နေတဲ့ မလုံခြုံမှုနဲ့ အားနည်းချက်တွေကို ပိုပြီးထိတွေ့နိုင်အောင် ဆောင်ရွက်ရမှာပါ။

ဒီလိုအခွင့်အရေးမျိုး ကျွန်တော်ရနိုင်မှာလား။ Ed အနေနဲ့ တခြားသူဆီက အကူအညီရယူဖို့ လိုအပ်တာကို ငြင်းဆန်နေတတ်တဲ့ အကျင့်ကို သတိထားမိမယ်နဲ့ တူပါတယ်။ ဒါပေမယ့် သူက တိုင်ပင်ဆွေးနွေးဖို့ လိုက်ရှာတတ်တဲ့သူ၊ သူကသူ့ထက်အသက်ကြီးတဲ့ အမျိုးသားတွေကို လေးစားတတ်တဲ့သူ၊ ဒါကြောင့်လည်း ဒါဟာလက်တွေ့မဆန်ဘူးလို့ ကျွန်တော်မထင်ပါဘူး။ Ed က ကြည်ညိုတဲ့ တစ်ယောက်ယောက်ကသာ သူ့ကို “မင်းသွားတွေ့သင့်တဲ့ လူရှိတယ်”လို့များ ပြောလာရင် သူကလိုက်လုပ်မှာပဲ။ ဒါပေမယ့် “မင်းတော့ စိတ်ရောဂါအတိုင်ပင်ခံနဲ့ သွားတွေ့လိုက်”လို့ ပြောရင်တော့ သူလုပ်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း executive တွေက psychiatrists တွေမထားပဲ၊ coaches တွေထားတာ။ coaches အလုပ်ရော၊ psychiatrists အလုပ်ရော လုပ်နိုင်သူတစ်ယောက်အနေနဲ့၊ ဒီအလုပ်ကို လုပ်တဲ့အခါမှာ သီးခြားစီခွဲပြီးလုပ်ရပါတယ်။ coach တစ်ယောက်အနေနဲ့ ကျွန်တော်က အလုပ်ထဲက ကိစ္စတွေကိုပဲ personal ကိစ္စတွေထက် ပိုအာရုံစိုက်ရပါတယ်။ ဒါပေမယ့် လူ့လောကမှာတော့ coach တွေကို ပိုလိုလားကြတယ်။ coach တွေနဲ့ တွေ့တဲ့အခါ လူတွေက အားနည်းချက်တွေကို ဝန်မခံတတ်ကြဘူး။ သူတို့ကသူတို့ရဲ့ အမြင့်ဆုံးအနေအထားကို တွန်းပို့ပေးနိုင်မယ့် လူမျိုးရဲ့အကူအညီကို လိုအပ်နြေကတာပါ။ Ed မှာသာ coach တစ်ယောက် ရှိမယ်ဆိုရင် အဆင်ပြေသွားဖို့ များပါတယ်။

Ed ဟာ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် တခြားသူတွေရဲ့ အကြံဉာဏ်တွေကို လိုက်ရှာနေတာကို လျော့ရမှာပါ။ ထိရောက်တဲ့ ခေါင်းဆောင်ကောင်းတွေဟာ နေရာတကာ လိုက်ကြည့်ရင်း “တခြားသူတွေ ဘယ်လိုတွေးတယ်ဆိုတာ” စဉ်းစားမနေပါဘူး။ သူတို့မှာ သူတို့ကိုယ်ပိုင်အတွေးအမြင်ကိုလိုအပ်ပြီး၊ သူတို့ အဖြေအားလုံးကို မသိနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံနိုင်စွမ်း ရှိကြပါတယ်။ ဒီပွဲဟာ Ed အတွက် တကယ့်စမ်းသပ်ချက်ကြီးပါ။ ဒါကိုကျော်လွှားနိုင်မယ်ဆိုရင် သူဟာတကယ့် လူတော်တစ်ယောက် ဖြစ်လာမှာပါ။

♦♦♦

Dee Soder ဟာ New York အခြေစိုက် executive assessment နဲ့ coaching firm တစ်ခုဖြစ်တဲ့ CEO Perspective Group ရဲ့ founder ရော၊ managing partner ရော ဖြစ်ပါတယ်။

Ed အနေနဲ့ မြန်မြန်ဆန်ဆန် သဘောပေါက်ဖို့ လိုနေပြီ။ ဒီအချိန်မှာတော့ Paterno မှန်ပါတယ်။ Frank ဟာ အဖျက်အမှောင့်ဝန်ထမ်းတစ်ယောက်ပါ။ Ed ရဲ့ candidacy ကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေတာပါ။ Ed အနေနဲ့ Carston Waite မှာပဲဖြစ်ဖြစ်၊ အခြားဘယ်ကုမ္ပဏီမှာပဲ ဖြစ်ဖြစ်၊ CEO ရာထူးကို လက်ခံဖို့ အသင့်မဖြစ်သေးပါဘူး။ ရန်ကိုရန်ချင်းတုံ့ပြန်တဲ့၊ ကလေးဆန်တဲ့ မိန့်ခွန်းမျိုးဟာ ဒီအချက်ကို Davos က ခေါင်းဆောင်တွေသိအောင် ကြေညာလိုက်သလို ဖြစ်သွားမှာပါ။

နှစ်ပေါင်း ၂၀ လောက် CEO assessments နဲ့ top executive coaching တွေကို အာရုံစိုက်ပြီး လုပ်လာခဲ့တဲ့ ကျွန်မအတွက်တော့ Ed ဟာကျွန်မရဲ့ CEO assessment ကို အကြောင်းနှစ်ခုနဲ့ ကျရှုံးပါတယ်။ ပထမတစ်ခုက အခြေအနေကို သူကိုယ်တိုင် မပြောင်းလဲနိုင်ခဲ့ပါဘူး။ Frank ကပဲ in charge ဖြစ်နေတာပါ။ Ed က reactive ဖြစ်တယ်ဆိုရုံပါပဲ။ နောက်တစ်ခုက ဆန္ဒပြတဲ့သူတွေက သူ့အာရုံကို အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုကနေ ဆွဲခေါ်သွားတယ်။ ကားသမားကတောင်မှ သူ့ထက်ပိုတည်ငြိမ်သေးတယ်။ Ed ရဲ့ ထိန်းချုပ်မှုနဲ့ ယုံကြည်စိတ် မရှိခြင်းတွေက တကယ့်ကို အငြင်းပွားစရာပါ။

ခေါင်းဆောင်ကောင်းတွေမှာက သူတို့စိတ်ခံစားချက်က ဘယ်လိုပဲဖြစ်နေပါစေ၊ တည်ငြိမ်မှုရှိတယ်။ ကျွန်မရဲ့ client တွေထဲက အကြိုက်ဆုံးတစ်ယောက်က အခုလိုပြောဖူးတယ်။ “ကျွန်တော်က ရေကန်ထဲမှာ အေးအေးလူလူ ကူးခတ်နေတဲ့ ဘဲလေးတစ်ကောင်လိုပဲ။ ကန်ဘေးက ရပ်ကြည့်နေတဲ့သူတွေအဖို့ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေတယ်။ ဒါပေမယ့် ရေမျက်နှာပြင်အောက်မှာတော့ ကျွန်တော်က အရူးတစ်ယောက်လို ကူးခတ်နေရတယ်”ဆိုပြီး သူကပြောဖူးတာ။

နောက်ပိုအရေးကြီးတဲ့အချက်က Ed ဟာ ကျင့်ဝတ်ပိုင်း စာမေးပွဲမှာလည်း ကျရှုံးတယ်။ Paterno ကို ရုံးခန်းထဲ ဆွဲသွင်းလာခဲ့ချိန်က ဒါရိုက်တာအဖွဲ့ကို Frank က လိမ်ခဲ့တယ်။ ဒီလှည့်စားမှုကို Ed ကလည်း ထောက်ခံခဲ့တယ်။ အမှားအမှန်ရွေးချယ်မှုမှာ ပြတ်ပြတ်သားသား မရှိခဲ့ဘူး။ CEO တွေဟာ ကျင့်ဝတ်ပိုင်းပြဿနာတွေကို နေ့စဉ်နဲ့အမျှ ဖြေရှင်းနေရတာ။ Paterno က အကောင်းဆုံး role model တော့ မဟုတ်ဘူး။ ဒါပေမယ့် Ed ဟာ သူ့ကိုယ်ပိုင်ရှုပ်ထွေးမှုတွေ၊ တာဝန်ယူမှုတွေကို ကောင်းကောင်း နားမလည်နိုင်ခဲ့ဘူး။

ဒါက Ed ကို လှုပ်နှိုးလိုက်တဲ့ တစ်ခုတည်းသော အရာပဲလို့ မျှော်လင့်ရမယ်။ သူကအရေးပါတဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်မှုတွေလုပ်ပြီး သူ့အားနည်းချက်တွေအတွက် ပြန်ပြင်ဆင်ရမယ်။ အရေးကြီးတာက တစ်ကိုယ်တည်း ကျိတ်ဖြေရှင်းတာကို အရင်ကိုင်တွယ်ရမယ်။ အံ့အားသင့်စရာက ၁၅ နာရီလုံးလုံး အခန်းအောင်းနေပြီး ဘယ်သူနဲ့မှ စကားမပြောတာပဲ။ အွန်လိုင်းမှာ သတင်းတွေ သူမဖတ်တော့ဘူးတဲ့လား။ Paterno ကို အစိုးရမိန့်ခွန်းအတွက် ဆက်သွယ်တာမျိုး မလုပ်ခဲ့ဘူး။ Davos က လူတွေကို ကြိုပြီးဖုန်းခေါ်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ဘယ်သူနဲ့မှလည်း စကားမပြေဘူး။ ဒါဆိုရင် ဘယ်လိုလုပ် သတင်းအချက်အလက်တွေကို သူရနိုင်မှာလဲ။ CEO တွေဟာ အချက်အလက်တွေကို မှီခိုနေရတာ။ Ed အနေနဲ့ အထက်၊ အောက်၊ ဘေးဘယ်ညာ အားလုံးနဲ့ အမြဲမပြတ်ဆက်သွယ်ပြီး အခြေအနေစုံစမ်းနေဖို့လိုတယ်။ ကော်ပိုရေးရှင်းတွေမှာ မဟာမိတ်တွေဟာ အရေးအကြီးဆုံးပဲ၊ အခုခေတ်လို ခပ်မြန်မြန်ပြောင်းလဲနေတဲ့ အဖွဲ့အစည်းတွေမှာ ပိုအရေးပါတယ်။ Ed ဟာ source တစ်ခုတည်းကိုပဲ မှီခိုထားတယ်။

လုပ်ငန်းရေး လျှို့ဝှက်ချက်ကို ထုတ်ပြောမိသည်အထိ ရူးမိုက်စွာ မလုပ်ခဲ့ဘူးဆိုရင် Ed ဟာ Paterno ရဲ့ သူ့အပေါ်ယုံကြည်မှုကို ခပ်မြန်မြန် ပြန်တည်ဆောက်သင့်တယ်။ ဒါမှ Carston Waite မှာ သူ့အနာဂတ်ကို ပြန်ထူထောင်နိုင်မယ်။ ဒါပေမယ့် ဒါကခနောခနဲ့ ဖြစ်နေဦးမှာပဲ။ တကယ်လို့ ကိုယ်သာ Paterno သာဆိုရင် Ed ရဲ့ သစ္စာရှိမှုနဲ့ motivation တွေကို မေးခွန်းထုတ်မိမှာ အမှန်ပဲ။ သူကသူ့မဟာမိတ်အဖြစ် ဟိုးတစ်ချိန်ကတည်းက Frank ကို ရွေးခဲ့တာ။ Paterno က သူ့ရဲ့လမ်းညွှန်သူရော၊ ထောက်ခံသူပါ ဖြစ်ခဲ့တယ်။ ဒါတောင်မှပဲ Ed ဘက်က အဆက်အဆံရပ်ထားတယ်။

Ed ကို ရာထူးတိုးပေးတယ်၊ သူ့ယုံကြည်မှုတွေကို မျှဝေခံစားတယ်၊ interpersonal skills တွေ ကောင်းလာအောင် အားပေးတယ်၊ တရားမဝင်ပဲဖြစ်ဖြစ် သူ့ကိုကိုယ့်ရဲ့ ဆက်ခံသူအဖြစ် ရွေးချယ်ထားတယ်။ ဒါဆိုရင် Paterno ဟာ Ed ကိုယ်စား Frank က ဘုတ်အဖွဲ့ကို lobby လုပ်တဲ့ ကိစ္စကို ဘယ်လိုယူဆမလဲ။ အခုအရေးပေါ် ဘုတ်အဖွဲ့အစည်းအဝေးလုပ်ပြီး Frank ကို အလုပ်ဖြုတ်လိုက်ပြီ။ အပြင်မှာ မီဒီယာတွေက မေးနေပြီ။ ပွက်လောရိုက်နေပြီ။ ဒါတောင်မှပဲ Ed ဆီက ဘာသတင်းမှ မကြားရဘူး။

Ed အနေနဲ့ Paterno ကို ချက်ချင်းဆက်သွယ်ဖို့လိုတယ်။ သူ့အနေနဲ့ ရာထူးက ဖြုတ်ခံရမယ်ဆိုလည်း ကြိုတင်ပြင်ဆင်ထားရမယ်။ တကယ်လို့ Paterno နဲ့ စကားပြောရင် “ဟေ့၊ ခင်ဗျားမိန့်ခွန်းက အခြေအနေကောင်းတယ်ဗျ။ လူတွေက သဘောကျကြတယ်။ Frank ကို ဖြုတ်လိုက်ပြီဆို၊ ဘယ်လိုဖြစ်ရတာလဲဗျာ”ဆိုတာမျိုး ပြောရမယ်။

Ed ရဲ့ tone က အရေးကြီးတယ်။ အကောင်းမြင်စိတ်ပါပြီး အလေးအနက်ထားပုံပေါက်ရမယ်။ Paterno က ဘာပြောပြော Ed အနေနဲ့၊ “Frank က စည်းလွတ်သွားတာပေါ့ဗျာ။ သူကခင်ဗျားအကြောင်း ကျွန်တော့်ကို အကောင်းပဲပြောခဲ့တာ။ ဒါပေမယ့် ခင်ဗျားအပေါ် ကျွန်တော်ဘယ်လို သဘောထားတယ်ဆိုတာလဲ သူသိတာပဲ။ စိတ်ပျက်စရာပါဗျာ”လို့ ပြောရုံပဲ ရှိတော့မယ်။

တကယ်လို့များ Paterno က Ed ကို သူ့အကြောင်း Frank က ဘာပြောသေးလဲမေးရင် Ed အနေနဲ့ မလိမ်သင့်ဘူး။ “Frank က အလကားပါဗျာ၊ ဒါကြောင့်လည်း ခင်ဗျားကို ကျွန်တော် ဖုန်းခေါ်တာပေါ့”လို့ ပြန်ပြောရမှာပဲ။ Paterno က ယုံမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် Ed အနေနဲ့ သူ့ဘက်က ရှိတယ်ဆိုတာကို သက်ေသပြဖို့ အချိန်ရသွားမယ်။

Paterno က သူ့ကိုမြှောက်ပြောတာတွေ လုပ်ရင်လည်း လုပ်မယ်။ ဒါပေမယ့် Ed အနေနဲ့ ဒါကိုသာယာသွားလို့ မဖြစ်ဘူး။ သူ့အနေနဲ့ ဘုတ်အဖွဲ့နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားဖို့လိုနေပြီ။ လုပ်ငန်းမှာ လုံခြုံမှမရှိတာက Ed ရဲ့ လုပ်ရည်ကိုင်ရည်ကို တိုးလာစေတယ်။ ဒါပေမယ့် “မင်းတော်တယ်ကွာ”ဆိုတဲ့ အပြောမျိုးသက်သက်က သူ့ကို ဘယ်သူမှ ထိမရတဲ့သူမျိုး ဖြစ်မလာစေဘူး။ ဒါဟာအပြောင်းအလဲတွေလုပ်ဖို့ တွန်းအားတစ်ခုပါပဲ။ Ed အတွက် အရှုံးလား၊ အနိုင်လားဆိုတာ ဆုံးဖြတ်ပေးမယ့် အရေးကြီးတဲ့ အချိန်ပါ။ ခေါင်းဆောင်တွေဟာ ကောင်းကောင်းကုလားဖန်ထိုးတတ်သူတွေပါ။ Ed က သူ့ဖဲတွေကို ကောင်းကောင်း မကစားနိုင်ဘူး။ ဒါပေမယ့် သူကြိုးစားလို့တော့ ရပါသေးတယ်။

♦♦♦

Jeffrey P. Kahn ဟာ နူးယောက်ခ် အခြေစိုက် WorkPsych Associates ရဲ့ CEO ဖြစ်ပြီး၊ မက်ဟန်တန်က Cornell University မှာရှိတဲ့ Weill Medical College မှာ စိတ်ရောဂါကုသမှုဌာနရဲ့ clinical associate professor အဖြစ်လည်း တာဝန်ယူထားပါတယ်။ သူက Mental Health and Productivity in the Workplace: A Handbook for Organizations and Clinicians (Jossey-Bass/Wiley, 2003) ရဲ့ coeditor လည်း ဖြစ်ပါတယ်။

Ed Davidson တစ်ယောက် Davos က စင်ပေါ်ကို တက်သွားချိန်မှာ သူ့အနေနဲ့ သူ့ပြဿနာဟာ CEO David Paterno နဲ့ သက်ဆိုင်တာထက် CFO Frank Maugham နဲ့ ပိုသက်ဆိုင်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ Ed ဟာ တကယ့်ကို ထူးချွန်တဲ့ မန်နေဂျာတစ်ယောက်ပါ။ ကုမ္ပဏီသမိုင်းမှာ အငယ်ဆုံး ဌာနမှုးလည်း ဖြစ်ခဲ့သူပါ။ သူ့မှာဒီလိုခေါင်းဆောင်မှု အရေအချင်းတွေ မရှိရင် David က သူ့ကို သူ့ရဲ့ဆက်ခံသူအဖြစ်ထားမှာ မဟုတ်ပါဘူး။ လက်တွေ့မှာ၊ Davos ကို သူရောက်နေစရာ အကြောင်းတောင် မရှိဘူး။ Ed အနေနဲ့ မာနကြီးခေါင်းမာတဲ့ လေ့လာဆန်းစစ်ရေးသမားဆိုပြီး နာမည်ထွက်နေသည့်တိုင်အောင်တောင်မှပဲ၊ Frank နဲ့ပေါင်းပြီးတော့ ဘုတ်အဖွဲ့ကို လှည့်စားပြီး David ကို နန်းတင်ပေးခဲ့တယ်။

တကယ်တမ်းမှာ Ed ဟာ တစ်နေ့ CEO ဖြစ်နိုင်သူပါ။ David အနေနဲ့ သူ့ကိုဆက်ခံသူအဖြစ် Ed ကို အမည်စာရင်းတင်ပေးဖို့ နှောင့်နှေးနေတာကို ကျွန်တော်တို့ အားလုံးသိတယ်။ David မှာက လတ်တလောမှာ စီးပွားရေးကိုပဲ အာရုံစိုက်မယ်လို့ တွေးထားတာ အကြောင်းရှိလိမ့်မယ်။ ဒါကြောင့်လည်း Davos ကို သူလိုက်မလာတာပေါ့။ သူ့မှာတခြားညှိနှိုင်းစရာတွေ ရှိနေနိုင်တယ်။ Ed ဟာ တစ်ချိန်က David ရဲ့ လက်သပ်မွေးတပည့်ပဲ။ သူတို့နှစ်ယောက် အတူတွဲမလုပ်ဖြစ်တာ ကြာပြီဆိုပေမယ့် အရင်က အချိန်တော်တော်ကြာ လက်တွဲဖူးတယ်။ ဒါ့အပြင်ကိုပဲ၊ Ed ရဲ့လုပ်ဆောင်ချက်တွေကို David က အသိအမှတ်ပြုတယ်။ အားကျတယ်ဆိုတာမျိုးတောင် ဖြစ်ဖူးတယ်။ Ed က ကျွမ်းကျင်ပြီး အောင်မြင်အောင် လုပ်နိုင်သူပဲ။ Ed အနေနဲ့ David နဲ့ ပတ်သက်ပြီး စိတ်ပူရတာတွေ ရှိပေမယ့်၊ နှစ်ယောက်ကြား ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုဆိုလို့ မရှိခဲ့ဘူး။

Ed အနေနဲ့ David ဘာတွေ စဉ်းစားနေတယ်ဆိုတာ မသိရသေးခင်မှာ၊ David က သူ့ကိုသစ္စာဖောက်တယ်လို့ မှားယွင်းယုံကြည်နေတာလဲ ဖြစ်နိုင်တယ်။ သူ့အနေနဲ့ Frank ဆီကပဲ သတင်းတွေ ရနေတာ။ Frank က သူ့ကို မကောင်းမြင်တဲ့အမြင်နဲ့ သတင်းတွေ ပေးနေတာလေ။ Frank က အချက်အလက်တွေကို ကောင်းကောင်းကိုင်တွယ်တတ်တယ်။ ကုမ္ပဏီအကြောင်း အူမချေးခါးသိထားပြီး ဘာကိုဘယ်သူ့ကို ဘယ်လိုပြောရမယ်ဆိုတာ သိပြီးသား။ လွန်ခဲ့တဲ့ ဆယ်နှစ်က CEO ပြိုင်ပွဲမှာ Frank ရှုံးပြီးကတည်းက သူ့ကိုယ်စား စွမ်းဆောင်နိုင်မယ့်သူကို သူကရှာနေတာ။ ဒါကြောင့်လည်း David အတွက် ဘုတ်အဖွဲ့ကို လှည့်စားပြီး နန်းတင်ပေးခဲ့တာပဲ။ အခုတော့ Ed အတွက် လုပ်နေပြန်ပြီ။ Frank အနေနဲ့ ကုမ္ပဏီကို နောက်ကွယ်ကနေ ကြိုးကိုင်ချင်နေတယ်။ နောက်ဆုံးအကြိမ် သူ့ရဲ့ကြိုးစားမှုက အာဏာလုယူတဲ့ CEO ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့်လည်း အလုပ်ဖြုတ်ခံရတာပဲ။

တစ်ဘက်မှာ လက်တွေ့ကျကျ Ed ကို CEO ဖြစ်စေချင်ပေမယ့်၊ Frank စိတ်ထဲမှာ Ed ရဲ့ အနေအထားကို မနာလိုတာမျိုးလည်း ရှိနိုင်တယ်။ Ed က အခုအချိန်မှာ အနာဂတ် CEO အဖြစ်နဲ့ David ကိုယ်စား Davos မှာ မိန့်ခွန်းပြောရတော့မယ်။ အောင်မြင်တဲ့ ကော်ပိုရေးရှင်းတွေဟာ အတွင်းပိုင်းပြိုင်ဆိုင်မှုတွေနဲ့ ရှင်သန်နေရတာပဲ။ ဒါပေမယ့် အလွန်အကျွံဖြစ်တာမျိုး၊ မရိုးသားကြတာမျိုးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ငန်းကိုယ်တိုင်ကိုတောင်မှပဲ နစ်နာမှုတွေ ဖြစ်စေတယ်။ ဒီကိစ္စမှာဆိုရင် Frank က Ed ကို သူ့ကိုဒုက္ခပေးနိုင်သူအဖြစ် မြင်နေတယ်။ ဒါကြောင့်လည်း Ed ရဲ့ David အပေါ် စိုးရိမ်စိတ်တွေကို မီးထိုးပေးနေတာ။ Frank ရဲ့အပြုအမူတွေက Ed နဲ့ဆက်ဆံရေးကို သေးသိမ်အောင် လုပ်လိုက်သလို၊ Davos မှာရှိတဲ့ Ed ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျဆင်းသွားစေတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာ ရှပ်ထွေးတဲ့ ပြိုင်ဆိုင်မှတွေက မကြာခဏကြုံနေကြဖြစ်ပြီး၊ အဖွဲ့အစည်းတွေကို ဆိုးဆိုးရွားရွား နစ်နာစေတယ်။

ဥပမာပြောရရင် ကုမ္ပဏီတစ်ခုက senior executive တစ်ယောက်ဟာ အရည်အချင်းရှိတဲ့ အောက်လက်ငယ်သားတွေရဲ့ အောင်မြင်မှု တွေဆီကနေ နာမည်ကောင်းယူတတ်တယ်ဆိုတာ ကျွန်တော်သိထားတယ်။ ဝမ်းသာစရာက အဲဒီအဖွဲ့အစည်းဟာ ကောင်းမွန်ပြီး အောင်မြင်မှုရှိတဲ့ အဖွဲ့အစည်းမျိုးပဲ။ ရလဒ်အနေနဲ့ အောက်လက်ငယ်သားတွေဟာ အထက်လူကြီးတွေကို ဒီကိစ္စအကြောင်း လွယ်လွယ်ပဲ ဖွင့်ပြောလိုက်နိုင်တယ်။ ထိပ်ပိုင်းမန်နေဂျာတွေက ဒီ executive ကို ပြဿနာအကြောင်း ပြောပြရင်း ဖြေရှင်းနည်းတွေ ပေးတယ်။ ပြဿနာရဲ့ ရင်းမြစ်ကို အဖြေရှာပြီး နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ဖြေရှင်းကြတယ်။

ကောင်းမွန်တဲ့ကုမ္ပဏီတွေဟာ သူတို့ဝန်ထမ်းတွေအတွက် ထောက်ပံ့အားကောင်းတဲ့ အဖွဲ့အစည်း culture မျိုးကို ဖန်တီးပေးထားတတ်တယ်။ executive coaching တွေကို အားပေးတယ်ဆိုတာထက် တစ်ချို့ကုမ္ပဏီတွေဟာ senior executives တွေကို စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေး အတိုင်ပင်ခံတွေနဲ့ တွေ့ဆုံစေတယ်။ စိတ်ဓါတ်ကျတာ၊ ဖိအားတွေများတာက Frank ရဲ့ ပြဿနာဖြစ်စေတဲ့ အမူအကျင့်မျိုးကို ဖန်တီးပေးလိုက်တာပဲ။ Executive တွေဟာ သူတို့ဘာဆိုတာနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မြင်တတ်ရတယ်။ Ed အနေနဲ့ ဟောပြောပွဲစင်မြင့်ပေါ်ကို မရောက်ခင် ပြဿနာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ သူ့အနေနဲ့ ဒေါသထွက်နေတယ်ဆိုရင်တောင်မှ David ကိုပဲဖြစ်ဖြစ်၊ သူ့ကိုယ်သူပဲဖြစ်ဖြစ် နိမ့်ပါးသွားအောင် မလုပ်သင့်ဘူး။ ဒီမိန့်ခွန်းဟာ Ed အတွက် အနာဂတ်ပိုကောင်းအောင် လုပ်ပေးနိုင်သလို၊ David နဲ့လည်း ပိုအဆင်ပြေသွားစေမယ်။ corporate social responsibility ကို အပြင်ဘက်မှာ ဖန်တီးဖို့ဟာ စစ်မှန်တဲ့ အတွင်းပိုင်းက တာဝန်ယူမှကလာတယ်ဆိုတာကို Ed အနေနဲ့ မြင်သင့်တယ်။ ဒါကဘာကိုပြောချင်တာလဲဆိုရင် ကော်ပိုရေးရှင်းတွေဟာ အမြတ်အစွန်းရှိရမယ်၊ ကောင်းမွန်စွာ စီမံအုပ်ချုပ်ရမယ်၊ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး လေးလေးနက်နက်ရှိရမယ်၊ အားကောင်းပြီး ကျင့်ဝတ်နဲ့ကိုက်ညီတဲ့ Culture မျိုးရှိရမယ်လို့ ဆိုလိုပါတယ်။ ဒါမျိုးမိန့်ခွန်းမျိုးဟာ Davos မှာ အခြေအနေကောင်းသွားနိုင်မယ်။ US ကို ပြန်ရောက်ရင်လည်း အဲဒီမှာကြုံရမယ့် တွေ့ဆုံမှုတွေက အခြေအနေကောင်းလာမယ်။ ဒါဆိုရင် Ed အနေနဲ့ ဒါရိုက်တာတွေနဲ့ရော CEO နဲ့ပါ ဆက်ဆံရေးပိုအဆင်ပြေလာဖို့ ရှိပါတယ်။

♦♦♦

Charles M. Elson ဟာ University of Delaware ရဲ့ Edgar S. Woolard, Jr., Chair of Corporate Governance လည်းဖြစ်သလို၊ John L. Weinberg Center for Corporate Governance ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ ဖလော်ရီဒါက တန်ပါမှာရှိတဲ့ Holland & Knight ဥပဒေအကြံပေးအဖွဲ့ရဲ့ “Of Counsel”လည်း ဖြစ်ပါတယ်။

Ed ရဲ့ ပြဿနာအခြေတည်ခဲ့တာ ဟိုးအစောကတည်းကပါ။ Carston Waite ရဲ့ CEO ဆက်ခံမှု ပုံစံဟာ အနာအဆာကြီးကြီးမားမား ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာသိနိုင်သလဲ။ တစ်ခုရှိတာက ဒီမှာမြင်းသုံးကောင် ပြိုင်ပွဲဖြစ်နေတယ်။ လက်ရှိ CEO ဖြစ်တဲ့ David Paterno က သူ့လက်ရှိအနေအထားကို ရလာခဲ့တာဟာ အတွင်းပိုင်းက အင်အားရှိသူတွေရဲ့ ကျောထောက်နောက်ခံကြောင့် ရလာခဲ့တာ။ တစ်ဘက်ကကြည့်ရင် ဒါဟာ political process ပဲ။ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ကောင်းတဲ့အချက် မဟုတ်ဘူး။ David က Ed ကို သူ့ကိုဆက်ခံမယ့်သူအဖြစ် မကြေညာတာက succession planning ဟာ ဘုတ်အဖွဲ့က လုပ်တာမဟုတ်ပဲ၊ CEO က သတ်မှတ်ပေးနေတာ ဖြစ်နေတယ်။ ဒါကလည်း succession decisions ကောင်းတွေ ပေါ်ပေါက်ဖို့ကို အားမပေးဘူး။

ထိပ်ပိုင်းမှာ ဒီလိုမြင်းပြေးပွဲတွေ ဖြစ်နေတာက ကြုံတောင့်ကြုံခဲ ကိစ္စတော့ မဟုတ်ဘူး။ သမိုင်းမှာ အထင်ရှားဆုံး ကိစ္စကိုပြပါဆိုရင် General Electric မှာ Jack Welch ရဲ့ နေရာကို အစားထိုးဖို့ လူရှာတုန်းက ဖြစ်ခဲ့တယ်။ ဒီပြိုင်ပွဲမှာ သူတို့အနေနဲ့ ထူးချွန်တဲ့ ခေါင်းဆောင် ကို ရွေးနိုင်ခဲ့ပေမယ့် အရေအချင်းရှိတဲ့ Bob Nardelli နဲ့ Jim McNerney တို့ကို ဆုံးရှုံးလိုက်ရတယ်။ မြင်းပြိုင်ပွဲတွေက ဌာနတွင်း politics တွေကို အားကောင်းစေပြီး တကယ်တမ်း ဖယ်ရှားပစ်ရမယ့် အနာကို ပိုဆွဆွပေးနေသလို ဖြစ်သွားစေတယ်။ ဒီလိုနဲ့ပဲ အနာက သွေးမတိတ်နိုင်ပဲ ပိုပိုပြီးရင်းလာတယ်။

Politics ကို ဖယ်ထုတ်ပစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက်ပဲ။ ကုမ္ပဏီတွေမှာက စီးပွားရေး politicians တွေနဲ့ချည်း ပြည့်နေတာ။ ဒါကလူ့သဘာဝလိုကို ဖြစ်နေပြီ။ ဒါပေမယ့် CEO ရွေးချယ်မှလိုမျိုးမှာတော့ ရှယ်ယာရှင်တွေကို ဘယ်လောက်ပြန်ပေးဆပ်နိုင်တယ်ဆိုတဲ့ အချက်ပေါ်မှာပဲ အခြေခံသင့်တယ်။ ဘယ်သူက ငါ့နေရာဘယ်သူဆက်ခံဆိုတာမျိုး ပြောတဲ့ မူဝါဒမျိုးကို အခြေမခံသင့်ဘူး။ ကိုယ်ကတစ်ခုခုကို ပြင်းပြင်းပြပြယုံကြည်နေပြီဆိုရင် အဲဒီယုံကြည်ချက်က လက်တွေ့ဖြစ်ရပ်တွေကို လှမ်းမိုးသွားတယ်လို့ ကျွန်တော်ထင်တယ်။ ဒီလိုပြင်းပြတဲ့ အာသီသ ယုံကြည်မှမျိုး Carston Waite က ဘယ်သူ့ဆီမှာမှ မတွေ့ရဘူး။ ရှယ်ယာရှင်တွေကို တန်ဖိုးထားသုံးသပ်မှုမျိုး ဒီဖြစ်စဉ်မှာ လုံးဝမမြင်ခဲ့ရဘူး။ ဒါကြောင့်ပဲ အခုဒီဖြစ်စဉ်မှာ ပါဝင်သူတိုင်းက လေးစားလောက်စရာ လုံးဝကိုမရှိဘူး ဖြစ်နေတယ်။

Management ပိုင်းမှာ တစ်ကိုယ်ကောင်းဆန်တဲ့ political အပြုအမူတွေကို ကိုင်တွယ်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဟာ ကာလရှည်ရှယ်ယာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး စစ်မှန်တဲ့ ရည်မှန်းချက်ရှိတဲ့ ဘုတ်အဖွဲ့မျိုးကို လိုအပ်တယ်။ ဘုတ်အဖွဲ့ထဲမှာလည်း နိုင်ငံရေးကင်းရှင်းတယ်ဆိုတာမျိုး မရှိနိုင်ဘူး။ ဘုတ်အဖွဲ့ဝင်တွေလည်း လူတွေပဲ။ ဒါကြောင့် သူတို့ဟာ သူတို့ကိုယ်စားပြုတဲ့ လုပ်ငန်းကိုပဲ အာရုံစိုက်ကြရမယ်။ လက်ရှိ management ကို ပစားပေးနေလို့ မဖြစ်ဘူး။ ဒီလိုအနေအထားမျိုးမှာဆိုရင် Frank Maugham လို CFO မျိုးဟာ ဘုတ်အဖွဲ့ထဲ ပါလာစရာအကြောင်းကို မရှိဘူး။ Frank ရဲ့ anti-management လှုပ်ရှားမှုက ပြဿနာကို မီးမွေးလိုက်တာပဲ။ ဘုတ်အဖွဲ့အတွင်းပိုင်းက အတုအယောင် management တွေကို နီးနီးကပ်ကပ် လုပ်နိုင်တာက အန္တရာယ်ပဲ။

ဖြစ်စဉ်တစ်ရပ်လုံး ခြုံကြည့်ရင် succession process ကို ဘုတ်အဖွဲ့က မကိုင်နိုင်တာဟာ အရေးကြီးတဲ့ ပြဿနာရင်းမြစ်ပဲ။ ဒီအကြောင်းအသေးစိတ်ကို National Association of Corporate Directors’ 1998 Report of the NACD Blue Ribbon Commission on CEO Succession မှာ ဖော်ပြထားတာရှိတယ်။ ဒါပေမယ့် CEO က လှမ်းမိုးထားတဲ့ ဘုတ်အဖွဲ့မျိုးကို ရထားတဲ့ ကုမ္ပဏီတွေအဖို့၊ CEO က ပဲ လွှမ်းမိုးတဲ့ succession process ကို ကျင့်သုံးရမှာပါ။

ဒါဆိုရင် Carston Waite မှာ Ed အဖို့ ဆက်လက်ရှင်သန်နိုင်ပါတော့မလား။ ရှင်သန်နိုင်သေးတယ်။ ဒါပေမယ့် အဲဒီမှာဆက်နေမယ်လို့ ဆုံးဖြတ်ရင်၊ သူ့အနေနဲ့ အဖျက်အမှောင့် လမ်းကြောင်းတစ်ချို့ကိုသုံးပြီး သူ့ရာထူးကို ကယ်တင်တာမျိုး မလုပ်သင့်ဘူး။ သူ့အတွက် စိန် ခေါ်မှုက politics ကို ကျော်လွှားနိုင်ရမယ်။ ဒါဆိုရင်တော့ မိန့်ခွန်းကို ဘာမှမပြောင်းနဲ့၊ အိမ်ပြန်၊ လုပ်စရာရှိတာ အကောင်းဆုံးဆက်လုပ်။ ဒါပဲ။

လူတော်တော်များများ မှားဖူးတယ်။ ဒါပေမယ့် သူတို့အောင်မြင်တာပဲ။ Ed ရဲ့ ဒီနေရာမှာ အမှားက politics ကို ကစားတဲ့နေရာမှာ မှားသွားတာပဲ။ သူ့အနေနဲ့ စီးပွားရေးကိုပဲ အာရုံစိုက်သင့်တယ်။ Ed ဟာ CEO ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ကိုယ့်လုပ်ငန်းထက် self-preservation ဒါမှမဟုတ် self-promotion တွေကို ရှေ့ဆက်ပိုပြီး အလေးထားနေမယ်ဆိုရင် ဒီနေရာမှာတင် တစ်ခါတည်း နှုတ်ဆက်သွားရတော့မှာပါ။

♦♦♦

ဒါကတော့ အပေါ်က case study ကို နယ်ပယ်အသီးသီးက ပညာရှင်လေးဦးရဲ့ သုံးသပ်ချက်အသီးသီးပဲ ဖြစ်ပါတယ်ခင်ဗျား။

Giacomo

[၂၀၁၄၊ နိုဝင်ဘာလထုတ် Myanmar B2B မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ဆောင်းပါးပါ။ အမှတ်တရဖြစ်အောင် ပြန်တင်ထားတာပါ။]

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s