မွတ်ဆလင်ရှေ့နေကြီး လုပ်ကြံခံရမှု

Benedict Cumberbatch ရဲ့ Sherlock ကို ကျွန်တော်တော်တော်လေးကို ကြိုက်ပါတယ်… သူတို့ရဲ့ concept ကို သဘောကျတာပါ… ဗစ်တိုးရီးယားဘုရင်မကြီးခေတ်၊ အက်ဒဝဒ်ဘုရင်ခေတ်တွေက နာမည်ကျော်စုံထောက်ကြီးကို ၂၁ ရာစုနဲ့ ကိုက်ညီအောင် ပြန်အသက်သွင်းတဲ့ စီးရီးစီစဉ်သူတွေရဲ့ စိတ်ကူးကို အရမ်းကြိုက်တယ်…

အဲဒီမှာ ဘာစိတ်ကူးမိလဲဆိုတော့ ငါရောဒါမျိုးလုပ်ကြည့်ရင် ဘယ်လိုနေမလဲဆိုပြီး စဉ်းစားမိလာတယ်… အရင်ကတည်းကတွေးဖူးတယ်… စာရေးတဲ့သူဆိုတာ အကုန်ရေးနိုင်ရမယ်… မရေးချင်လို့ မရေးတာသာရှိမယ်… မရေးတတ်တဲ့ စာပေအမျိုးအစားဆိုတာ မရှိရဘူးပေါ့… အချစ်၊ အလွမ်း၊ ဟာသ၊ အပစ်အခတ်၊ အညှစ်အသတ် အကုန်ရေးနိုင်ရမယ်… သေတ္တာမှောက်ကနိုင်ရမယ်ပေါ့… အဲဒီတော့ စုံထောက်စာပေမျိုး ရေးကြည့်ရင် ဘယ်လိုနေမလဲ… ငါလုပ်နိုင်မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်ပါတယ်… စုံထောက်ဇာတ်လမ်းရေးမယ်ပေါ့… စစချင်းတုန်းကတော့ ကိုယ့်ဖာသာကိုယ် ဇာတ်ကောင်တွေဖန်တီးပြီး ရေးမယ်စိတ်ကူးပေမယ့် Sherlock စီးရီးကို ကြည့်ပြီးတော့ ကျွန်တော်လည်းပဲ ဆရာကြီးရွှေဥဒေါင်းရဲ့ ဇာတ်ကောင်တွေကို ပြန်အသက်သွင်းကြည့်ရင် ဘယ်လိုနေမလဲလို့ တွေးမိလာတယ်… ၂၀၁၇ ရန်ကုန်မှာ YBS စီးနေရတဲ့ ဦးစံရှားနဲ့ ဦးသိန်းမောင်ပေါ့… တော်တော်လေး မိုက်မှာပဲဆိုပြီး စိတ်ထဲတွေးမိသွားတယ်…

အဲဒါနဲ့ပဲ ကိုလိုနီခေတ်က ဦးစံရှားနဲ့ ဦးသိန်းမောင်တို့ကို ၂၁ ရာစုထဲ ပြန်ခေါ်ဖို့ ကျွန်တော်စပြီး ကြိုးစားတာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းကပါ… Plot တွေ စဉ်းစားတယ်… ဇာတ်လမ်းအခန်းစဉ်တွေ စဉ်းစားတယ်… ဆရာကြီးရွှေဥဒေါင်း ဖန်တီးခဲ့တဲ့ ဦးစံရှားနဲ့ ဦးသိန်းမောင်ကို ချွတ်စွတ်ပြန်ယူတာမျိုးမဟုတ်ပဲ… ဒီနေ့ခေတ်နဲ့ ကိုက်ညီတဲ့ ဇာတ်ရုပ်မျိုးတွေလည်းရှိလာအောင်… ဆရာကြီးရဲ့ ဖန်တီးမှုလည်း လုံးလုံးပျောက်မသွားရအောင်… ကြိုးစားပြီး character တွေကို ဖန်တီးတယ်… dialog တွေကို အကြိမ်ကြိမ်ပြန်ရေးရတယ်… ပုံမှန်အားဖြင့် ကျွန်တော်က ရသစာတွေအရေးများတော့ dialog တွေက လေးတယ်… အခုဟာက စုံထောက်ဝတ္ထုဆိုတော့ ဖတ်ရင်းနဲ့လည်း ပျင်းမသွားရအောင်… ဇာတ်လမ်းထဲမှာပါတဲ့ မြှုပ်ကွက်ကလေးတွေကိုလည်း စာဖတ်တဲ့သူက သဲလွန်စကောက်ရင်း တနုံ့နုံ့တွေးနေလို့ရအောင် စီစဉ်ပြီးရေးရတာ တော်တော်မလွယ်ပါဘူး… ပထမစစချင်းတုန်းက ဘာရယ်မဟုတ်ဘူး… အပျော်ပဲဆိုပြီး… ၃၊ ၄ ရက်လောက် အချိန်ပေးနိုင်ရင် ရပါတယ်လေဆိုပြီး လုပ်ခဲ့တဲ့ project ဟာ ၃ ပတ်လောက်ကြာသွားပါတယ်… ဒါပေမယ့် ဇာတ်လမ်းတစ်ခုလုံးပြီးသွားချိန်မှာ ပြန်ဖတ်တော့ အလှည့်အပြောင်းလေးတွေ… Plot ဆင်ထားပုံလေးတွေကို သဘောကျပြီး ကိုယ့်ကိုယ်ကိုယ် အားရမိပါတယ်…

ဒါကြောင့် ကျွန်တော့်စာဖတ်ပရိတ်သတ်တွေ ဖတ်လို့ရအောင် Facebook မှာရော… ကျွန်တော့်ဒီ Blog မှာပါ ပြန်တင်ထားဖြစ်ပါတယ်။

Disclaimers:                :

This is a work of fiction. Names, characters, businesses, places, events and incidents are either the products of the author’s imagination or used in a fictitious manner. Any resemblance to actual persons, living or dead, or actual events is purely coincidental.

Copyright:                  :

This work is licensed under the Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License. To view a copy of this license, visit

http://creativecommons.org/licenses/by-nc-nd/4.0/.

♦♦♦

မျက်လုံးကို အသာဖွင့်လိုက်တော့ နေအလင်းရောင်က မျက်နှာတစ်ခြမ်းကို ထိုးနေတယ်။ အခန်းတစ်ဘက်ခြမ်း စားပွဲပေါ်က နာရီကို လှမ်းကြည့်တော့ မနက် ၈ နာရီခွဲ။ တစစ်စစ်ကိုက်ခဲနေတဲ့ ခြေထောက်ကို လက်နှစ်ဘက်နဲ့ကိုင် အံကျိတ်ကာ ဆွဲမြှောက်ရင်း ကုတင်အောက်ကို အတင်းပစ်ချထည့်လိုက်တယ်။ အကြောတွေထဲ အပ်အချောင်းပေါင်းများစွာနဲ့ ဇတ်ခနဲထိုးလိုက်သလို စစ်ခနဲနာကျဉ်မှုကြောင့် အိပ်ရေးမဝသလိုဖြစ်နေတဲ့ မျက်လုံးတွေထဲ ပြာဝေသွားရပြန်တယ်။ အသက်ကိုအောင့်ထားရင်း မအော်မိအောင် နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး လက်တစ်ဘက်နဲ့ နံရံမှာထောင်ထားတဲ့ စတီးတုတ်ကောက်ကို လှမ်းဆွဲလိုက်တယ်။ ပြီးတော့မှ ခါးကိုတဖြည်းဖြည်းမတ်ရင်း ကျန်တဲ့ခြေထောက်တစ်ဘက်ကိုပါ အောက်ကိုချလိုက်ရင်းကနေ ကုတင်းစောင်းမှာ မတ်မတ်ထိုင်နိုင်အောင် မနည်းကြိုးစားလိုက်ရတယ်။ နဖူးမှာက ချွေးသီးချွေးပေါက်တွေ အပြည့်။ မွေ့ယာအောက်က သံကုတင်ဘောင်ကို လက်တစ်ဘက်နဲ့ တင်းတင်းဆုပ်ထား၊ ကျန်တဲ့လက်တစ်ဘက်က တုတ်ကောက်ကို တင်းတင်းကိုင်၊ ကြမ်းပြင်ကို အားနဲ့ထောက်ပြီး တုတ်ကောက်အကူအညီနဲ့ အိပ်ယာကနေ လူတစ်ကိုယ်လုံး ကြွလာအောင် ထလိုက်ရင်း အောင့်ထားတဲ့ အသက်ကို ရှူထုတ်လိုက်ပြီးတော့မှ အိမ်သာရှိတဲ့ဆီ တလှမ်းချင်း၊ တုန်တုန်ရီရီနဲ့ သွားရတယ်။

♦♦♦

ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုနေတယ်။ မနက်ပိုင်းက မိုးရွာထားလို့ မြေပြင်တစ်ခုလုံး ဗွက်တွေထနေတာကလွဲရင် တိမ်တောင်လေးတွေနဲ့ နေရောင်တောက်တောက်နဲ့မို့ ပတ်ဝန်းကျင်က လှပလွန်းနေပြန်တယ်။ တစ်မနက်လုံး လမ်းလျှောက်လာရင်း စမ်းချောင်းတစ်ခုကို ဖြတ်တဲ့အချိန်မှာ သူတို့ခဏတဖြုတ်နားခွင့်ရလိုက်ကြတယ်။ ချောင်းကိုမဖြတ်ခင် ချောင်းဘေးကမ်းစပ်မှာ ခဏနားရင်း နေ့လည်စာစားဖို့ ပြင်ကြရတယ်။ ရန်သူတွေ လှုပ်ရှားနေတဲ့ နယ်မြေကို ဖြတ်ပြီးတော့ သွားနေရတာမို့ နောက်ကျောမလုံပေမယ့် တစ်မနက်လုံး ပင်ပန်းလာလို့ ခဏပဲဖြစ်ဖြစ် ထိုင်ပြီးအနားယူချင်မိတယ်။

“အုန်း”ခနဲ အသံတစ်သံ။

အန္တရာယ်အသံဆိုတာ ကျင့်သားရနေတဲ့ နားကချက်ချင်းသိပေမယ့်၊ တစီစီမြည်သံရဲ့နောက်မှာ ဘာမှမသည်းကွဲနိုင်ဘူး။ လက်ထဲက သေနတ်ကို တင်းတင်းဆုပ်ထားတယ်။ သူ့ရဲဘော်တွေ ပြေးလွှားရင်း ရန်သူရှိနိုင်မယ့်နေရာကို ရှာနေတာ၊ ကျည်ကွယ်မျက်ကွယ်ကို ပြေးကပ်နေကြတာ လှမ်းမြင်လိုက်မှ သတိဝင်လာပြီး ထဖို့လုပ်တော့ ခေါင်းထဲမိုက်ခနဲဖြစ်ပြီး မြစ်ကမ်းက နွံတွေပေါ် ပစ်လဲကျသွားတယ်။ ဘာဖြစ်တာလဲလို့ တွေဝေနေတုန်းမှာပဲ၊ သန်မာတဲ့ လက်တစ်ဘက်က သူ့ချိုင်းအောက်ကို နှိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို မြေပေါ်မှာ တရွတ်ဆွဲ ဆွဲခေါ်သွားတာကို ခံလိုက်ရတယ်။ မျက်လုံးကို အတတ်နိုင်ဆုံးဖွင့်၊ သတိလစ်မသွားရအောင် အာရုံကို အတတ်နိုင်ဆုံး စူးစိုက်ထားရင်း အခုနက သူရပ်နေခဲ့တဲ့နေရာကို လှမ်းကြည့်လိုက်တော့ သွေးစွပ်ကြောင်းရာကြီးက နွံတွေ၊ မြက်ပင်ရိုင်းတွေအပေါ်မှာ အထင်းသားကျန်ရစ်ခဲ့တာကို နောက်ဆုံးမြင်လိုက်ရတာပဲ။

♦♦♦

မနက်စာအတွက်က ကြက်ဥကြော်တယ်။ ညကကျန်တဲ့ ထမင်းကြမ်းနဲ့ တွဲစားလို့ရတယ်။ တီးမစ်ထုပ်တစ်ထုပ်ဖောက်ပြီး မတ်ခွက်ထဲထည့်၊ ညတုန်းက ပေါင်ကနေကိုက်လာလို့ ရေနွေးအိတ်ကပ်ဖို့လုပ်ရင်း ကျန်နေသေးတဲ့ ရေနွေးကို ဓါတ်ဘူးထဲကနေ ခွက်ထဲကို လောင်းထည့်လိုက်တယ်။ ထမင်းကြမ်းနဲ့ ကြက်ဥကြော်ကို လက်ဖက်ရည်နဲ့ မျှောချလိုက်ရင်း တီဗီကလာနေတဲ့ သတင်းကိုကြည့်တယ်။ သမ္မတကြီးက စာအုပ်စျေးပွဲတော် သွားကြည့်တယ်။ မန်ယူရှုံးပေမယ့် နှစ်ပွဲပေါင်းရလဒ်နဲ့ လိဂ်ဖလားဖိုင်နယ်ကို ရောက်သွားတယ်။ ဒေါ်နယ်ထရန့်ရဲ့ ဒုက္ခသည်တွေကို ပိတ်ပင်တဲ့ ကိစ္စကို အရပ်ဘက်တရားရုံးတစ်ရုံးက ဆိုင်းငံ့တဲ့အမိန့်ထုတ်လိုက်တယ်။

ပန်းကန်တွေဆေးပြီးတော့ ဆေးသောက်ဖို့ပြင်တယ်။ အနာအတွက် ဒူးခေါင်းကို ဆေးထိုးထည့်ရတယ်။ ဒါနေ့တိုင်း ပုံမှန်လုပ်နေကြ ကိစ္စတွေ။ အဝတ်အစားလဲပြီးတော့ အခန်းတံခါးသော့ခတ်၊ လှေကားထစ်တွေကို တုန်တုန်ရီရီနဲ့ ဖြတ်ဆင်းလာခဲ့ရင်း လမ်းပေါ်ရောက်လာရတယ်။ လမ်းတွေ့တဲ့ တက္ကစီတစ်စီးကို လှမ်းတားလိုက်တော့ တက္ကစီက သူရပ်နေတဲ့ လမ်းဘေးကို လာကပ်ပြီး ရပ်တယ်။ “ဗိုလ်အောင်ကျော်လမ်းဘက်သွားချင်လို့၊ ဘယ်လောက်ပေးရမလဲ”လို့ ကားသမားကို လှမ်းမေးလိုက်တယ်။

♦♦♦

ပင်စင်ထုတ်ပြီး ဘဏ်ထဲကနေ ထွက်လာတော့၊ လက်ဖက်ရည်ကောင်းကောင်း သောက်ချင်လာတယ်။ မြို့ထဲမှာနေပေမယ့် ၈ လွှာတိုက်ခန်းကို တုတ်ကောက်ကြီးနဲ့ ခဏခဏဆင်းလိုက်၊ တက်လိုက်မလုပ်နိုင်တာရော၊ ပုံမှန်သောက်မယ်ဆိုရင် လက်ဖက်ရည်က စျေးကြီးတာရောမို့ တီးမစ်ထုပ်တွေချည်းပဲ သောက်သောက်နေရတာ ကြာနေပြီ။ ဒါနဲ့ပဲ သူငယ်ငယ်က အရမ်းကြိုက်တဲ့ လက်ရွေးစင်လက်ဖက်ရည်လေးသောက် အပြင်ရောက်တုန်းရောက်ခိုက် ဟိုနားဒီနား လမ်းလျှောက်ဦးမှပဲလို့ စဉ်းစားမိပြီး ဗိုလ်အောင်ကျော်လမ်းကနေထွက် ကုန်သည်လမ်းအတိုင်းလျှောက်လာ၊ စာပေဗိမ္မာန်မှာ စာအုပ်တွေဝင်ကြည့်၊ ပန်းဆိုးတန်းလမ်းကနေ မဟာဗန္ဓုလမ်းပေါ်တက်၊ ဧမာနွေလဘုရားကျောင်းရှေ့ကနေက ကားလမ်းကူး မြို့တော်ခန်းမရှေ့ကနေ လျှောက်လာလိုက်တယ်။

“ဟေ့၊ ဟေ့လူ၊ ကိုသိန်းမောင်။ ကိုသိန်းမောင် ဘယ်သွားမလို့လဲ။”

ရုတ်တရက် လှမ်းနှုတ်ဆက်တဲ့အသံကြောင့် ရုတ်တရက် ခြေလှမ်းတွေ တုံ့သွားတယ်။ နောက်ကိုလှည့်ကြည့်တော့ စောနကမှ သူ့ရှေ့က ဖြတ်သွားခဲ့တဲ့လူတစ်ယောက်က သူ့လှည့်ပြီးနှုတ်ဆက်နေတာကို တွေ့လိုက်တယ်။

“ဟေ့၊ ကိုသိန်းမောင်၊ ကိုယ့်ကိုမှတ်မိလား။ မြင့်မောင်သိန်းလေကွာ။ DMA မှာတုန်းက မင်းတို့ထက် ၂ နှစ်စောတယ်လေ။ မေမြို့ကုတင် ၇၀၀ မှာတုန်းကလည်း ကိုယ်တို့အတူတူပဲလေကွာ။”

“အား၊ ဟုတ်သားပဲ။ ကိုမြင့်မောင်သိန်း။ ကျွန်တော်မှတ်မိပြီဗျာ။ ဟိုဆီးချိုဖြစ်တဲ့ဆရာကြီးကို ခင်ဗျားပဲ amputation လုပ်ပေးလိုက်တာ ကျွန်တော်ပြန်မှတ်မိပြီ။”

“အင်း၊ မင်းက မှတ်မိသားပဲ။ အေးကွာ၊ မင်းလည်း မသေကောင်း မပျောက်ကောင်းပဲ။ ခြေထောက်ဘယ်လိုနေသေးလဲ။ မော်တာကျည်မှန်တာ မဟုတ်လား။ ဒါနဲ့ဘယ်သွားမလို့တုန်း။ အခုဘယ်မှာနေနေတုန်း။”

“လက်ရွေးစင်မှာ လက်ဖက်ရည်သွားသောက်မလို့ဗျ။ လာလေဗျာ၊ ခင်ဗျားနဲ့လည်း မတွေ့တာကြာလို့၊ စကားလေးဘာလေး ပြောကြရအောင်။”

♦♦♦

“ကိုယ်လည်း တပ်ကထွက်၊ အရပ်ဘက်ပြောင်းပြီးတော့၊ အခုဂန္ဒီဆေးရုံမှာ တာဝန်ကျနေတယ်။ အပြင်ဆေးခန်းလည်း ထိုင်တယ်ပေါ့။ မင်းရော နပတ ကုတင် ၁၀၀၀ မှာ ဘယ်လောက်ကြာလိုက်လဲ။”

“၃ လ နီးပါးပဲ။ Rehab ဘာညာနဲ့ဆိုတော့ တပ်ကထွက်တာ ၁ နှစ်ကျော်၊ ၁ နှစ်ခွဲလောက် ရှိပြီပေါ့။”

“မြစ်ကြီးနားနားမှာ ဖြစ်တာမဟုတ်လား။”

“မပခက ခလရ ၂၉ ပေါ့။ ဖြစ်တာက မြစ်ကြီးနားနဲ့ ၁၂ မိုင်လောက်ပဲဝေးတယ်။ နမ်ကျင်ဆိုတဲ့နားမှာ။”

“အခုမောင်ရင်ဘာလုပ်နေလဲ။ GP ထိုင်နေလား။ အပြင်ဆေးရုံမှာလား။”

“အခုလောလောဆယ်က အလုပ်လက်မဲ့ပဲ။ ဦးလေးတစ်ယောက်က တရုတ်တန်းက ၅ လမ်းမှာ တိုက်ခန်းရှိတယ်။ အဲဒီမှာ ခဏပေးနေထားတယ်။ စားရေးသောက်ရေးကလည်း ဦးလေးကပဲ လတ်တလော ထောက်ပံ့ထားတယ်။ ပင်စင်ရတာလေးနဲ့ သူ့ဆီကရတာနဲ့ ဒီလိုပဲ လောက်ငှအောင် သုံးရတာပေါ့ဗျာ။ ဆေးခန်းဖွင့်ဖို့ဆိုတာကလည်း အခန်းငှားဖို့နဲ့ဘာနဲ့ မလွယ်ဘူး။ အခန်းခတွေက ကြောက်ခမန်းလိလိပဲ၊ အပြင်ဆေးရုံမှာ လုပ်ဖို့ကလည်း ကျွန်တော့်ခြေထောက်နဲ့က အဆင်မပြေလှဘူး။”

“အင်းပေါ့၊ ဟုတ်တာပေါ့။”

“အခုနေတဲ့ အခန်းက ရှစ်လွှာကြီးမှာ။ ကျွန်တော်က အတက်အဆင်း သိပ်မလုပ်နိုင်ဘူး။ အခုတောင် ပင်စင်ထုတ်ဖို့ရှိလို့။ နေ့တိုင်းအတက်အဆင်းဆိုရင် အဆင်မပြေလှဘူး။ ကျွန်တော်လည်း စဉ်းစားနေတာဗျာ။ တစ်သက်လုံး ကိုယ့်ဟာနဲ့ကိုယ် လွတ်လွတ်လပ်လပ်နေလာတာ။ ဆွေမျိုးတွေဘာတွေ အပူမကပ်ချင်လို့ အစကတည်းက စစ်ဆေးတက်ပြီး တပ်ထဲနေလာခဲ့တာ။ အခုတော့ ဦးလေးတိုက်ခန်းမှာ နေရတာက၊ ဦးလေးက သူ့မိသားစုနဲ့သူ သုဝဏ္ဏဘက်မှာ သပ်သပ်နေတယ်၊ အခန်းတစ်ခန်းလုံး ကိုယ်တစ်ယောက်တည်း နေရတယ်ဆိုပေမယ့်၊ ကြာလာတော့ သူများအရိပ်အာဝါသအောက်မှာနေရတာ မျက်နှာပူလာတယ်။ တက်လို့ဆင်းလို့လွယ်တဲ့ အထပ်နိမ့်အခန်းလေးငှားဖို့ ပိုက်ဆံရှိရင်တော့ အဲဒီလိုအခန်းလေးငှားပြီး အပြင်ဆေးရုံမှာဖြစ်ဖြစ် ဝင်လုပ်မလား စဉ်းစားတယ်ဗျာ။”

“ဒါဆိုရင်တော့ မင်းကိုယ်နဲ့တွေ့တာ အရမ်းအဆင်ပြေတယ်ဟေ့။ မင်းအချိန်ရတယ်မဟုတ်လား။ ကိုယ်နဲ့လိုက်ခဲ့လိုက်။ ကိုယ်ဆေးရုံသွားမလို့။ မင်းဟိုကြရင် တွေ့ပါလိမ့်မယ်။ မင်းလိုချင်တဲ့ အခန်းလည်း ရမယ်၊ စိတ်ဝင်စားဖို့ ကောင်းတဲ့လူနဲ့လည်း တွေ့ရမယ်။ လူကတော့ လူထူးလူဆန်းပဲ ကိုယ့်လူရေ့။”

♦♦♦

ဂန္ဒီဆေးရုံဝင်းထဲက ဆေးရုံဆရာဝန်တွေ ကားရပ်တဲ့နေရာမှာ ကားကိုရပ်လိုက်တော့

“ဟိုတစ်ယောက် ရောက်နေပြီလားဟေ့။” လို့ ကိုမြင့်မောင်သိန်းက လှမ်းအော်လိုက်တယ်ဆိုရင်ပဲ၊ အနားမှာ အချဉ်ထုတ်တွေ၊ မုန့်ထုတ်တွေ ရောင်းနေတဲ့ ကလေးမလေးက “အူကြောင်ကြောင်နဲ့ လူကြီးလား။ ရောက်နေပြီဆရာကြီး။”လို့ ပြန်လှမ်းအော်တယ်။ ကားပေါ်က ဆင်းဆင်းချင်း

“လာကွ၊ ကိုယ်တို့ရေခဲတိုက်ကို သွားရမယ်။”လို့ ကိုမြင့်မောင်သိန်းက လှမ်းပြောလို့ ဘုမသိဘမသိနဲ့ သူ့နောက်ကပဲ အသာလိုက်လာခဲ့မိတယ်။

တိုက်ပုလေးတစ်လုံးရဲ့ အဝင်ဝကိုရောက်တော့ ကိုမြင့်မောင်သိန်းက တံခါးခေါက်လိုက်တယ်။ ခဏကြာတော့ တံခါးက အသာလေးဟလာပြီး အထဲကနေ မိန်းကလေးအသံတစ်သံက “ဘယ်သူလဲ”လို့ လှမ်းမေးတယ်။ ကိုမြင့်မောင်သိန်းက အပြင်ဘက်ကနေ “နွယ်နွယ်လားဟေ့၊ အကိုကြီးပါ။ တံခါးဖွင့်ဦး။ ဟိုတစ်ယောက်ကို အကိုကြီးမိတ်ဆွေနဲ့ မိတ်ဆက်ပေးချင်လို့။”ဆိုပြီး လှမ်းပြောလိုက်တယ်ဆိုရင်ပဲ ဂျူတီကုတ်ဝတ်ထားတဲ့ ငယ်ငယ်ချောချော ဆရာဝန်မလေးတစ်ယောက်က တံခါဖွင့်ပေးတယ်။

“ဟိုတစ်ယောက် ရောက်နေပြီလား။”

“ဟုတ်တယ်၊ အကိုကြီး။ ဒီနေ့မနက်အစောကြီးကတည်းက ရောက်နေတာ။”

“ဒီနေ့ရောဘာတဲ့လဲ။”

“cable tie နဲ့ လက်ကိုချည်ထားတာကို ပြန်ရုန်းပြီး ထွက်မယ်ဆိုရင် လက်မှာဘယ်လိုအရာမျိုးတွေ ကျန်ခဲ့သလဲဆိုတာကို လေ့လာနေတာတဲ့”ဆိုပြီး နွယ်နွယ်ဆိုတဲ့ ဆရာဝန်မလေးက ပြန်ဖြေတယ်။

“ပေါက်ပေါက်ရှာရှာကွာ”လို့ ကိုမြင့်မောင်သိန်းက ငြီးတွားဟန်နဲ့ ပြန်ပြောတယ်။

ကောရစ်ဒါလမ်းတစ်ခုဆုံးတော့ အခန်းတစ်ခန်းရဲ့အဝကို သူတို့ရောက်သွားတယ်။ အခန်းထဲကနေ အားကနဲ၊ အီးကနဲ အော်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံက လှိုဏ်သံပေါက်အောင် ထွက်နေတယ်။ ဖွင့်ပြီးရင် သူ့အလိုလျောက် ပြန်ပိတ်အောင် လုပ်ထားတဲ့ စတီးတံခါးဝကို ရောက်သွားတော့ အထဲကအသံရှင်ကပဲ

“ကိုမြင့်မောင်လား၊ ဝင်ခဲ့လေဗျာ၊ ခင်ဗျားသူငယ်ချင်းပါ ခေါ်ခဲ့စမ်းပါ။ ကျုပ်လေ့လာနေတာကို ပြရအောင်လို့”ဆိုပြီး စောစောက အခန်းထဲက အသံရှင်ယောက်ျားက အင်မတန်ကြည်လင်ပြတ်သားပြီး ဩဇာသံပါတဲ့ အသံမျိုးနဲ့ လှမ်းပြောတယ်။ အသံက ဟိန်းဟောက်နေတာမျိုး မဟုတ်ပေမယ့် လူတစ်ယောက်ကို သူခိုင်းစေတဲ့အတိုင်း လိုက်လုပ်မိသွားအောင် မင်သက်သွားစေတဲ့ မှော်ဆရာတစ်ယောက်ရဲ့ အသံမျိုးလို ဩဇာသံပါနေတာ။ အသံလာရာကနေ အောက်ဘက်ကို ပြန့်ပြီးထွက်သွားတဲ့ အင်မတန်အောင်ပြီး၊ ကြည်လင်ပြတ်သားတဲ့ မြည်လည်းမြည် ပီလည်းပီတဲ့ အသံမျိုးပဲ။

အခန်းထဲဝင်လိုက်တဲ့အချိန်မှာ လူသေအလောင်း သုံးခုကို ဘီးတပ်စတီးကုတင်တွေပေါ်မှာ တစ်ခုနဲ့တစ်ခုယှဉ်ပြီး ထားထားတာ တွေ့လိုက်ရတယ်။ အလောင်းတွေအကုန်လုံးကို အနက်ရောင် တာလပတ်တွေနဲ့ အုပ်ထားပြီး မျက်နှာတွေပဲဖော်ထားတယ်။ အလောင်းတွေက အသက်ခပ်ကြီးကြီး အမျိုးသား ၂ လောင်းနဲ့ လူလတ်ပိုင်း အမျိုးသမီး ၁ လောင်း။ ထူးခြားချက်က အလောင်းတွေအကုန်လုံးမှာ လက်ကောက်ဝတ် ၂ ခုကို တွဲပြီးတော့ cable tie တွေနဲ့ ချည်ထားတာပဲ။ အသက် ၃၀ လောက်ရှိတဲ့ လူတစ်ယောက်က အမျိုသားအလောင်းတစ်လောင်းရဲ့ ဗိုက်ပေါ်မှာ ကားယားခွထိုင်နေရင်း cable tie နဲ့ ချည်ထားတဲ့ လက်ကောက်ဝတ်နှစ်ခုကို အားနဲ့ဆွဲဖြဲနေတယ်။ သူစီးထားတဲ့ sneaker ဖိနပ်တွေက အလောင်းရဲ့ လက်မောင်းတွေဘေးမှာ။

“လာဗျ။ လူတစ်ယောက်ကို လက်ကောက်ဝတ်နှစ်ခုပူးပြီး ပလတ်စတစ် cable tie နဲ့ ချည်ထားတယ်ဆိုရင် အားကုန်ရုန်းတဲ့အခါမှာ ဘယ်လိုအနာမျိုး လက်မှာကျန်ခဲ့သလဲလို့ ကျွန်တော်လေ့လာနေတာ။ သေပြီးသားလူတွေဆိုတော့ အရေပြားပွန်းပုံမျိုးလောက်ပဲ မြင်ရတာပေါ့ဗျာ။ လူအရှင်လို အညိုအမည်းတွေတော့ ဘယ်စွဲသွားပါ့မလဲ။ အတော်တော့ အားကောင်းမှဗျို့၊ အနာလည်းခံနိုင်မှ။ ကျွန်တော်တောင် ခြေကန်ပြီး လက်နှစ်ဘက်ကို ဆွဲဖြဲတာ ပလတ်စတစ်က တော်တော်ပြတ်မသွားဘူး။”လို့ ပါးစပ်ကလည်းပြောရင်း လက်ကလည်း လူသေအလောင်းရဲ့ လက်ကောက်ဝတ်တွေကို မြှောက်ပြနေတယ်။

ပြီးတော့မှ လက်ဟန်ခြေဟန်လှမ်းပြရင်း “ဟိုဘက်က နောင်ကြီးရေ၊ ခိုင်းရတာ စိတ်တော့မရှိနဲ့ဗျာ။ အလောင်းကိုင်ဖို့ လက်အိတ်တွေ စွပ်ထားရတာနဲ့ လက်မအားလို့ပါ။ ကျွန်တော့်ကို ဟိုနားက ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်လောက်ထုတ်ပြီး ကျွန်တော့်ပါးစပ်မှာ လာတေ့ပေးစမ်းပါ” လို့ လှမ်းပြောတာနဲ့ အနားက စားပွဲတစ်လုံးပေါ်တင်ထားတဲ့ Winston Wild Mint အစိမ်းရောင်ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်ထုတ်ပြီး သူ့ပါးစပ်မှာ တေ့ပေးလိုက်ရတယ်။

လူသေရဲ့လက်တွေကို ပြန်ချပြီး ဘောင်းဘီထဲက မီးခြစ်ကို လူသေကိုင်ထားတဲ့လက်နဲ့ပဲ နှိုက်ထုတ်လိုက်ရင်း ဆေးလိပ်ကို မီးညှိတယ်။ မက်မက်စက်စက်နဲ့ ဆေးလိပ်ကို ရှိုက်လိုက်ပြီး၊ မျက်နှာကိုမော့ မီးခိုးငွေ့တွေကို မျက်နှာကျက်မှာ တွဲကြနေတဲ့ LED မီးစလောင်းဆီ မှုတ်ထုတ်လိုက်တယ်။ ပြီးတော့မှ

“ညဘက်လူခြေတိတ်ချိန် တယောသံကြားရင် ဘယ်လိုစိတ်မျိုးဖြစ်တတ်လဲဗျ”လို့ ကျွန်တော့်ဘက်ကို မျက်နှာမူပြီး မေးလာတယ်။

“တယောလက်သံပေါ်မူတည်တာပဲဗျ။ လက်သံကောင်းရင် တကယ်နားထောင်ကောင်းတယ်။ ခေတ်ပေါ်သီချင်းတွေလည်း ကြိုက်ပေမယ့်၊ ချစ်မိုးကြီးတို့ဘာတို့လို ခေတ်ဟောင်းတေးတွေကိုတော့ ပိုသဘောကျတာပဲ။ မဟာဂီတတို့ဘာတို့တော့ သိပ်နားမလည်ဘူး။”

“ဒါဖြင့်ရင် အဆင်ပြေတာပဲဗျာ။ အခန်းက ကျဉ်းတယ်လို့ ပြောလို့မရပေမယ့်၊ ကျယ်လှတယ်ရယ်တော့လည်း မဟုတ်ဘူးဗျ။ အိပ်ခန်း ၂ ခန်းပါတယ်။ ဧည့်ခန်းနဲ့နီးတဲ့အခန်းက ကျွန်တော်အခုအိပ်နေတော့ ခင်ဗျားက ရေချိုးခန်းနဲ့နီးတဲ့အခန်းယူပေါ့။ တိုက်ကတော့ ရန်ကုန်မှာ ကန်ထရိုက်တိုက်တွေ စဆောက်ခါစက တိုက်မျိုးပဲ။ ၂ ထပ်တိုက်ကို လေးခန်းတွဲဆောက်ထားတာ။ ခေါင်းရင်းဘက် ‘အေ’ဘက်အခြမ်းက အခန်းတွေက မြေရှင်က ရောင်းထားပြီးသားတွေ။ ကျွန်တော်တို့ခြေရင်းဘက်အခန်းတွေက အောက်ထပ်မှာ မြေရှင်အဘွားကြီးနေတယ်။ အပေါ်ထပ်မှာတော့ ကျွန်တော်အခုနေတာပေါ့ဗျာ”လို့ ပြောလိုက်ရင်း ဆေးလိပ်ကို ပြန်သောက်နေတယ်။ အံ့အားသင့်နေတဲ့ ကျွန်တော့်မျက်နှာကိုကြည့်ရင်း

“ကိုရင်က ဒီကိုအိမ်ခန်းကိစ္စနဲ့ လာတယ်ဆိုတာ ကျွန်တော်ဘယ်လိုသိသလဲဆိုပြီး အံ့အားသင့်နေတာလား။ မခက်ပါဘူးဗျာ။ ပေ၂၀၊ ပေ ၆၀ အထပ်တစ်ထပ်လုံးကြီး ကျွန်တော်တစ်ယောက်တည်း နေနေရတာ ပျင်းစရာကောင်းလို့ အခန်းဖော်တစ်ယောက်လောက်ရှာပြီး အခန်းခနည်းနည်းသက်သာအောင် လုပ်မလားဆိုပြီးတော့ မနေ့ညနေကပဲ ကိုမြင့်မောင်ကို ပြောမိလိုက်တယ်။ ဒီနေ့ပဲ ကျွန်တော့်ဆီကို လူတစ်ယောက်ခေါ်လာတယ် ဆိုကတည်းက ဒါကအခန်းကိစ္စပဲ ဖြစ်မယ်ဆိုတာ သိပြီးသား။ ဒါနဲ့ခြေထောက်က ဘယ်မှာဖြစ်တာလဲ။ ဂွမ်မော်လက်ချက်လား၊ ဖုန်ကြားရှင်လက်ချက်လား”

“မြစ်ကြီးနားဘက်မှာပါဗျာ။”

“ကိုမြင့်မောင်ကတော့ ကျွန်တော့်အကြောင်း ပြောထားမှာပဲ။ အူကြောင်ကြောင် လူဆိုပြီးတော့။ ခင်ဗျားရော၊ ဘယ်လိုမြင်လဲဗျ၊ ကျွန်တော့်ကို။ ဥပမာဆိုဗျာ၊ ခင်ဗျားဆိုရင် တပ်ထွက်၊ စစ်ဆေးကကျောင်းပြီးတဲ့ တပ်ထွက်ဆရာဝန်။ လူပျိုကြီး။ အပေါင်းအသင်းမရှိဘူး။ အခုတလော အလုပ်အကိုင်မရှိပဲ၊ ပင်စင်ကရတဲ့ငွေ၊ ဆွေမျိုးတွေက ထောက်ပံ့တဲ့ငွေနဲ့ ရပ်တည်နေရတယ်။ ခင်ဗျားညီက သူ့မိန်းမ မသိအောင် ပိုက်ဆံတွေသုံးပစ်နေလို့ အိမ်ထောင်ရေးအဆင်မပြေဘူး။”

“ဟာ၊ ခင်ဗျားဘယ်လိုသိလဲ။”

“ကျွန်တော်ဘယ်လိုသိလဲဆိုတာ အသာထား၊ ခင်ဗျားက ကိုယ်နဲ့အတူနေရမယ့် အခန်းဖော်ဖြစ်တဲ့ ကျွန်တော့်ကို ဘယ်လိုမြင်သလဲ ပြောစမ်းပါ။”

“ကျွန်တော်တော့ မပြောတတ်အောင်ပဲဗျ။”

“ကဲ… မပြောတတ်လည်း ရှိစေတော့ဗျာ။ ကျွန်တော်တော့ ကိစ္စရှိလို့ သွားလိုက်ဦးမယ်။ မနက်ဖြန်ကို ညနေ ၄ နာရီနောက်ပိုင်း ကျွန်တော်အားတယ်။ အခန်းကြည့်မယ်ဆို အဲဒီအချိန်လာခဲ့ပေါ့ဗျာ”ဆိုပြီး ပြောပြောဆိုဆိုနဲ့ လူသေကုတင်ပေါ်က ခုန်ဆင်းပြီး လက်ဆေးဘေစင်ဘက်ကို ထွက်သွားတယ်။ ဘေစင်ကိုရောက်မှ ရေကိုဖွင့်ချလိုက်ရင်း ဆေးလိပ်မီးကိုသတ်၊ လက်အိတ်တွေ ဆွဲချွတ်တယ်။ နောက်တော့ လက်ကို လက်ဆေးဘေစင်မှာ ကပြာကရာဆေး၊ တစ်ရှူးလိပ်က တစ်ရှူးစတွေကို ဆွဲထုတ်နေရင်းကနေ

“အော်… မေ့နေတယ်ပြောဖို့။ ကျွန်တော့်နာမည် စံရှားတဲ့။ ခင်ဗျားလာကြည့်ရမယ့် အိမ်က အလုံမှာ။ လိပ်စာက ၂၂၁ ဘီ ဌာနလမ်း”လို့ပြောလိုက်ပြီး တစ်ရှူးတွေကို အနားက အမှိုက်ပုံးထဲထည့်ကာ အခန်းထဲကနေ ထွက်သွားပါတော့တယ်။

♦♦♦

ရှစ်လွှာတိုက်ခန်းကို အသက်ထွက်မတတ်၊ တစ်ထစ်တက်၊ တစ်ထစ်နားနဲ့ တက်လာခဲ့ရတယ်။ တံခါးဝရောက်တော့ အံ့အားသင့်စရာ တစ်ခုကို တွေ့ရပြန်ရော။ အခန်းတံခါးအပြင်ဘက်က သံပန်းတံခါးရော၊ အခန်းတံခါးမကြီးပါ ပွင့်လျက်သားကြီး။ ဒါနဲ့ တံခါးမဖွင့်ခင် အသက်ကို ဝဝရှူ၊ တုတ်ကောက်ကို အဖျားကနေကိုင်ပြီး တံခါးကို စောင့်ကန်ပြီး အထဲကို ဝင်လိုက်ချိန်မှာတော့…

“ဟိုးဟိုး… ၊ ကိုသိန်းမောင်၊ တုတ်ကောက်ကြီးနဲ့တော့ မရိုက်လိုက်ပါနဲ့၊ စိတ်ထိန်းပါဦး”လို့ ဧည့်ခန်းထဲက ကုလားထိုင်မှာထိုင်ရင်း သတင်းစာကို လက်ထဲကိုင်ထားတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် လူစိမ်းတစ်ယောက်က လှမ်းပြောတယ်။ လူစိမ်းရဲ့ ဘေးဘက်မှာတော့ အနောက်တိုင်းဝတ်စုံကို ဝတ်ထားတဲ့ လူတစ်ယောက်က အသင့်အနေအထားနဲ့ရပ်ရင်း၊ ကုတ်အင်္ကျီရင်ဘက်အောက်ကို လက်တစ်ဘက်က နှိုက်ထားတယ်။ ၉မမ ပစ္စတိုရဲ့ သေနတ်ဒင်ကို မြင်နေရတယ်။ လူစိမ်းက လက်ပြလိုက်တော့မှ လက်ကိုပြန်ရုတ်ပြီး ကုတ်အင်္ကျီကို ပြန်ပြင်လိုက်တယ်။

အသားဖြူဖြူ ဝဖိုင့်ဖိုင့် လူစိမ်းဟာ၊ လည်ကတုံးရှပ်အင်္ကျီအဖြူ၊ တိုက်ပုံအင်္ကျီအဖြူ၊ ယောပုဆိုးတွေကို အကျအနဝတ်ထားတယ်။ မျက်နှာက ပြုံးနေပေမယ့်၊ မျက်လုံးတွေမှာက လျှို့ဝှက်နက်နဲမှုတွေ အပြည့်ရှိတဲ့သူဆိုတာ မြင်နေရတယ်။

“ထိုင်ပါဦး၊ ကိုသိန်းမောင်ရယ်။ ကိုသိန်းမောင်အိမ်ကို အခုလို တံခါးကို သော့တုနဲ့ဖွင့်ပြီး ဝင်လာရတာ စိတ်မကောင်းပါဘူး။ ကျွန်တော့်မှာလည်း တခြားရွေးစရာ နည်းလမ်း မရှိလို့ပါ။ ထိုင်ပါဦး၊ လှေကားကြီး ဒီလောက်အမြင့်ကြီးတက်လာရတာ၊ ပင်ပန်းရောပေါ့။ ခြေထောက်ကလည်း နာနေမှာပဲ။”

“နေပါဦး၊ ဒါကျွန်တော့်အိမ်ပဲဟာ၊ ကျွန်တော့်ဖာသာကျွန်တော် ထိုင်ချင်ရင်ထိုင်မယ်၊ ထချင်ရင်ထမယ်ပေါ့။ ခင်ဗျားက အမိန့်ပေးနေရအောင် ခင်ဗျားက ဘယ်သူမို့လို့တုန်း။” ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တော့

“စိတ်အေးအေးထားပါဗျာ၊ ခဏထိုင်ပါဦး။ အဲ့ဒါမှ ကျွန်တော်တို့ နှစ်ယောက် အေးအေးဆေးဆေး စကားပြောလို့ ရမှာမို့လို့ပါ။ ကိုသိန်းမောင် စိတ်ဆိုးမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။”လို့ လေအေးလေးနဲ့ပဲ ပြန်ပြောရင်း ဆက်တီခုံကို လက်ညှိုးနဲ့ထိုးပြတယ်။ ဒါနဲ့ပဲ တုတ်ကောက်ကို ဆက်တီစားပွဲပေါ်တင်လိုက်ပြီးတော့ လူစိမ်းနဲ့ရှေ့တည့်တည့် ခုံမှာဝင်ထိုင်လိုက်ရင်း

“ကဲ… ကျွန်ေတာ့်အိမ်ထဲ ခင်ဗျားတို့ ဘယ်လိုရောက်နေတယ်ဆိုတာက စပြောဗျာ”လို့ ပြောလိုက်တယ်။

“မခက်ပါဘူးဗျာ။ ကျွန်တော့်နာမည်ကို ပြောလိုက်ရုံနဲ့ ပိတ်ထားတဲ့တံခါးတွေ ပွင့်ကုန်တာပဲ။ ကျွန်တော်တို့ငယ်ငယ်က သင်ရတဲ့စာထဲမှာပါတဲ့ Open Sesame လို ဂါထာမျိုးပဲပေါ့။ ဒါကအရေးမကြီးပါဘူး။ ကျွန်တော်အခု ဆွေးနွေးချင်တာက၊ လူတစ်ယောက်အကြောင်းပါ။ အထူးသဖြင့် စံရှားဆိုတဲ့လူပေါ့။ ကျွန်တော့်ကို ပြောပါဦး၊ ကိုသိန်းမောင်ရဲ့။ အဲဒီလူကို ဘယ်လိုမြင်လဲလို့။”

“သူနဲ့တွေ့တုံးကလည်း သူကအဲဒီလိုပဲ မေးတယ်ဗျ။ ကျွန်တော်မဖြေနိုင်ခဲ့ဘူး။ ဒီမှာ၊ ခင်ဗျားဘယ်သူလဲ၊ ဘာလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် ဒီစံရှားဆိုတဲ့လူနဲ့ ကျွန်တော်နဲ့က ဒီနေ့မှ ၁၀ မိနစ်လောက် မျက်နှာချင်းဆိုင်မြင်ဖူးတာ။ အဲဒီတော့ သူဘယ်လိုလူလဲဆိုတာ ကျွန်တော်မသိဘူးပဲ။”

“ဒါပေမယ့် ကိုသိန်းမောင်အကြောင်းတော့ သူကကောင်းကောင်း သိနေတယ် မဟုတ်လား။ ဥပမာ၊ ကိုသိန်းမောင်က ဗိုလ်မှူးအဆင့်နဲ့ တပ်ကနေပင်စင်ယူပြီး ထွက်လာတယ်။ စစ်ဆေးတက္ကသိုလ်ဆင်း။ လူပျိုကြီး၊ မိတ်ဆွေအပေါင်းအသင်းမရှိ၊ ရည်းစားသနာမရှိ။ လတ်တလောအလုပ်အကိုင်မရှိပဲ၊ ဆွေမျိုးတွေက ထောက်ပံ့တဲ့ပိုက်ဆံ၊ ပင်စင်ရတဲ့ပိုက်ဆံနဲ့ လောက်ငှအောင်သုံးနေရတယ်။ ကိုသိန်းမောင်ညီက သူ့မိန်းမမသိအောင် ပိုက်ဆံတွေ ယူသုံးနေလို့ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတာမျိုးတွေကို သိနေတာမျိုးပေါ့။”

“ဒီမှာ၊ စံရှားဆိုတဲ့လူက ဘယ်လိုလူလဲ ကျွန်တော်မသိဘူး။ ခင်ဗျားဘယ်ကလူလဲဆိုတာလည်း ကျွန်တော်မသိဘူး။ ဒါပေမယ့် ခင်ဗျားတို့က ဘာလို့ကျွန်တော့်အကြောင်းတွေကို ဒီလောက်တောင် သိနေကြတာလဲ။”

“ဒါကအရေးမကြီးပါဘူးဗျာ။ ကိုသိန်းမောင်ဆီက ကျွန်တော်က အကူအညီလေး တောင်းချင်တာပါ။ ကျွန်တော့်ကို ကိုယ့်မိတ်ဆွေရင်းလို သဘောထားပြီး တစ်ခုလောက်တော့ ကူညီစေ့ချင်တယ်။ ကိုသိန်းမောင်အတွက် အကျိုးမယုတ်စေရပါဘူး။”

“ကျွန်တော်က ဘာကူညီရမှာလဲ။”

“စံရှားက ကိုသိန်းမောင်ကို သူ့အခန်းဖော်အနေနဲ့ လက်ခံဖို့ စဉ်းစားထားတယ်ဆိုတော့၊ ကိုသိန်းမောင်ကသာ သူနဲ့အတူနေဖြစ်တဲ့ အချိန်ကြရင် သူတစ်နေ့တစ်နေ့ ဘာတွေလုပ်တယ်၊ ဘယ်သူတွေနဲ့တွေ့တယ်၊ ဘယ်တွေသွားတယ်ဆိုတာကို ကျွန်တော့်ဆီကို ပြန်သတင်းပို့ပေးဖို့ပါ။ ဒါလေးပါပဲ။ ကိုသိန်းမောင်သာ အဲဒီလိုလုပ်ပေးရင် အရမ်းအဆင်ပြေမှာဗျာ။ ကိုသိန်းမောင်လိုအပ်တဲ့ ငွေရေးကြေးရေးကိုလည်း ကျွန်တော့်ကိုပြော၊ စျေးမဆစ်ဘူး ကျွန်တော်အကုန်စီစဉ်ပေးပါမယ်။ တကယ်လို့ အရပ်ဘက်တနေနေရာမှာပဲဖြစ်ဖြစ်၊ တပ်ဘက်မှာပဲဖြစ်ဖြစ် ပြန်လုပ်ချင်တယ်ဆိုရင်လည်း ကျွန်တော်ကြည့်လုပ်ပေးပါမယ်။ ကိုသိန်းမောင်သာ ကျွန်တော်အကူအညီတောင်းတာလေးကို ကူညီပေးစေချင်တာပါ။”

ပထမစစချင်းတော့ တွေဝေသွားတယ်။ ဘာတွေလဲဟလို့လည်း တွေးမိတယ်။ လူတစ်ယောက်အကြောင်းကို သိရဖို့ ပိုက်ဆံကိုတောင် စျေးမဆစ်ပဲ လာပေးနေတယ်။ သူတို့က ဘယ်သူတွေလဲ၊ သူတို့သိချင်နေတဲ့လူက ဘယ်လိုလူမျိုးလဲ။

“တော်ဗျာ၊ တော်တော်။ ခင်ဗျားတို့ ဘယ်သူတွေလဲ။ ဘာလုပ်တဲ့သူတွေလဲ။ ကျွန်တော်မသိချင်ဘူး။ ပတ်လည်းမပတ်သက်ချင်ဘူး။ နောက်ဆုံးတစ်ခုက ကျွန်တော်က တပ်မတော်သားဟောင်းဗျ။ ဘာမှန်းမသိတဲ့ လူတစ်ယောက်လုပ်သမျှ နောက်ကနေလိုက်ချောင်းပြီး ဘယ်သူတွေမှန်းမသိတဲ့လူတွေကို သူခိုးလိုလို၊ ဂျပိုးလိုလို သတင်းပေးနေရအောင် ကျုပ်က ကလေကချေ မဟုတ်ဘူး။ တိုင်းပြည်လုံခြုံရေးအတွက် လိုအပ်လို့လုပ်ရမှာလား၊ ကျုပ်ကိုပွင့်ပွင့်လင်းလင်းပြော၊ ကျုပ်လုပ်ပေးမယ်။ အခုလို ဘာမသိညာမသိနဲ့တော့ ကျုပ်မလုပ်နိုင်ဘူး။ ခင်ဗျားတို့လည်း ကျုပ်အိမ်ကထွက်သွားပဲ။ ကျုပ်အိမ်ထဲ သေနတ်ကြီးတကားကားနဲ့ ခြိမ်းသလိုလို ခြောက်သလိုလိုတော့ လာမလုပ်နဲ့။ စစ်သားဗျ၊ ခြေထောက်မသန်လည်း၊ လက်နက်မရှိလည်း ခင်ဗျားတို့ နှစ်ယောက်လောက်ကိုတော့ ဒီတုတ်ကောက်နဲ့တင် သူသေကိုယ်သေ မှတ်လောက်သားလောက်အောင် ဆော်ထည့်လိုက်နိုင်သေးတယ်။”

“မလိုပါဘူး၊ ကိုသိန်းမောင်ရယ်၊ ဒီလိုကြမ်းကြမ်းတမ်းတမ်းတွေ မလိုပါဘူး။ ခင်ဗျား သတ္တိ၊ ဗျတ္တိဘယ်လောက်ရှိတယ်ဆိုတာ ခင်ဗျားနဲ့အတူတိုက်ခဲ့တဲ့၊ ခင်ဗျားက အသက်ကယ်ခဲ့တဲ့ စစ်သားဟောင်းကြီးတွေ ပြန်ပြောလို့ ကျွန်တော်သိပြီးသား၊ လေးစားပြီးသားပါ။ ကောင်းပြီလေ၊ ကျွန်တော့်ကို မကူညီနိုင်ဘူးဆိုရင်လည်း ကျွန်တော်လည်း ပြန်ရုံပဲပေါ့။ ဒါပေမယ့် ကိုသိန်းမောင်နဲ့ ကျွန်တော်နဲ့ ပြန်ဆုံဦးမှာပါ။ အဲဒီအချိန်ကြလို့ ကျွန်တော်ဘာလို့ အခုလိုပြောတယ်၊ ဒီကိုလာတယ်ဆိုတာကို သဘောပေါက်ပြီး ကိုသိန်းမောင် စိတ်ပြောင်းသွားတယ်ဆိုရင်သာ ကျွန်တော့်ကို အချိန်မရွေး၊ အားမနာတမ်း ပြန်ဆက်သွယ်စေချင်တာပါပဲ။ ကဲ… သွားဦးမယ်ဗျာ”လို့ ပြောရင်း လူစိမ်းက ထိုင်ရာထပြီး အိမ်တံခါးဝဆီကို လျှောက်သွားတယ်။ သူနဲ့ပါလာတဲ့ အနောက်တိုင်းဝတ်စုံနဲ့လူကလည်း နောက်ကနေ ထပ်ချပ်မကွာကို လိုက်သွားတယ်။ တံခါးဝရောက်တော့ လူစိမ်းက ပြန်လှည့်လိုက်ပြီး

“အော်… ကိုသိန်းမောင်၊ တကယ်လို့ ကိစ္စတစ်စုံတစ်ရာများရှိလို့ပေါ့လေ၊ ကျွန်တော့်ကို ဆက်သွယ်ချင်ရင် ဗဟန်း၊ ကြားတောရလမ်းထဲမှာ စာကြည့်တိုက်တစ်ခု ကျွန်တော်ဖွင့်ထားတာရှိတယ်။ စာဖတ်ချင်တဲ့သူတွေ၊ လက်ဖက်ရည်သောက်၊ ကော်ဖီသောက်ရင်း နားနားနေနေ အေးအေးဆေးဆေးနဲ့ အင်တာနက်သုံး၊ စာဖတ်လို့ရမယ့် နေရာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်ကို လာရှာလို့ရတယ်။ စာကြည့်တိုက်နာမည်က ‘မဟောသဓာ’တဲ့။”

ပြောပြောဆိုဆိုနဲ့ တံခါးဝကထွက်ပြီး လူစိမ်းက သူ့ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကိုသယ်ကာ လှေကားထစ်တွေကို တစ်ထစ်ချင်းဆင်းသွားတယ်။ စိတ်ထဲမှာတော့ ဒီလူစိမ်းက ဘယ်သူလဲ၊ ကိုစံရှားဆိုတဲ့သူကရော ဘယ်သူလဲ၊ ဘာလို့ဒီလူစိမ်းက ကိုစံရှားဆိုတဲ့သူအကြောင်းကို သိချင်နေရတာလဲ၊ ဘာလို့ကိုစံရှားရော၊ ဒီလူစိမ်းကပါ ငါ့အကြောင်းတွေ သိနေတာလဲ၊ စသဖြင့် စသဖြင့်လဲပေါင်းများစွာနဲ့ တွေဝေရင်းကျန်ခဲ့ရတယ်။ နောက်ဆုံးတော့ “ဟာ… ဘာပဲဖြစ်ဖြစ်၊ ဒီလိုလူတွေနဲ့ မပတ်သက်တာကောင်းတယ်ဆိုပေမယ့်၊ ကိုစံရှားရဲ့ တိုက်ခန်းကိုတော့ တစ်ခေါက်လောက်ဖြစ်ဖြစ်သွားကြည့်ပြီး ဟိုကြမှ လေ့လာကြည့်လိုက်တာ ကောင်းပါတယ်”လို့ တွေးမိသွားတော့တယ်။

♦♦♦

တက္ကစီငှားစီးသွားလို့ လိပ်စာထဲက အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ရောက်သွားတာပါပဲ။ ကားပေါ်က ဆင်းဆင်းချင်း တိုက်ကိုတစ်ချက်ကြည့်လိုက်တော့ ကိုစံရှားပြောခဲ့တဲ့ အိမ်ပုံစံအတိုင်းပဲ၊ ကန်ထရိုက်တွေ ပေါ်ဦးပေါ်ဖျားက ဆောက်ခဲ့ကြတဲ့ ပုံစံပဲ။ အရင်ကတော့ ပျဉ်ထောင်အိမ်တွေ ဖြစ်မယ်ပေါ့။ နောက်တော့ တိုက်ခန်းတွေ ဆောက်လာခဲ့ရင်း အခုလိုပုံဖြစ်လာခဲ့တာ။ တိုက်ကတိုက်အပုလေးပဲ။ ၂ ထပ်ဆောက်ထားတယ်။ အခန်း ၄ ခန်းနဲ့။ ကြားထဲမှာ သစ်သားလှေကားကြီး တပ်ထားတယ်။

ကားပေါ်ကဆင်းပြီး အိမ်ထဲတန်းမဝင်ပဲ တိုက်ရှေ့မှာ မယောင်မလည်ရပ်ရင်း အကဲခတ်နေတာကိုမြင်သွားပုံရတဲ့ အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ယောက်က ခြေရင်းဘက် မြေညီထပ်အခန်းကနေ ထွက်လာရင်း

“ကိုသိန်းမောင်ဆိုတာလား။ မောင်စံရှားက မင်းအခန်းလာကြည့်မယ်ပြောထားလို့၊ အစ်မကြီးက စောင့်နေတာ။ လာခဲ့၊ လာခဲ့။ အပေါ်ထပ်လိုက်ပြမယ်။ မောင်စံရှားလည်း အိမ်မှာရှိနေတယ်။”လို့ ပြောလာတော့

အသာရယ်ပြလိုက်ရင်း အဲဒီအမျိုးသမီးကြီးနောက်ကနေလိုက်ပြီးတော့ အပေါ်ထပ်တက်တဲ့ လှေကားထစ်တွေကို ခက်ခက်ခဲခဲပဲ တက်လာခဲ့ရတယ်။ လှေကားက အတော်လေးမှောင်တယ်။ ခေါင်းရင်းခန်း၊ ခြေရင်းခန်းကို ခြားထားတာက အခုခေတ်လို အုတ်နံရံနဲ့ မဟုတ်ပဲ၊ ပျဉ်ပြားတွေကို ထောင်ပြီးကာထားတာ။ အပေါ်ထပ် လှေကားခွင် ဖိနပ်ချွတ်က အတော်လေးကျဉ်းပြီး မှောင်နေတယ်။ အခန်းတွေမှာ တပ်ထားတဲ့ သစ်သားတံခါးတွေက အတော်ကိုဟောင်းနေပြီး မီးခိုရောင်ရင့်ရင့် သင်္ဘောဆေးတွေ သုတ်ထားတယ်။

လှေကားဆုံးလို့ အခန်းဝရောက်တော့ စီးထားတဲ့ ဖိနပ်ကို ချွတ်လိုက်ချိန်မှာပဲ

“ကိုသိန်းမောင်လားဗျ၊ ဝင်ခဲ့ဗျာ။ မမစုစုရေ၊ ဧည့်သည်အတွက် လက်ဖက်ရည်ဖျော်ပေးစမ်းပါဗျာ။”လို့ အတွင်းကနေ လှမ်းပြောတဲ့ ကိုစံရှားအသံကို ကြားလိုက်ရတယ်။

အခန်းထဲကို ဝင်လိုက်တော့ အလင်းရောင်က ခပ်မှိန်မှိန်ရယ်။ အိမ်ရှေ့ဝရံတာဘက်ကိုထွက်တဲ့ တံခါးပေါက်ရယ်၊ ဝရံတာနဲ့ အိမ်မကြီးကို ခြားထားတဲ့ နံရံမှာ တရုတ်ကပ်မှန်တွေ တပ်ထားတာရယ်၊ ရှိပေမယ့် တံခါးက ပိတ်ထားပြီး၊ တရုတ်ကပ်မှန်တွေကို ချထားတဲ့အပြင် လိုက်ကာတွေက ကာထားလို့ အခန်းက အတော်ကိုမှောင်နေတာ။ နောက်တိုက်ခန်းတစ်ခန်းလုံးလည်း ဆေးလိပ်ငွေ့တွေက တထောင်းထောင်းနဲ့ပဲ။ အခန်းထဲရောက်ချိန်မှာ ကိုစံရှားက

“လာထိုင်ဗျာ။”ဆိုပြီး ဆက်တီခုံအလွတ်တစ်လုံးကို လက်နဲ့လှမ်းပြရင်း သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေပြီး မီးသတ်နေတယ်။ အဲဒီအချိန်မှာပဲ မမစုစုဆိုတဲ့ အမျိုးသမီးကြီးက အခန်းအခြေအနေကိုကြည့်ပြီး၊

“စံရှားရယ်၊ နင့်အခန်းကလည်း မီးနေသည် ချွေးထုတ်ခန်းကြနေတာပဲ၊ အလင်းရောင်လေး၊ လေကောင်းလေသန့်လေးရအောင် တံခါးလေးဘာလေး ဖွင့်ထားစမ်းပါ။”လို့ပြောရင်း ပြောပြောဆိုဆိုနဲ့ပဲ ဝရံတာဘက်ထွက်တဲ့ တံခါးကိုဖွင့်၊ လိုက်ကာတွေရော၊ တရုတ်ကပ်တွေပါ ဖွင့်လိုက်တယ်ဆိုရင်ပဲ အသက်ရှူလို့ အတော်ကောင်းသွားတဲ့အပြင်ကို အခန်းက လင်းလင်းထင်းထင်း ရှိလာလို့ ကိုစံရှားရဲ့ မျက်နှာကို သေသေချာချာ မြင်လာရတယ်။

အသက်က ၃၀ ကျော်၊ နဖူး၊ နှာခေါင်း၊ ပါးစပ်၊ မေးရိုးတည်ဆောက်ပုံ မျက်နှာကျက အတော်ကြည့်ကောင်းတဲ့ လူရည်သန့်ပဲဆိုတာ မြင်တာနဲ့ သိတယ်။ ၄၊ ၅ လ မညှပ်ပဲ ပစ်ထားလို့ ဆံပင်တွေက နားရွက်ကိုဖုံး၊ ဂုတ်ထောက်နေပြီ။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကိုတော့ အပြောင်ရိတ်ထားတယ်။ အိမ်နေရင်းတီရှပ်အင်္ကျီအစုတ်နဲ့ ဟိုတစ်နေ့က အလောင်းကို တက်ခွထားတဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတုန်းပဲ။ သူ့ပုံပန်းကို လေ့လာနေတုန်းမှာပဲ၊ ကိုစံရှားက

“လှေကားတက်လာရတာဆိုတော့ မောနေမယ်ဗျ။ ခဏနားပြီးမှ စကားပြောတာပေါ့။”လို့ပြောရင်း၊ ဆက်တီပေါ်ရှိနေတဲ့ သတင်းစာတွေကို ဆက်တီအောက်ကို ထိုးသိပ်ထည့်နေတယ်။ မမစုစုလို့ ကိုစံရှားကခေါ်တဲ့ အမျိုးသမီးကြီးကတော့ လက်ဖက်ရည်ဖျော်ဖို့ အိမ်အတွင်းခန်းကို ဝင်သွားတယ်။

“ကဲ… ခင်ဗျား၊ ပြောချင်တဲ့ကိစ္စက ဘာလဲဗျ။ အားမနာနဲ့၊ ပြောသာပြောဗျာ။”

“တစ်ခုခုဆို ခင်ဗျားက ကျွန်တော့်စိတ်ထဲ ရှိနေတာတွေ ဘယ်လိုသိသလဲဆိုတာက စပြောဗျာ။”

“မနေ့ကတည်းက ခင်ဗျား၊ ကျွန်တော့်ကိုမြင်ပြီးသားပဲ။ ကျွန်တော်ဘယ်လိုလူမျိုး ထင်သလဲလို့ ခင်ဗျားကိုတောင် ကျွန်တော်ကမေးလိုက်သေးတယ်။ အဲဒီတုန်းက ဘာမှမပြောပဲ၊ အခုရောက်ရောက်လာချင်း ကျွန်တော့်ကို အသေးစိတ်အကဲခတ်နေကတည်းက ခင်ဗျားမှာ ကျွန်တော်နဲ့ ပတ်သက်ပြီး ပြောစရာရှိနေမှန်း သိပြီးသားဗျ။ ဒါမခက်လှပါဘူး။”

“ဟုတ်ပြီဗျာ၊ တံခါးမှာ ကျွန်တော်ရပ်နေတုန်းက ကျွန်တော်မှန်း ဘယ်လိုသိလဲ။”

“မနေ့က ရေခဲတိုက်ကို ခင်ဗျားလာတုန်းက၊ ကိုမြင့်မောင်နဲ့အတူ သူ့အဖော်တစ်ယောက်ပါ ပါလာတယ်ဆိုတာ သိတဲ့နည်းအတိုင်းပေါ့ဗျာ။ ခင်ဗျားရဲ့ တုတ်ကောက်သံပေါ့။”

“ခင်ဗျားပြောတော့လည်း လွယ်သားပဲ။”

“အသေးအဖွဲလေးတွေကို လေ့လာတတ်ရတယ်ပေါ့ဗျာ။”

အဲဒီအချိန်မှာပဲ၊ မမစုစုဆိုတဲ့ အမျိုးသမီးကြီးဆီကနေ ထိတ်လန့်တကြား အော်လိုက်တဲ့ အသံကို အိမ်တွင်းခန်းထဲကနေ ကြားလိုက်ရတယ်။

“ဘုရား၊ ဘုရား၊ စံရှား၊ နင်ဘာတွေလုပ်ထားတာလဲ။ ဒီစားပွဲပေါ်မှာ ဘာတွေလဲ။”လို့ ပြောလည်းပြော၊ ကြောက်လည်းကြောက်လန့်နေရင်း တုန်တုန်လှုပ်လှုပ် အပြင်ကိုပြန်ထွက်လာတယ်။ ကိုစံရှားကတော့ အသာအယာပဲ

“ထားလိုက်ပါဗျာ။ မမစုစုကလည်း ကြောက်မနေစမ်းပါနဲ့၊ အဲဒါတွေ ကျွန်တော်သိမ်းလိုက်ပါမယ်။”

“နင်က ငါ့အိမ်ကို ဘာများအောက်မေ့နေလဲ။ ခုံဖိနပ်အမြီးပြတ်နဲ့ တေလေဂျပိုးတွေ၊ ဆေးသမားတွေကို အိမ်ကိုခေါ်လာတယ်။ ဟိုတစ်ခါကလည်း ခေါင်းပြတ်ကြီးကို ကျွတ်ကျွတ်အိတ်နဲ့ထုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်။ အခုလည်း ဇလုံထဲမှာ လက်ချောင်းတွေ၊ ရေစိမ်ထားတဲ့ မျက်လုံးတွေကလည်း ရှိသေးတယ်။ နင်ဘာတွေလုပ်နေတာတုန်း။”

“ကျွန်တော်ပြောပြီးသားပဲ၊ အဲ့ဒါတွေ ထားလိုက်ပါလို့၊ အခုဒီမှာဧည့်သည်ရောက်နေတယ်။ လက်ဖက်ရည်ယူလာပါဆိုတာကို ဘာတွေလျှောက်ပြောနေမှန်း မသိဘူး။”ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကိုစံရှားက နောက်ဖေးခန်းကို ထသွားတုန်းမှာပဲ၊ မမစုစုက

“ဟဲ့၊ စံရှားရဲ့။ နင်ခိုင်းတိုင်း ငါကလုပ်ရအောင်၊ ငါကနင့်အိမ်ဖော်မဟုတ်ဘူး။ နင့်အိမ်ရှင်ဆိုတာလည်း သတိရဦး။”လို့ တစ်ခွန်းမခံ ပြန်ပြောရင်းကနေ ဒီဘက်လှည့်လာပြီး

“အမလေး၊ အဲဒါသာကြည့်တော့။ ဒီကောင်လေးက ကိုယ့်တူကိုယ့်သားလို ဖြစ်နေလို့ သူ့ကိုဘာမှမပြောပဲ နေနေတာကို အကောင်းထင်နေတယ်။ အိမ်မှာဆိုတာ သူလုပ်ချင်တိုင်းလုပ်နေတာ။ နိမိတ်မရှိ နမာမရှိ အရိုးခေါင်းကြီးတွေ အိမ်မှာထားလိုထား၊ ခေါင်းပြတ်ကြီးတွေ၊ ခြေပြတ်လက်ပြတ်တွေဆိုတာလည်း ရေခဲသေတ္တာထဲရောက်လိုရောက်။ တစ်ခါတုန်းကဆိုရင် အလုပ်မရှိလို့ ပျင်းတယ်ဆိုပြီး ဘယ်ကရလာမှန်း မသိတဲ့ သေနတ်ကြီးနဲ့ အုတ်နံရံကို ထပစ်လို့ အပေါက်တွေ ဖြစ်သွားသေးတယ်။ တစ်နေကုန် တစ်နေခန်း နေဖင်ထိုးအောင်အိပ်တယ်၊ ညဆိုညဉ့်နက်ပြီး မိုးလင်းခါနီးအထိကို မအိပ်ဘူး။ အပေါ်ထပ်မှာ တတောက်တောက်နဲ့ လမ်းလျှောက်နေတယ်။ လူခြေတိတ်ပြီဆိုရင် တယောကြီး တဂွီဂွီနဲ့ထိုးတာ ရှိသေးတယ်။ စောစောကလိုပဲ တံခါးတွေပိတ်၊ လိုက်ကာတွေချနဲ့ အိမ်ခန်းတစ်ခန်းလုံး၊ ဆေးလိပ်နံ့တွေ တထောင်းထောင်း၊ စားထားသောက်ထားတာတွေလည်း ဘယ်တော့မှ မဆေးမကြော ဒီအတိုင်းပစ်ထား၊ အဝတ်တွေဆိုတာလည်း ဘယ်နှစ်နှစ်နေမှ တစ်ခါလျှော်တယ် မသိဘူး။ မနေနိုင်တဲ့ ငါကပဲ အခန်းလာလာရှင်းပေးနေရတယ်။”လို့ မနားတမ်းပြောရင်း

“ကိုသိန်းမောင်ကို သူကအခန်းဖော်အနေနဲ့ ခေါ်ထားမယ် ပြောတော့၊ အစ်မကြီးမှာ အရမ်းဝမ်းသာသွားတာပဲ။ အိမ်လခမရရင် နေပါစေ၊ သူ့ကိုတော့ စိုးရိမ်လွန်းလို့ပါ။ ပေါက်ကရတွေလုပ်ရင်း တစ်ယောက်တည်း အပေါ်ထပ်မှာ သေပဲသေနေပြီလား၊ ဘာပဲပြဿနာတက်မလဲလို့ ကြောက်နေရတာ။ အခုတော့ ကိုသိန်းမောင်ပါ ဒီအခန်းမှာနေမယ်ဆိုရင် စိတ်ပူရတာ သက်သာမယ်။ နောက်အခန်းဖော်နဲ့ဘာနဲ့ဆိုရင် သူလည်းအခုလိုမျိုး ပေါက်ကရတွေ အိမ်ပေါ်ကိုယူလာတာ၊ စိတ်ကူးတည့်ရာ အခန်းအောင်းပြီး လုပ်နေတာမျိုးတွေ နည်းသွားမယ်လို့ ထင်ရတာပဲ။”လို့ ပြောလာတယ်။

မမစုစုလည်း စကားဆုံးရော နောက်ဖေးခန်းကနေ ကိုစံရှားပြန်ထွက်လာတယ်ဆိုရင်ပဲ

“ကဲ… ငါတော့ နင့်အခန်းထဲ ကြာကြာမနေရဲဘူး။ အောက်ထပ်ဆင်းပြီးတော့ လက်ဖက်ရည်သွားဖျော်မယ်။ ကိုသိန်းမောင် ခဏစောင့်ဦး၊ အစ်မကြီး အောက်ထပ်ဆင်းလိုက်ဦးမယ်။”ဆိုပြီး ထထွက်သွားပြန်တယ်။

“ကိုသိန်းမောင်ရဲ့၊ ရန်ကုန်မှာ ဘယ်သူဘယ်ဝါမှန်း မသိပဲ၊ လမ်းပေါ်လဲကျပြီး သေနေလို့ ရဲနဲ့အစိုးရဆေးရုံက သဂြိုလ်ပေးရတဲ့သူတွေ၊ လူနာရှင်ရှိပေမယ့်၊ သေပြီလည်းဆိုရော၊ သဂြိုလ်စားရိတ်မရှိလို့ အလောင်းကို ဒီအတိုင်းထားခဲ့တော့ အစိုးရစားရိတ်နဲ့ သဂြိုလ်ရတဲ့လူတွေ တစ်နေ့တစ်နေ့ ဘယ်လောက်ရှိမယ်ထင်လဲ။ အတော်လေးများတယ်ဗျ။ တစ်ရက်တစ်ရက်ကို မရှိဘူးဆို သုံး၊ လေးလောင်းပဲ။ အစိုးရဆေးရုံတွေက ရေခဲတိုက်တွေဟာ ကျွန်တော့်အတွက်ေတာ့ ရတနာသိုက်ပဲပေါ့ဗျာ။ ဟိုတစ်နေ့ကလို အလုပ်အတွက် လိုအပ်လို့ စမ်းသပ်ချင်တာရှိရင် အဲဒီမှာပဲ ကုန်ကြမ်းရှာရတာပဲ။ အခုလည်း လူ့မျက်လုံးကို မီးလောင်ရင် ဘာဖြစ်မလဲလို့ လေ့လာနေတာဗျ။ မျက်လုံးထဲမှာက ဖြူဖြူအရည်တွေ ရှိတယ်လေ။ ဘာခေါ်သလဲ၊ ကျွန်တော်မေ့နေလို့။”

“Vitreous Fluid ဆိုတာပါဗျာ။”

“အင်း၊ အဲဒါကို အပူချိန်ပြင်းပြင်းပေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်လို့ဗျ။ ဒါနဲ့စောစောက စကားစပြတ်သွားတယ်။ ခင်ဗျား၊ ကျွန်တော့်ကို ပြောချင်နေတဲ့အကြောင်း၊ အဲဒါပြန်ဆက်ဗျာ။”

“ဟုတ်ပြီ။ နေဦးဗျ။ ခင်ဗျားအလုပ်က ဘာဆိုတာ ကျွန်တော့်ကို ပြောထားဦး။”

“ကျွန်တော်က အတိုင်ပင်ခံစုံထောက်လို့ပဲ လွယ်လွယ်ပြောတာပေါ့ဗျာ။ ရဲတို့၊ CID တို့က သူတို့အမှုလိုက်ရတာ အခက်အခဲရှိလာရင် ကျွန်တော့်ကို လာတိုင်ပင်ကြတယ်ပေါ့။”

“ဒါဖြင့် အခုဖြစ်သွားတဲ့ ရှေ့နေကြီးအမှုတို့၊ ဟိုတလောကဖြစ်တဲ့ လေးလောင်းပြိုင်အမှုတို့ ရဲကမဖော်နိုင်သေးတော့ ခင်ဗျားဆီကို လာတိုင်ပင်မှာပေါ့။”

“မဟုတ်ဘူးဗျ၊ လူသတ်မှုလောက်တော့ဗျာ၊ CID ဘက်မှာ ကျွန်တော့်မိတ်ဆွေ ကိုနှင်းမောင်တို့၊ ကိုနှင်းမောင်မိတ်ဆွေတွေဖြစ်တဲ့ ကိုအောင်သင်းတို့၊ ကိုကိုကြီးတို့ ရှိသားပဲ။ လူသတ်မှုလောက်ကိုတော့ သူတို့လိုက်ကြလိမ့်မပေါ့။ ကျွန်တော်က ဒီထက်နက်နဲတာတွေကိုပဲ လိုက်ချင်တာဗျ။ အခုတလော အလွတ်စုံထောက်အဖွဲ့ဆိုတာ ပေါ်လာတာ ကျွန်တော်ဖြင့် အရမ်းဝမ်းသာတာပဲဗျာ။ မဟုတ်ရင် ကျွန်တော့်ကို လူမှားမှားပြီး ပစ္စည်းပျောက်၊ လင်ပျောက်၊ မယားပျောက်တွေကို လာလာစုံစမ်းခိုင်းကြလွန်းလို့။ စိတ်ပျက်စရာကြီးပါဗျာ။ သူတို့ပေါ်လာတာ ကျွန်တော့်အဖို့တော့ သိန်း ၁ သောင်းထီ ပေါက်တာထက်တောင် ဝမ်းသာရတယ်။”

“ဒါဖြင့်ခင်ဗျားက ဘယ်လိုအမှုမျိုးကိုမှ လိုက်တာလဲ။”

“နည်းနည်းထူးခြားတဲ့ဟာမျိုးတွေပေါ့ဗျာ။ အဲဒါအသာထားစမ်းပါ။ ခင်ဗျားပြောမယ့်အကြောင်း ပြောစမ်းပါဦး။”လို့ ပြောလာတာနဲ့ ဟိုတစ်နေ့က အိမ်ကိုရောက်လာတဲ့ လူထူးလူဆန်းအကြောင်းကို ပြောပြရတယ်။ ကိုစံရှားက ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး စိမ်ပြေနပြေသောက်ရင်း စိတ်အေးလက်အေးကို နားထောင်နေတယ်။ အကြောင်းစုံပြောပြီးတဲ့အခါကြမှ

“ခင်ဗျားဘယ်လိုထင်လဲဗျ။”

“ကျွန်တော်တော့ ဘယ်လိုမှ မထင်တတ်အောင်ပဲ။ တစ်ခုတော့ ရှိတယ်၊ ဒီခေတ်ကြီးမှာ ပစ္စတိုကြီးတကားကားနဲ့၊ သူများအိမ်ထဲ အတင်းဝင်ရဲတာဆိုလို့ သာမန်လူမိုက်အဖွဲ့၊ ဒုစရိုက်သမားတော့ မဟုတ်လောက်ဘူး။ အစိုးရတို့၊ စစ်တပ်တို့၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတို့နဲ့ဆိုင်တဲ့ အဖွဲ့အစည်းကလူ ဖြစ်မလားတော့ မပြောတတ်ဘူး။”

“ခင်ဗျားက ဘယ်ဆိုးလို့တုန်းဗျ၊ ကိုသိန်းမောင်ရ။ ဟုတ်တယ်၊ ခင်ဗျားမှန်းတာ အမှန်ပဲ။ ဒါနဲ့ ဟိုလူစိမ်းက ကျုပ်အကြောင်းကို စုံစမ်းပေးရင်၊ ပိုက်ဆံပေးမယ်၊ တပ်ထဲမှာ အလုပ်ပြန်ရမယ်ပြောတာ၊ ဘာကိစ္စနဲ့ ငြင်းလိုက်ရတာတုန်း။”

“သူတို့ဘယ်သူဘယ်ဝါမှန်း၊ ခင်ဗျားဘယ်သူဘယ်ဝါမှန်းမှ ကျွန်တော်မှ မသိတာဗျ။ ခင်ဗျားအကြောင်းတွေ သူတို့သွားပြောလို့ သူတို့က ခင်ဗျားကို တစ်ခုခု လုပ်လိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ လူတစ်ယောက် ဒုက္ခရောက်တာမှာ ကိုယ့်ပရောဂမပါချင်ဘူး။ နောက်ကျွန်တော်ဆိုတဲ့လူကလည်း လျှာမှာမြက်ပေါက်ရုံမကဘူး၊ အာခေါင်ကို ကန္တာရဆူးပင်ဖောက်ပလေ့စေ စပ်စပ်စုစုနဲ့ လုပ်ရတာတွေကို ဝါသနာကို မပါတာဗျ။ အဲဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေ ကျွန်တော်မလုပ်ချင်ဘူး။ ဒါနဲ့ကိုစံရှား၊ ခင်ဗျားပြောတော့ အခုနက ကျွန်တော်မှန်းတာ မှန်တယ်ဆိုတော့ကာ၊ အဲဒီလူအကြောင်း ခင်ဗျားသိထားလို့လား။”

“သိတာမှ၊ သိပ်သိပေါ့ဗျာ။ ဒီလူနဲ့ ကျွန်တော်နဲ့က ရာဇဝင်ကြွေးတွေကို ရှိနေတာ။ သူပြောသွားသလိုပဲ၊ ကျွန်တော်တို့တတွေ ပြန်ဆုံရဦးမှာပါ။ ကျွန်တော့်အထင်ပြောရရင် သိပ်တောင်ကြာမယ် မထင်ဘူး။”

ကိုစံရှားအဆုံးမှာပဲ မမစုစုက လက်ထဲမှာ လက်ဖက်ရည်ဗန်းကိုကိုင်ပြီး အခန်းထဲ ပြန်ဝင်လာရင်း

“ကိုသိန်းမောင်ရေ၊ လက်ဖက်ရည်သောက်ဦး။”လို့ ပြောလာတယ်။

ညနေ ၅ နာရီလောက်ပဲ ရှိသေးပေမယ့်၊ အပြင်ဘက်မှာ နေရောင်က အတော်ကျသွားလို့ အခန်းထဲမှာ ပြန်ပြီးမှောင်လာတယ်။ ကိုစံရှားက ဆေးလိပ်အသစ်တစ်လိပ်ကို မီးညှိပြီး အသာရှိုက်ရင်း ဝရံတာတံခါးဘက်ကနေ အြပင်ဘက်ကို ငေးကြည့်နေတယ်။ အတော်လေးကြာမှ

“အမှုဗျာ၊ အမှု။ အမှုတွေ မရှိတာ စိတ်ပျက်စရာ အရမ်းကောင်းတယ်။”လို့ပြောရင်း ကုလားထိုင်နောက်မှီနဲ့ သူ့ခေါင်းကို ဆောင့်နေတယ်။ ပြီးတော့မှ ဆက်ပြီး

“ဒီလိုရှိတယ်ဗျ၊ ကိုသိန်းမောင်ရ။ ကျွန်တော်ဆိုတဲ့လူက အလုပ်ရှိနေမှ။ ကျွန်တော့်စိတ်က တည်ငြိမ်နေတယ်ဆိုရင် မကြိုက်ဘူး။ ကျွန်တော့်ကို ပြဿနာတွေ၊ စဉ်းစားစရာတွေ၊ အလုပ်တွေပေးထား။ ဘယ်လိုမှဖော်မရတဲ့ ဝှက်စာမျိုးတွေ၊ အသေးစိတ် ခွဲခြမ်းလေ့လာရမယ့် အမှုမျိုးတွေ ပေးထား။ သပွတ်အူလို ရှုပ်လေ၊ ကြိုက်လေပဲ။ ဒါမျိုးမှ ကျွန်တော်က အယားပြေပြီး နေလို့ကောင်းနေတာမျိုး။ အခုတလော အမှုတွေက ဘယ်ရောက်ကုန်မှန်းကို မသိတော့ပါဘူးဗျာ။ အရည်အချင်းရှိတဲ့ လူဆိုးလူမိုက်များတွေ့ရရင် ကျွန်တော့်မှာ အဲဒီလူတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေတော့လို့ ဆုတောင်းပေးရမလို ဖြစ်နေတာ။”လို့ ပြောပြန်တယ်။

ဘာမှပြန်မပြောနိုင်သေးခင်မှာပဲ မမစုစုက ဖြတ်ပြီးတော့

“ကဲ… ကိုသိန်းမောင်ရေ၊ အခန်းကို သဘောကျရဲ့လား။ စံရှားနဲ့ တွဲပြီးနေရမှာရော၊ အဆင်ပြေရဲ့လား။ မင်းတော့ စိတ်မပျက်သွားဘူးလို့ အစ်မကြီးထင်တာပါပဲ။ အစ်မကြီးကတော့ စံရှားတစ်ယောက်တည်းကို အိမ်ပေါ်ခေါ်တင် ထားရမှာ စိတ်မချလွန်းလို့ မင်းကိုလာနေစေချင်တာ အရမ်းပဲ။”

ဒီတစ်ကြိမ်လည်း မမစုစုကို ပြန်ပြောဖို့ စကားကို စလို့မရလိုက်ပြန်ဘူး။ အိမ်တံခါးဝကနေ တံခါးခေါက်သံ ကြားလိုက်ရတယ်။

“ဝင်ခဲ့စမ်းပါဗျာ။ ခင်ဗျားလိုလူက ယဉ်ကျေးမှုတွေဘာတွေ လုပ်နေစရာမလိုပါဘူး။ လူတကာအိမ်လိုက်ပြီး သော့တုနဲ့ဖွင့်နေကြလူကများ။”လို့ ကိုစံရှားက တံခါးဝဘက်ကို လှမ်းအော်လိုက်တယ်။

တံခါးကို တွန်းဖွင့်ပြီး ဝင်လာတဲ့လူကိုမြင်တော့ အံ့အားသင့်လွန်းမက အံ့အားသင့်လိုက်ရတယ်။ ဘဝမှာ ဒီလောက်အံ့အားသင့်ဖူးတာ ဒါပထမဦးဆုံးပဲ။

“အံ့အားသင့်သွားလားဗျ။ ကိုသိန်းမောင်ကို ကျွန်တော်ပြောသားပဲ၊ ကျွန်တော်တို့ ပြန်တွေ့ဦးမှာပါလို့။”ဆိုပြီး တံခါးပေါက်မှာ ရပ်ရင်း ပြောလိုက်တဲ့သူက ဟိုတစ်နေ့က အိမ်ကိုလာသွားတဲ့ လူစိမ်းဖြစ်နေတယ်။

“ကိုသိန်းမောင်ရေ၊ မိတ်ဆက်ပေးမယ်ဗျာ။ ဒါကကျွန်တော့်အစ်ကိုကြီး ကိုစံထွားဆိုတာပဲ။ ခင်ဗျားစောစောက ပြောနေကတည်းက အဲဒီလူစိမ်းက ကျွန်တော့်အစ်ကိုပဲဆိုတာ ကျွန်တော်သိပြီးသား။” လို့ပြောရင်း၊ ကိုစံထွားဆိုတဲ့သူဘက်ကိုလှည့်ပြီးတော့

“ကဲ… ဘာကိစ္စလဲဗျာ။ ကျွန်တော်ပြောပြီးပြီပဲ။ ရှုပ်ရှုပ်ရှက်ရှက်တွေ ဝင်မပါချင်ဘူး။ ဟိုရှေ့နေကြီး အသတ်ခံရတဲ့ကိစ္စမျိုးလောက်တော့ ခင်ဗျားတို့ CID မှာ ကိုနှင်းမောင်တို့ ရှိသားနဲ့ဗျာ။ ကျွန်တော့်ဆီကို လာစရာမလိုပါဘူး။”လို့ ပြောလိုက်တယ်။

ကိုစံရှားရဲ့အစ်ကိုဆိုတဲ့ ကိုစံထွားကတော့ သူ့ညီပြောတဲ့စကားကို ကြားလေယောင်မှ မရှိတဲ့ပုံနဲ့ နီးစပ်ရာ ဆက်တီတစ်လုံးမှာ ဝင်ထိုင်ပြီး၊ မမစုစုကိုလှမ်းပြီးတော့

“အစ်မကြီးရေ၊ မတွေ့တာတောင် ကြာနေပြီ။ နေကောင်းရဲ့လား။ ကျွန်တော့်ညီ ဒုက္ခပေးတာကို တော်တော်မှ ခံနေရရဲ့လားဗျာ။ ဒါနဲ့ ကျွန်တော့်အတွက် ရေနွေးလေး တစ်ခွက်လောက် ရမယ်ဆို ယူပေးပါလား။ ကျွန်တော်က ဆေးလိပ်နံ့ရတယ်ဆိုရင် လည်ချောင်းထဲက ယားလာတတ်လွန်းလို့ပါ”လို့ ယဉ်ယဉ်ကျေးကျေးကိုပဲ ပြောလိုက်တယ်။

အိမ်ကိုလာခဲ့တုန်းက အတိုင်းပဲ ကိုစံထွားက ရှပ်အင်္ကျီလက်ရှည်အဖြူစွပ်စွပ်၊ ယောပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ထားတယ်။ ဆံပင်ကို ဘေးခွဲဖီးထားတာက အခုပဲတီဗီမှာ ညရှစ်နာရီ သတင်းကြေညာတော့မယ့် သူလိုမျိုး။ သူ့ညီကိုစံရှားနဲ့ယှဉ်လိုက်ရင် ဆီနဲ့ရေလို သပ်ရပ်လွန်းအားကြီးနေတယ်။ ဒီတစ်ခါတော့ အနောက်တိုင်းဝတ်စုံဝတ်ထားပြီး သေနတ်ကြီးတကားကားနဲ့ သူ့နောက်လိုက် သက်တော်စောင့်ပုဂ္ဂိုလ်က ပါမလာတော့ဘူး။

နောက်မှ ကိုစံထွားက ကျွန်တော့်ဘက်လှည့်ပြီး

“ဒီလိုရှိတယ် ကိုသိန်းမောင်ရဲ့။ ကျွန်တော်နဲ့ ကျွန်တော့်ညီစံရှားနဲ့က တစ်မအေတည်းက မွေးတယ်ဆိုပေမယ့် အကျင့်စရိုက်က မတူကြဘူး။ ယောက်ျားလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ၇ နှစ်ခြားပြီး မွေးထားတယ်ဆိုတော့၊ အမူအကျင့်ရော၊ အကြိုက်ချင်းပါ အတော်ကြီးကွဲတယ်။ ကျွန်တော့်ညီက ဗွေဆိုးလေးတွေ ရှိတယ်။ ငယ်ငယ်ကတည်းက ပေါက်ကရတွေ လျှောက်လုပ်တတ်လွန်းလို့ ကျွန်တော့်မှာ ဒီကောင့်ကို မျက်ခြေမပြတ် ကြည့်နေရတယ်။ စံရှားက လူတော်ပါ။ ကိုယ့်ညီမို့လို့ ကိုယ်ပြောတာ မဟုတ်ဘူး။ သူသာလိုချင်ရင် အစိုးရကပေးတဲ့ ဆုတွေ၊ ဘွဲ့တွေ အများကြီးရနေပြီ။ ဒါပေမယ့် ခက်တာက ဗွေဖောက်လာရင် ထိန်းမရအောင် ဖြစ်တတ်တာပဲ။ အဲဒါကြောင့် ကျွန်တော်က ဒီကောင်ဘာလုပ်နေတယ်၊ ဘယ်သူတွေနဲ့ တွေ့နေတယ်၊ ဘယ်တွေသွားနေတယ်ဆိုတာကို သိအောင်အမြဲလုပ်နေရတယ်။ တစ်ခုခု ဗွေဖောက်ချင်လာရင် ကြိုပြီးထိန်းထိန်းသိမ်းသိမ်း လုပ်လို့ရအောင်ပေါ့။ ခင်ဗျားကို သူပြောလား။ တစ်ခါတုန်းက ဒီကောင်ဆေးလွန်ပြီး လမ်းပေါ်လဲနေလို့ ကျွန်တော်ကပဲ ဆေးရုံတင်ပေး၊ ဆေးဖြတ်ပေးတာတွေ လုပ်ပေးရဖူးတယ်ဆိုတာကို။”

အံ့အားအရမ်းသင့်သွားတယ်။ ကိုစံရှားလိုလူက အဲဒါမျိုးတွေ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ကိုစံထွားနဲ့ ကျွန်တော်တို့ စကားပြောနေတုန်း ကိုစံရှားက ကျွန်တော်တို့ကို လှည့်တောင်မကြည့်ပဲ ဆေးလိပ်ကို တွင်တွင်ရှိုက်ရင်း ဝရံတာဘက်ကိုပဲ ငေးကြည့်နေတယ်။ အခန်းထဲမှာ ခဏတော့ တိတ်ဆိတ်သွားတယ်။ မမစုစုက ဝင်လာပြီး ကိုစံထွားအတွက် ရေနွေးယူလာပေးတယ်။

ကိုစံထွားက “ကျေးဇူးပဲ၊ အစ်မကြီး”လို့ ပြောလိုက်ရင်း

“စံရှား၊ မင်းကိုငါပြောမယ်။ ဒီတစ်ခေါက်တော့ ငါ့ကိုမင်းကူညီရလိမ့်မယ်။ ငါ့အပေါ် မင်းအကြွေးတွေ ရှိထားတာ မမေ့နဲ့။ နောက်ဒါက ငါတို့တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ကိစ္စ။ မင်းအပေါ် ငါဆက်ဆံခဲ့တာတွေ၊ ငါတို့မိဘတွေက ငါတို့အပေါ် ဆက်ဆံခဲ့တာတွေ၊ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့၊ အခုအချိန်မှာ ဒါတွေအရေးမကြီးတော့ဘူး။ ညီလေးရာ… မင်းနဲ့ငါနဲ့က ညီအစ်ကို အရင်းတွေပါ။ မင်းအပေါ် ငါဘယ်လောက်အထိ ကောင်းတယ်၊ ဘယ်လောက်အထိ သံယောဇဉ်ရှိတယ်ဆိုတာ မင်းသိတယ်။ မင်းလည်းပဲ ငါ့အပေါ် ဘယ်လောက်အထိ သံယောဇဉ်ကြီးတယ်ဆိုတာ ငါသိတာပဲ။ အဲဒီတော့ ဒီတစ်ခေါက် ငါ့ကိုမင်းကူညီပေးရမယ်။”လို့ ပြောပြန်တယ်။

နှုတ်ခမ်းကို တင်းတင်းစေ့၊ မျက်စိကိုမှိတ်ပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရတဲ့ ကိုစံရှားက နောက်ဆုံးတော့ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး၊ သူ့အစ်ကိုကို သေချာလှမ်းကြည့်တယ်။ ပြီးတော့မှ

“ကဲ… ပြောဗျာ။ ဘာလုပ်ပေးရမလဲ။”လို့ ကိုစံထွားကို ပြောပြီးမှ ကျွန်တော့်ဘက်ကိုလှည့်ပြီး

“ကိုသိန်းမောင်ရေ၊ ရှေ့နေကြီးအသတ်ခံရတဲ့ကိစ္စကိုတော့ မစဉ်းစားနဲ့ဗျ။ တရားခံဘယ်သူဆိုတာ ကျွန်တော့်အစ်ကိုက သိပြီးနေပြီ။ စုံထောက်အလုပ်ဆိုတာမှာ ဟိုဟိုဒီဒီ ပြေးရလွှားရတာတွေ၊ မိုးလင်းမိုးချုပ် တစ်နေကုန်တစ်နေခမ်း ရုပ်ဖျက်ထားပြီးတော့ လူဆိုးကို ချောင်းဖမ်းရတာမျိုးတွေ၊ တစ်ခါတစ်ခါ လိုအပ်လာလို့ လူဆိုးနဲ့ လုံးထွေးသတ်ပုတ်ရတာတွေသာ မပါဘူးဆိုရင် စုံစမ်းတယ်တို့၊ ထောက်လှမ်းတယ်တို့မှာ ကျွန်တော့်အစ်ကိုလောက် တော်တဲ့သူ ရှိမှာမဟုတ်ဘူး။ ကျွန်တော်တို့ ညီအစ်ကိုမှာ တူတာဆိုလို့ အဲဒီတစ်ခုပဲရှိတယ်။ အခုလည်း ဘယ်သူက ဘာကြောင့်လုပ်တယ်ဆိုတာ သူသိပြီးသား။ အဲဒီတော့ ကျွန်တော့်အစ်ကို ဒီလာတာ၊ တရားခံဖမ်းခိုင်းဖို့ မဟုတ်လောက်ဘူး။”လို့ ပြောပြန်တယ်။

အဲဒီတော့မှ ကိုစံထွားက

“ရှေ့နေကြီး သတ်ခံရတဲ့ ကိစ္စက မင်းမပူပါနဲ့။ ငါတို့ကြည့်စီစဉ်လို့ရပါတယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီးတော့ ငါတို့မှာ နောက်ထပ်ပိုကြီးတဲ့ ပြဿနာတစ်ခု ရှိနေတယ်။ ငါတို့တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးက ဒီကိစ္စပေါ်မှာ အခြေတည်နေတယ်။”

ကိုစံရှားက လက်ဝါးနှစ်ဘက်ကို လက်အုပ်ချီသလိုမျိုးလုပ်ပြီး နှာခေါင်းထိပ်ကို လက်ညှိုးတွေနဲ့ ကပ်ထားရင်း မေးစေ့ကိုတော့ လက်မတွေနဲ့ ထောက်ထားတယ်။ အသက်ကိုမှန်မှန်ရှူနေရင်း ကိုစံထွားပြောတာကို နားထောင်နေရင်းကနေ လေးလေးနက်နက်ကို စဉ်းစားနေပြန်တယ်။ ပြီးတော့မှ

“ကျွန်တော့်မှာ အလုပ်တွေများနေတယ်ဗျ။ ကျွန်တော်မလုပ်ချင်ဘူး။”လို့ ပြန်ပြောတယ်။

ဒီတစ်ခါလည်း အံ့အားသင့်ရတဲ့သူက ကျွန်တော်ပဲဖြစ်ရပြန်တယ်။ ကိုစံရှားက အခုနကပဲ သူ့မှာအမှုတွေ မရှိလို့ စိတ်ညစ်နေတယ်ပြောတယ်။ အခုပဲ သူ့အစ်ကို ကိုစံထွားက အမှုတစ်ခု လာပေးပြန်တော့လည်း ငြင်းလွှတ်နေပြန်တယ်။ စိတ်ထဲမှာတော့ ဒီလူက တော်တော်ကို နားလည်ရခက်တဲ့ လူပဲလို့ တွေးမိတယ်။ အဲဒီအချိန်မှာပဲ၊ လှေကားကနေ လူတစ်ယောက် တက်လာတဲ့အသံကို ကြားရတယ်။ ခဏနေတော့ တံခါးကို တွန်းဖွင့်ပြီး တံခါးဝမှာရပ်ရင်း

“ကိုစံရှားရေ၊ ခင်ဗျားအကူအညီတော့ လိုနေပြီဗျာ။ တာမွေမှာ လူသတ်မှုဖြစ်တယ်။ ခင်ဗျားကို ခေါ်ခဲ့ပါလို့ ပြောလို့လာခေါ်တာပဲ” လို့ ပြောပြီးတော့ အလောတကြီးနဲ့ နီးရာဆက်တီခုံမှာ ဝင်ထိုင်ပြန်တယ်။ ကိုစံထွားကတော့

“ဟေ့လူ၊ ကိုအုန်းဖေ။ အားတော့နာတယ်ဗျာ။ ခင်ဗျားတို့ CID မှာ ကိုနှင်းမောင်တို့ရှိတာပဲ လူသတ်မှုလောက်တော့ သူတို့လိုက်လို့ရတာပဲဟာ။ ဒီမှာအရေးကြီးတဲ့ ကိစ္စဖြစ်နေတာဗျ။ ကျွန်တော့်ညီက ခင်ဗျားတို့ အမှုတွေ လိုက်မပေးနိုင်ဘူး။ သူ့ကိုကျွန်တော် ခိုင်းမယ့်ဟာရှိတယ်။” လို့ ဝင်ပြောတယ်။

“ဆရာကိုစံထွားရယ်။ ဒီလိုတော့ မလုပ်စမ်းပါနဲ့။ ကိုနှင်းမောင်အကြောင်းလည်း ခင်ဗျားသိသား၊ မဟုတ်ရင်မခံတဲ့လူ။ အခုလည်း လူကြီးတွေနဲ့ စကားများပြီး ဌာနအပြောင်းခံထားရတယ်။ ကျွန်တော်တို့မှာ အရင်အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီးကတည်း ဖြစ်လိုက်တဲ့ ရာဇဝတ်မှုဆိုတာ နည်းတာမဟုတ်ဘူး။ ဟိုနားမှာ လေးလောင်းပြိုင်၊ ဟိုနားမှာက ဆရာဝန်လင်မယား၊ ဟိုတစ်လောကလည်း သွားဆရာဝန်တစ်ယောက် သူ့ဟာနဲ့သူ ဆေးခန်းမှာ သေနေသေးတယ်။ တစ်နေ့တစ်နေ့ ဘယ်လိုမှကို အပတ်မလည်ကြဘူး။ ဒါကြောင့်လည်း ခက်ခက်ခဲခဲ အမှုတွေဆိုရင် ကိုစံရှားကို လာလာအပူကပ်နေရတာပါ။ လုပ်စမ်းပါ၊ ကိုစံရှားရယ်။ ဒီတစ်မှုတော့ ကျွန်တော်တို့ကို ကူညီစမ်းပါ။”လို့ ကိုအုန်းဖေဆိုတဲ့သူက မျက်နှာငယ်နဲ့ပြောရှာတယ်။

သူ့အစ်ကိုကိုစံထွားနဲ့၊ ကိုအုန်းဖေဆိုတဲ့ CID က လူတို့နှစ်ယောက် အပြန်အလှန်ပြောနေတာကိုကြည့်ရင်း အသာနှုတ်ဆိတ်နေတဲ့ ကိုစံရှားက ကျွန်တော့်ဘက်ကို လှည့်လာပြီး

“ကဲ… ကိုသိန်းမောင်ရေ၊ ခင်ဗျားလာတဲ့နေ့မှပဲ ကျွန်တော့်မှာလည်း အလုပ်တွေက အများသားဖြစ်နေတယ်ဗျာ။ ကဲ… ကိုသိန်းမောင်၊ ဟိုဘက်လူက ကိုအုန်းဖေတဲ့။ CID ရဲ့ စီနီယာစုံထောက်ကြီးပေါ့ဗျာ။ ကိုအုန်းဖေလည်း မှတ်ထားပေါ့။ ဒါက ကျွန်တော့်အခန်းဖော်ဖြစ်လာတော့မယ့် ကိုသိန်းမောင်တဲ့။ စစ်ဆေးတက္ကသိုလ်ဆင်းပဲ။ တပ်မတော်ဆေးရုံတွေမှာလည်း တာဝန်ထမ်းဆောင်ဖူးတယ်။ အခုတော့ တိုက်ပွဲမှာဒဏ်ရာရလာလို့ အငြိမ်းစားယူထားတယ်။”လို့ ကျွန်တော်နဲ့ ကိုအုန်းဖေကို မိတ်ဆက်ပေးတယ်။

ကျွန်တော်ကလည်း “တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”လို့ လက်ကမ်းပေးတော့ ကိုအုန်းဖေက “ဟုတ်ကဲ့ဗျာ”ဆို အလောတကြီးနဲ့ ကျွန်တော့်လက်ကို လှမ်းဆွဲရင်း လက်ဆွဲနှုတ်ဆက်တယ်။

“ကဲ… ခင်ဗျားကိစ္စ အရင်ပြောဦး။”လို့ ကိုစံရှားကပဲ ကိုအုန်းဖေကို လက်ဟန်ပြလိုက်ရင်း လှမ်းပြောတယ်။

“တာမွေ၊ ဗျိုင်းရေအိုးစင်ထဲမှာ ဖြစ်တာပဲဗျ။ အမှုကတော့ လူသတ်မှုဆိုတာ ကျိန်းသေတယ်။ သေတဲ့သူက မိန်းမတစ်ယောက်ပဲ။ နာမည်က မြတ်နိုးခင်တဲ့။ အသက်က ၃၀ စွန်းစွန်းပဲ ရှိသေးတယ်။ ယောက်ျားနဲ့ ကွဲနေတယ်။ ကွဲတယ်ဆိုတာက တရားဝင်တော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ လင်မယားချင်းအဆင်မပြေလို့ ခွဲနေကြတာ။ ပတ်ဝန်းကျင်က ပြောတာတော့ အဲဒီမြတ်နိုးခင်ဆိုတဲ့ တစ်ယောက်က အပြင်မှာ တခြားလူတစ်ယောက်နဲ့ ဖောက်ပြန်နေလို့ သူတို့လင်မယားခွဲနေကြရတာလို့ ပြောတာပဲ။”

ဒီနေရာမှာ ကိုစံရှားက ကြားဖြတ်ပြီးတော့ “သူ့ယောက်ျားဆိုတဲ့သူကရော”လို့ လှမ်းမေးတယ်။

“ကိုစံရှားက သူ့ယောက်ျားသတ်တယ်ထင်တာလား၊ မဟုတ်ဘူးဗျ။ မြတ်နိုးခင်ရဲ့ ယောက်ျားနာမည်က နေဦးလွင်တဲ့။ မြတ်နိုးခင်နဲ့ အသက်သိပ်မကွာလှဘူး။ ကြီးလှ ၃ နှစ်လောက်ပဲ။ အလုပ်က စိတ်ရောဂါကုဆရာဝန်။ ၄၆ လမ်းထဲမှာ ဆေးခန်းဖွင့်ထားတယ်။ သူတို့လက်ထပ်တာ မကြာသေးဘူး။ ၄၊ ၅ နှစ်ပဲ ရှိဦးမယ်။ ကလေးလည်းမရှိဘူး။ ဒီအမျိုးသမီးကလည်း အစကတည်း ခပ်ရှုပ်ရှုပ်ဗျ။ ယောက်ျားမရခင်က မော်ဒယ်တို့ ဘာတို့လုပ်တယ်။ သီချင်းခွေ MTV ေတွမှာ ဝင်သရုပ်ဆောင်တာတို့၊ ဗီဒီယိုတွေမှာ မင်းသမီးသူငယ်ချင်းတို့၊ ဖြတ်လျှောက်တို့ တစ်ခန်းနှစ်ခန်း ဝင်သရုပ်ဆောင်တာတို့ လုပ်ဖူးတယ်တဲ့။ အဲဒီတုန်းကလည်း ဟိုလူ၊ ဒီလူနဲ့ သတင်းထွက်ဖူးတယ်။ အခုလည်း အိမ်ထောင်ကျပြီးမှ ဇာတ်လမ်းရှုပ်နေတာတဲ့။ လွန်ခဲ့တဲ့ ၆ လလောက်ကစပြီး၊ သူ့ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သူ့ယောက်ျားကသိပြီး အခုလိုမျိုး လင်မယားခွဲနေကြတာမျိုး ဖြစ်လာတာ။ စစချင်းတော့ ကျွန်တော်တို့လည်း သူ့ယောက်ျားကို သံသယဖြစ်တယ်။ ဒါပေမယ့် စုံစမ်းလိုက်တော့ မြတ်နိုးခင်သေတဲ့အချိန်မှာ သူ့ယောက်ျားက နေပြည်တော်မှာလုပ်တဲ့ စာတမ်းဖတ်ပွဲတစ်ခုကို ရောက်နေတယ်။ အဲဒီတော့ သူသတ်တာ မဖြစ်နိုင်တော့ဘူး။”

“သေတာက ဘယ်အချိန်လဲဗျ။”

“မနေ့က ညနေ ၃ နာရီလောက်ပဲ၊ အလောင်းကိုတော့ ဒီနေ့မနက်၊ မြတ်နိုးခင်အိမ်ကို ရှင်းပေးဖို့လာတဲ့ အိမ်ဖော်အဒေါ်ကြီးက တွေ့လို့ ရပ်ကွက်ကို အကူအညီတောင်းတာနဲ့ ရပ်ကွက်က ရဲကိုအကြောင်းကြားတာ။”

“အဲဒီတော့ မြတ်နိုးခင်သေနေတာကို၊ မနေ့က တညနေလုံး၊ တညလုံး ဘယ်သူမှမသိဘူးပေါ့။ ဒီနေ့မနက်ကြမှပဲ သိရတာပေါ့။”

“ဟုတ်တယ်၊ ကိုစံရှား။ မနေ့က ဘယ်သူမှမသိကြဘူး။ ဒီနေ့တောင်မှ မနက် ၁၀ နာရီလောက်မှသိတာ။ မြတ်နိုးခင်က တစ်ယောက်တည်းနေတယ်။ အိမ်ဖော်အဒေါ်ကြီးက တစ်ပတ်ကို ၃ ရက် အိမ်လာရှင်းတယ်။ အဲဒီအဒေါ်ကြီးနဲ့ မြတ်နိုးခင်နဲ့တောင်မှ သိပ်မရင်းနှီးကြဘူး။ မြတ်နိုးခင်အိမ်မှာ မရှိတဲ့အချိန်မျိုးမှ အဘွားကြီးက လာရှင်းတာ။ အဒေါ်ကြီးမှာက သော့အပိုရှိတယ်။”

“အေးဗျာ။ အခုတော့ ပြောဖို့က တော်တော်စောသေးတာပဲ။ အခင်းဖြစ်တဲ့နေရာ လိုက်ကြည့်ပြီးမှပဲ ပိုသိရမှာပေါ့။ ဒါနဲ့ သေတာက ဘယ်လိုသေတာလဲ။”

“မပြောပါနဲ့တော့ ကိုစံရှားရယ်။ သတ်တာမှ ရက်ရက်စက်စက်ပဲ။ လူတစ်ကိုယ်လုံးကို ဓါးနဲ့အချက်နှစ်ဆယ်ကျော်ထိုးပြီး၊ မျက်နှာတစ်ခုလုံးကို အက်ဆစ်နဲ့ ပက်သွားတာ။”

ကိုအုန်းဖေက အဲဒီလိုပြောလိုက်တော့ ကိုစံရှားရဲ့မျက်နှာက တင်းခနဲဖြစ်ပြီး၊ နဖူးကြောတွေ ရှုံ့သွားတယ်။ ကိုအုန်းဖေကပဲ ဆက်ပြီးတော့

“အလောင်းကတော့ အခုရေခဲတိုက်ရောက်နေပြီ။ သက်သေပစ္စည်းတွေက CID မှာ။ ကိုစံရှား၊ အခင်းဖြစ်တဲ့နေရာကို သွားကြည့်မယ်ဆိုရင် အခုပဲ သွားတာကောင်းမယ်။”

ကိုအုန်းဖေက ပြောနေချိန်မှာ ကိုစံရှားက လက်တစ်ဘက်က ဆေးလိပ်ကို ကိုင်ထားရင်း၊ ကျန်တဲ့လက်တစ်ဘက်က ဆက်တီခုံလက်ရန်းကို တစ်တောက်တောက်ခေါက်ပြီးတော့ စဉ်းစားနေတယ်။ ပြီးတော့မှ

“ဟုတ်ပြီလေ။ ဒါဆိုဒီလိုလုပ်၊ အစ်ကိုကြီးကိစ္စကို ကျွန်တော်လုပ်ပေးမယ်။ ဒါပေမယ့် ဒီကကျွန်တော့်မိတ်ဆွေ ကိုသိန်းမောင်ကို အရင်တောင်းပန်ရမယ်။ လူတစ်ယောက်ကို ငွေပေးမယ်၊ ငါခိုင်းတာလုပ်မလားဆိုတဲ့ အမူအကျင့်မျိုး ကျွန်တော်မကြိုက်ဘူး။ ကျွန်တော့်မိတ်ဆွေကို အဲဒီလိုစော်ကားတာ ကျွန်တော်လက်မခံနိုင်ဘူး။”လို့ ကိုစံရှားက ပြောတော့ ကျွန်တော်ကပဲ

“မလိုပါဘူးကိုစံရှားရယ်၊ ကိုစံထွားက ကျွန်တော့်ကို နစ်နာစေချင်တဲ့ စိတ်ရှိပုံ မပေါ်ပါဘူး။”လို့ ဝင်ပြောတော့ ကိုစံထွားက အသာလက်ကာပြတယ်။ ပြီးတော့မှ

“ကိုသိန်းမောင်ပြောတာ အမှန်ပဲ၊ ကျွန်တော့်မှာ ကိုသိန်းမောင်ကို နှိမ်ချင်တဲ့ ဆန္ဒမရှိတာ အမှန်ပဲ။ ဒါပေမယ့် ကျွန်တော့်ညီပြောတာလည်း သဘာဝကျပါတယ်။ ကျွန်တော်က စော်ကားသလိုဖြစ်သွားတာ ခွင့်လွှတ်ပါဗျာ။”လို့ တောင်းပန်ရှာတယ်။

ကျွန်တော်ကလည်း “ကိစ္စမရှိပါဘူးဗျာ”လို့ ပြောတော့ ကိုစံရှား

“ဟုတ်ပြီဗျာ။ ကဲ… အစ်ကိုကြီး၊ အစ်ကိုကြီး ကိစ္စက အခု CID မှာ မဟုတ်လား။ လမ်းသင့်တာပဲ။ အစ်ကိုကြီးနဲ့ ကိုအုန်းဖေတို့ CID ကို အတူတူသွားကြ။ ကျွန်တော်နောက်ကလိုက်လာမယ်။ ဟိုရောက်ရင် အစ်ကိုကြီးကိစ္စကို အရင်ရှင်းမယ်။ ကိုအုန်းဖေကိစ္စကတော့ ဒီထက်ကျွန်တော့်ဆီ စောရောက်ရင် ပိုကောင်းမှာ၊ အခုက အခင်းဖြစ်တဲ့နေရာက ခြေရာလက်ရာများနေပြီ။ အဲဒီတော့ သက်သေခံပစ္စည်းတွေကို CID မှာ အရင်ကြည့်ပြီး၊ လိုအပ်မှပဲ အခင်းဖြစ်တဲ့နေရာကို သွားကြတာပေါ့။”လို့ အားလုံးကို အမိန့်ပေးသလိုမျိုး၊ သူပြောတဲ့အတိုင်း မလုပ်ရင် အကုန်လုံးကို ဘူးခံပြီး ငြင်းလွှတ်တော့မယ့်ပုံမျိုးနဲ့ ပြောလိုက်တယ်ဆိုရင် ကိုစံထွားက ကျွန်တော်နဲ့ ဘေးမှာတစ်ချိန်လုံး ငြိမ်ပြီးထိုင်နားထောင်နေတဲ့ မမစုစုတို့ကို နှုတ်ဆက်ပြီး ထထွက်သွားသလို၊ ကိုအုန်းဖေကလည်း ကိုစံထွားနောက်ကနေ ခပ်ကုတ်ကုတ်နဲ့ ပါသွားလေရဲ့။

ကိုစံရှားကတော့ အိမ်အတွင်းခန်းထဲကို ဝင်သွားတယ်။ အဲဒီအချိန်ကြမှ မမစုစုက

“တွေ့တဲ့အတိုင်းပဲ၊ ကိုသိန်းမောင်ရေ။ သူတို့တတွေက လုပ်ချင်တာ လုပ်နေကြတာ။ အခုလည်းကြည့်စမ်း။ မနေ့ကပဲ လေယာဉ်ကွင်းမှာ ဒီလောက်နာမည်ကြီးတဲ့ ရှေ့နေကြီးအသတ်ခံရတယ်။ အခုတာမွေမှာ မိန်းမတစ်ယောက် အသတ်ခံရပြန်ပြီတဲ့။ ငါလည်းကြောက်လိုက်တာဟယ်။ ငါ့မှာမိန်းမသားတစ်ယောက်တည်း အိမ်မှာနေနေရတယ်။ အဖော်လေးရမလားလို့ အိမ်ငှားခေါ်တင်ထားမိတော့လည်း စုံထောက်ကိုမှ ခေါ်တင်ထားမိတယ်။ တစ်နေ့တစ်နေ့၊ ဘယ်မှာတော့ သတ်သွားပြန်ပြီ၊ ဘယ်မှာတော့ ခုတ်ထစ်သွားပြန်ပြီနဲ့ အနိဋ္ဌာရုံတွေချည်း ကြားနေရတယ်။”လို့ တညီးညီးတညူညူနဲ့ ပြောရှာတယ်။

ကိုစံရှားကတော့ “ညစာအပြင်မှာပဲစားတော့မယ်၊ မမစုစုရေ။ ကျွန်တော်သွားပြီ။ ကိုသိန်းမောင်ရေ၊ ကျွန်တော်သွားမယ်ဗျာ။ အခန်းကိစ္စတော့ မမစုစုနဲ့ပဲ ဆက်ပြောလိုက်။ ခင်ဗျားနေမယ်လို့ ဆုံးဖြတ်ပြီးရင်တော့ နက်ဖြန်သာ ပြောင်းလာခဲ့တော့ဗျာ။ ကျွန်တော်မရှိလည်း မမစုစုက ခင်ဗျားကို အခန်းတံခါးဖွင့်ပေးလိမ့်မယ်။ အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်ဗျာ။”လို့ ပြောရင်း လှေကားကနေ ဝရုန်းသုန်းကား ပြေးဆင်းသွားတယ်။

“ကဲ… အဲဒီတော့ မင်းဘယ်လိုသဘောရလဲ။”လို့ မမစုစုက မျှော်လင့်တကြီးနဲ့ မေးလာချိန်မှာပဲ

“ဟူး… မပြောတတ်ဘူး၊ အစ်မကြီးရယ်။ ကျွန်တော်က အေးအေးနေချင်တဲ့သူ။ ရှုပ်ရှုပ်ရှက်ရှက်တွေ ကြိုက်တဲ့သူ မဟုတ်ဘူး။ တပ်ထဲနေလာတဲ့သူဆိုတော့ သပ်သပ်ရပ်ရပ်လေး နေရတာလည်း ကြိုက်တယ်။ ကိုစံရှားနဲ့ကြတော့ တစ်မျိုးပဲ။ အခန်းက အဲဒီလို ရှုပ်ပွနေတာ၊ ဆေးလိပ်ငွေ့တထောင်းထောင်းနဲ့၊ မှောင်မှောင်မည်းမည်းအခန်းကြီး။ နောက်ရေခဲတိုက်ရောက်ပြီးသား အလောင်းတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုယ့်သဘောနဲ့ကိုယ် အခန်းထဲထားတယ်ဆိုတာက ရှိသေးတယ်။ ကျွန်တော်က ဆရာဝန်။ ဆရာဝန်ဆိုတာ ဒါမျိုးကို လက်ကိုမခံသင့်တာ။ သေသွားတဲ့လူရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပဲ။ ဆရာဝန်ကျင့်ဝတ်နဲ့ ဘယ်လိုမှ မညီတဲ့အလုပ်မျိုး။ နောက်မူးယစ်ဆေးတွေ ဘာတွေ သုံးဖူးတဲ့သူ၊ ပိုဆိုးတာက သူ့အစ်ကို ကိုစံထွားလို လူမျိုးက ရှိသေးတယ်။ ဒီတော့ ဒီလိုလူမျိုးနဲ့ ကျွန်တော်နဲ့ ဖြစ်မယ် မထင်ပါဘူးဗျာ။ နောက်တစ်ခုက…”

ဒီအချိန်မှာပဲ လှေကားကို ဝုန်းခနဲ၊ ဒိုင်းခနဲ တက်လာပြီး တံခါးကနေ

“ကိုသိန်းမောင်ရေ၊ ခင်ဗျားတပ်က ထွက်ပြီးကတည်းက လှုပ်လှုပ်ရှားရှားနဲ့ သွေးပူလေ့ကျင့်ခန်းလေးတွေ မလုပ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲဗျာ။ နည်းနည်းပါးပါး စိတ်လှုပ်ရှားစရာလေးတွေ ဖြစ်သွားအောင် ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ။ ဘာလို့အဘိုးကြီးလို ထိုင်ပြီးငိုင်ပြီးမှိုင်ပြီးနေမှာလဲ။ လိုက်ခဲ့စမ်းပါ။”လို့ လှမ်းအော်ပြောပြီးတော့ ဝုန်းခနဲ ဒိုင်းခနဲပဲ လှေကားကနေ ပြန်ဆင်းသွားတယ်။

ကိုစံရှားက လှေကားထစ်တွေကို ခုန်ကျော်ပြီး ဝုန်းခနဲ၊ ဒိုင်းခနဲဆင်းသွားတဲ့ အသံကို ကြားမိတော့၊ အုန်းခနဲ၊ ဝုန်းခနဲနဲ့ နောက်ဆုံးကြားခဲ့မိတဲ့အသံကို ပြန်သတိရလာတယ်။ သေနတ်မောင်းကို ဆွဲလိုက်တိုင်း ဖြောင်းဖြောင်း၊ ဖြောင်းဖြောင်းဆိုပြီး မြည်ထွက်သွားတဲ့အသံတွေကို ဦးနှောက်ထဲမှာ ပြန်ကြားလာတယ်။ Adrenaline ရဲ့ တွန်းအားကြောင့် နားထင်မှာ သွေးတွေက တဒုတ်ဒုတ်ခုန်လာတယ်။ “ချကွ၊ ချကွ”ဆိုပြီး နောက်ကနေ ညာသံပေးတဲ့အသံတွေက နားထဲမှာ အူတက်လာတယ်။

စိတ်ပျက်လက်ပျက်နဲ့ပဲ မမစုစုကို လှမ်းကြည့်လိုက်တယ်။ ဆက်တီမှာ မှီထားတဲ့ တုတ်ကောက်ကို လှမ်းဆွဲလိုက်ရင်း ဟူးခနဲ နောက်ထပ်သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်တယ်။ တုတ်ကောက်ကို အားယူထပြီးတော့မှ ခပ်သွက်သွက်ပဲ၊ အခန်းတံခါးဝဆီကို အပြေးတပိုင်း လျှောက်သွားမိတော့တယ်။

♦♦♦

လမ်းတလျှောက်လုံးမှာ ကိုစံရှားမျက်နှာက သုန်မှုန်နေတယ်။ ပါးစပ်က ပွစိပွစိရွတ်ရင်း၊ စိတ်ထဲအတော်ကြီးကို မကျေမနပ်ဖြစ်နေတယ်ဆိုတာ သိသာလွန်းနေတယ်။ ခဏနေရင် ဆေးလိပ်တစ်လိပ်ထုတ်သောက်လိုက်၊ တစ်ခုခုကို စဉ်းစားနေဟန် အကြာကြီးငြိမ်နေရင်း ဆေးလိပ်ကို အားပါးတရကို ဖွာနေလိုက်။ ခဏနေပြန်တော့ ဒေါသတွေထွက်လာပြီး၊ ရှေ့မှာပိတ်နေတဲ့ ကားတွေကို ဆဲလိုက်၊ ပါးစပ်က ပွစိပွစိဖြစ်သွားလိုက်၊ ဒေါသတကြီးနဲ့ သူ့အရှေ့က ကားထိုင်ခုံကို ထုလိုက် တလှည့်စီလုပ်နေပြန်တယ်။ အတော်ကြီးကို ကြာတော့မှ

“ကိုသိန်းမောင်ရေ၊ ခင်ဗျားက တကယ့်ကို ပါရမီထူးရှိတဲ့သူဗျ။ အဲဒီလိုပါရမီရှိတဲ့သူတွေကို ကျွန်တော်က သိပ်ပြီးတော့ကို သဘောကျတာ။ ကျွန်တော်တို့ အလုံကနေ အခုရှစ်မိုင်ကို လေးဆယ့်ငါးမိနစ်တောင် ကြာတယ်။ ခင်ဗျားက စကားတစ်ခွန်းမှ မပြောဘူး။ အဲဒီလို တေမိလုပ်နိုင်တဲ့သူကို ကျွန်တော်ဖြင့် တကယ့်ကို သဘောကျတာဗျ။”လို့ ကျွန်တော့်ကို ချီးမွမ်းလေရဲ့။

ကျွန်တော်လည်း သက်ပြင်းချရင်း

“ကိုစံရှားရယ်၊ ခင်ဗျားလုပ်နေတာတွေဖြင့် ကျွန်တော်ကမှ ဘာတစ်ခုမှ နားမလည်ပဲ ဘာကိုဝင်ပြောရမှာလဲ။”

“အင်း၊ ဒါဖြင့် ဘာတွေကို နားမလည်သလဲဗျာ။ ကျွန်တော်ရှင်းပြမယ်။”

“ကဲ… ဒါဆိုလည်းဗျာ၊ ကျွန်တော့်ကို တစ်ခုရှင်းပြ။ ကျွန်တော့်ညီက အိမ်ထောင်ရေး အဆင်မပြေဘူးဆိုတာ ခင်ဗျားဘယ်လိုသိလဲ။”

“ခင်ဗျားလက်က နာရီဗျ။ ကျွန်တော့်ကို ဆေးလိပ်လာပေးရင်းနဲ့ တွေ့လိုက်တာ။ အစကစပြောမှ ခင်ဗျားနားလည်မှာ။ ခင်ဗျားကိုခေါ်လာတာက ကိုမြင့်မောင်သိန်းက ခေါ်လာတာ။ ကျွန်တော်က ကျွန်တော့်အခန်းမှာ တစ်ယောက်တည်း နေရတာ ပျင်းနေတာနဲ့၊ မမစုစုကို အိမ်လခပေးရတာလည်း နည်းနည်းသက်သာအောင်၊ စကားပြောဖော်လေးဘာလေးလည်းရအောင် အခန်းအတူစပ်ငှားမယ့် လူတစ်ယောက်လောက် ရှိရင်ကောင်းမှာလို့ ကိုမြင့်မောင်ကိုပြောထားနှင့်တော့ သူကခင်ဗျားကို ခေါ်လာတာတွေ့ကတည်းက ခင်ဗျားလည်း တစ်ယောက်တည်းသမား၊ လူပျိုလူလွတ်ဆိုတာ သိတာပဲ။ စဉ်းစားကြည့် အိမ်ထောင်သည်ဆိုရင်တော့ ဘယ်သူက အခန်းစပ်တူငှားမှာလဲ။ ပိုက်ဆံမတတ်နိုင်ရင်တောင်မှ အိမ်ထောင်သည်အဆောင်မှာ နေမှာပေါ့။ ကိုမြင့်မောင်လည်းပဲ တပ်ကထွက်လာတဲ့လူပဲ။ တုတ်ကောက်နဲ့ လမ်းလျှောက်နေရတဲ့ သူငယ်ချင်းဆိုရင် တပ်ထဲက လူပဲဖြစ်ရမယ်။ အရပ်သားထဲမှာလည်း ခြေထောက်ခိုက်မိတဲ့သူ ရှိတာပေါ့ဗျာ။ ဒါပေမယ့် ဖြစ်တန်ချေအရကြည့်ရင် တပ်ကထွက်တဲ့သူပဲ ဖြစ်ရမယ်။ နောက်ပြီး လူတော်တော်များများက ရေခဲတိုက်တို့၊ အလောင်းတို့မြင်ရင် ကြောက်သလို၊ ရွံသလို ဖြစ်ကြတယ်။ စစ်သားအရင့်အမာကြီးတွေတောင်ပဲ။ ခင်ဗျားက ရေခဲတိုက်ထဲရောက်လာပေမယ့် အဲဒီလိုမဖြစ်ဘူး။ အဲဒီတော့ အလောင်းတွေ ကိုင်ရတွယ်ရတာ အလေ့အကျင့်ရနေတဲ့သူ ဖြစ်ရမယ်။ ကိုမြင့်မောင်နဲ့ သူငယ်ချင်းဆိုတော့ ရိုးရိုးစစ်သားမဟုတ်ဘူး၊ ဆရာဝန်စစ်သားပဲဖြစ်ရမယ်။ ခင်ဗျားကြည့်ရတာ ကိုမြင့်မောင်ထက်ငယ်တော့ ခင်ဗျားက သူ့ဂျူနီယာဖြစ်မယ်ပေါ့။ ခင်ဗျားဖိနပ်ကိုကြည့်တော့ ခင်ဗျားစီးထားတဲ့ အောကတ္တီပါက အရောင်တော်တော်မှိန်နေပြီ။ ဒါပေမယ့် ခြေရာမထင်ဘူး။ အောကတ္တီပါဆိုတာ စီးပါများရင် ခြေဆီထွက်တာနဲ့ ရောပြီးတော့ အမွေးလေးတွေကျွတ်ပြီး ဖိနပ်မှာ အရာကြီးဖြစ်သွားတယ်။ အခုအဲဒီလိုအရာမထင်ဘူး။ အဲဒီတော့ ခင်ဗျားဖိနပ်က ဝယ်ထားတာကြာပြီ၊ စီးလေ့စီးထမရှိလို့၊ အပြင်တွေဘာတွေ သိပ်မသွားလို့ အသစ်အတိုင်း ဖြစ်နေသေးတာပဲ။ ဒီအရွယ်မှာ အပြင်သွားတာနည်းတဲ့သူဆိုတော့၊ တစ်ပတ်တစ်ခါလောက်မှ အိမ်ထဲကနေ အိမ်ပြင်မထွက်တဲ့သူ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ချိန်းထားတာတို့၊ ကောင်မလေးနဲ့ ချိန်းတွေ့တာတို့ လုပ်နေကြလူမျိုး မဟုတ်ဘူးဆိုတာ သိသာတယ်။ နောက်ခင်ဗျားက လက်ဖက်ရည် ကြိုက်တယ်။ ကျွန်တော်ဘာလို့သိလဲ။ ခင်ဗျားကို ခေါ်လာတဲ့နေ့က ကိုမြင့်မောင်ဆီကနေ ဆေးလိပ်နံ့ရတယ်။ ကိုမြင့်မောင်က အစာအိမ်ရောဂါရှိလို့ လက်ဖက်ရည် မသောက်ဘူး။ ဒါပေမယ့် ခင်ဗျားက လက်ဖက်ရည်ကြိုက်တဲ့သူမို့လို့ သူ့ကိုခေါ်ပြီး ခင်ဗျားတို့ လက်ဖက်ရည်ဆိုင်ထိုင်ကြတာ။ ကိုမြင့်မောင်က ပုံမှန်ဆိုရင် ဆေးလိပ်မသောက်ပေမယ့်၊ လက်ဖက်ရည်ဆိုင်ရောက်ရင်တော့ တစ်လိပ်နှစ်လိပ်လောက် သောက်တတ်တယ်။ အဲဒါကြောင့် ခင်ဗျားတို့ လက်ဖက်ရည်ဆိုင် ထိုင်လာတယ်၊ ခင်ဗျားက လက်ဖက်ရည်ကြိုက်တဲ့သူဆိုတာကို သိတာ။ နောက်ခင်ဗျားက ငွေရေးကြေးရေး အဆင်မပြေဘူးဆိုတာ…။ အဓိကက ခင်ဗျားလက်ထဲမှာ ကိုင်လာတဲ့အထုပ်ထဲမှာ Tea Mix အထုပ်ကြီးကို တွေ့လို့ပဲ။ လက်ဖက်ရည်တကယ်ကြိုက်တဲ့သူက ဆိုင်မှာထိုင်သောက်တာ၊ ပါဆယ်ဝယ်ေသာက်တာတောင် မဟုတ်ဘူး။ Tea Mix ဝယ်သောက်ဖို့ဆိုတာ ဝေးရောပဲ။ အခုက တစ်ထုပ်မှ ၁၀၀ ပဲရှိတဲ့ Tea Mix ထုပ်ကို သောက်နေရတယ် ဆိုကတည်းက ခင်ဗျားက ဝင်ငွေနည်းတဲ့သူ၊ ဝင်ငွေမရှိတဲ့သူမို့ ဖြစ်ရမယ်။ လက်ဖက်ရည်ကြိုက်လို့ မဖြတ်နိုင်ပေမယ့်၊ စျေးကြီးလို့ ဆိုင်သွားမသောက်ပဲ၊ ပါဆယ်မှာ မသောက်ပဲ၊ Tea Mix နဲ့ အာသာပြေသောက်နေရမှန်းသိတာ။ အရက်သမားတွေလည်း အဲဒီလိုပဲ၊ ဘယ်တော့ဖြစ်ဖြစ် ဆိုင်မှာသောက်ချင်တာပဲ၊ ပိုက်ဆံမရှိလို့သာ အိမ်မှာသောက်ကြတာ။ ခင်ဗျားဘာလို့ဝင်ငွေနည်းလည်းဆိုတော့ အလုပ်မရှိလို့ဖြစ်ရမယ်။ ဒါပေမယ့် ပင်စင်သပ်သပ်ကြီးပဲဆိုလည်း ဒီရန်ကုန်လိုနေရာမှာ ခင်ဗျားအတွက် လောက်ငှမှာ မဟုတ်ဘူး။ အဲဒီတော့ ခင်ဗျားမှာ ခင်ဗျားကို ထောက်ပံ့ပေးနေတဲ့ ဆွေမျိုးတစ်ယောက်ယောက် ရှိရမယ်။ နောက်ပြီးတော့ ခင်ဗျားက နည်းပညာတွေ ဘာတွေနားလည်တဲ့သူ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားပတ်ထားတဲ့နာရီက Apple Watch ဖြစ်နေတယ်။ ခင်ဗျားဖာသာခင်ဗျားဆိုရင် ဝယ်မှာမဟုတ်ဘူး။ ဒီလောက်စျေးကြီးတဲ့ဟာကို။ ခင်ဗျားက နာရီဆိုတာ အချိန်သိဖို့လောက်ပဲ လိုတာလို့ ယူဆတဲ့သူ။ ပိုဆိုးတာက ခင်ဗျားကိုင်တဲ့ဖုန်းက Android ဖုန်းကြီး။ ကမ္ဘာပေါ်မှာ Android ဖုန်းကိုင်ပြီး Apple Watch ပတ်တဲ့သူက ခင်ဗျားတစ်ယောက်ပဲ ရှိလိမ့်မယ်။ ဒီနာရီက ခင်ဗျားဝယ်တာမဟုတ်ဘူး၊ တစ်ယောက်ယောက်ဆီက ရလာတာ။ နာရီကြိုးကိုကြည့်တော့ လူငယ်ကြိုက်ပုံစံပဲ။ ခင်ဗျားတူဖြစ်ဖြစ်၊ ညီဖြစ်ဖြစ် ဖြစ်မယ်ပေါ့။ တူနဲ့ညီဆိုရင် ခင်ဗျားအသက် ၃၅ ဝန်းကျင်မှာ ဒီလောက်စျေးကြီးတဲ့နာရီကို ဝယ်ပတ်နိုင်လောက်တဲ့ အရွယ်ရှိတဲ့ တူရှိဖို့က ဖြစ်နိုင်ချေနည်းတယ်။ အဲဒီတော့ ညီပဲဖြစ်ဖို့များတယ်။ နာရီက ဝယ်တုန်းက ဆင်တူနှစ်လုံးဝယ်တာဗျ။ ဘာလို့လဲဆိုတော့ နာရီရဲ့ Watch Face ကို set လုပ်ထားတာက မိန်းကလေးတွေ ကြိုက်တဲ့ပုံစံမျိုး။ ခင်ဗျားညီက သူ့ကောင်မလေးနဲ့ အတူတူဝယ်လိမ့်မယ်။ အဲဒီမှာ Watch Face ဆိုတာက ဖုန်းက Wallpaper လိုပဲ၊ ပြောင်းလို့ရတာကိုး။ အဲဒီတော့ သူ့ကောင်မလေးက သူကြိုက်တဲ့ ပုံကိုရွေးပြီး set လုပ်မယ်။ ခင်ဗျားညီကိုလည်း အဲဒီပုံဆင်တူထားခိုင်းမယ်ပေါ့။ ခင်ဗျားက ဘယ်လိုပြောင်းရမလဲဆိုတာလည်း မသိဘူး၊ နာရီဆိုတာ အချိန်သိရပြီးတာပဲဆိုတဲ့လူဆိုတော့ အလုပ်ရှုပ်ခံပြီး ပြောင်းမနေတော့ဘူး။ ဒါပေမယ့် ခင်ဗျားညီက ပိုက်ဆံလိုနေတဲ့သူ။ သူ့ကောင်မလေး မသိအောင် နာရီကြိုးကို ဖြုတ်ရောင်းထားတယ်။ ခင်ဗျားအခုပတ်နေတာ၊ သူ့နဂိုမူရင်း လက်ပတ်ကြိုးမဟုတ်ဘူး။ တရုတ်ကနေ အတုထုတ်ထားတာ။ ရုတ်တရက်ကြည့်ရင် မသိနိုင်ပေမယ့် သေချာကြည့်ရင်သိတယ်။ မူရင်းကြိုးက သိန်းဂဏန်းရှိတယ်။ တရုတ်ကြိုးက သောင်းဂဏန်းပဲရှိတော့ ခင်ဗျားညီက သူ့ကောင်မလေး မသိအောင် ဖြုတ်ရောင်းပြီး တရုတ်ကြိုးနဲ့ လဲတပ်ထားတယ်။ ဒီလောက်တောင် ပိုက်ဆံလိုနေတဲ့သူက ဒီလိုစျေးကြီးတဲ့နာရီမျိုးကို တပြိုင်တည်း နှစ်လုံးဝယ်နိုင်မှာလား။ ကဲ… ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ကြတယ်ပဲထား။ ခင်ဗျားညီ ဝယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ဒီနာရီက သူ့ကောင်မလေး ဝယ်ပေးတာပဲဖြစ်မယ်။ ဒါကြောင့်မို့လည်း နာရီကို မရောင်းပဲ၊ လက်ပတ်ကြိုးကိုပဲ ရောင်းတာ။ သမီးရည်းစားဘဝမှာတော့ ဒီလောက်တန်ဖိုးကြီးတာကို ဝယ်မပေးကြလောက်ဘူး။ အဲဒီတော့ နာရီဝယ်ပေးတဲ့ ကောင်မလေးသည် ခင်ဗျားညီရဲ့ မိန်းမပဲ ဖြစ်ရမယ်။ ဒါဆို နာရီက အခုခင်ဗျားဆီ ဘာလို့ရောက်နေလဲ။ ခင်ဗျားညီက သူ့မိန်းမနဲ့ အဆင်မပြေတော့လို့။ ကွဲတောင်ကွဲနေမယ်နဲ့တူတာပဲ။ ဒါကြောင့်မို့ ခင်ဗျားကို အောက်စျေးနဲ့ လာရောင်းသွားတာ။ သူတို့လင်မယား အဆင်မပြေနိုင်တာ ဘာရှိမလဲ။ ကောင်မလေးက ပိုက်ဆံချမ်းသာမယ်။ ဒါကြောင့်လည်း ဒီလိုနာရီမျိုး ၂ လုံးတပြိုင်တည်း ဝယ်နိုင်တာ။ ပိုက်ဆံအမြဲတမ်း လိုနေတဲ့ ခင်ဗျားညီက သူ့မိန်းမပိုက်ဆံတွေကို မိန်းမမသိအောင် ယူသုံးနေတာပဲ ဖြစ်မယ်ပေါ့။ နောက်တစ်ခုက နာရီလက်ပတ်ကြိုးမှာ မင်လေးတွေ စွန်းနေတယ်။ နိုက်ကလပ်တွေမှာက ကလပ်ထဲဝင်ရင် ပိုက်ဆံပေးပြီးသားမှန်းသိအောင် လက်ဖျံမှာ တံဆိပ်တုံးထုပေးလိုက်တတ်တယ်။ အဲဒီတံဆိပ်တုံး ထုတုန်းက နာရီကြိုးကို ထိသွားပြီး မင်တွေပေသွားတာပဲ။ အဲဒီတော့ ခင်ဗျားညီက မိန်းမမသိအောင် ပိုက်ဆံတွေဗုန်းပြီး ကလပ်တက်၊ အရက်သောက်၊ ဆေးချလုပ်နေတဲ့လူမျိုးပဲဖြစ်မယ်။ မိန်းမနဲ့လည်းကွဲ၊ ပိုက်ဆံလည်းလိုတော့ နာရီကို ခင်ဗျားဆီမှာ အောက်စျေးနဲ့ရောင်းတယ်။ ကြိုးကအတုဆိုတော့ အပြင်မှာရောင်းရင် အနှိမ်ခံရမယ်။ ခင်ဗျားက ဒါမျိုးကို နားမလည်တဲ့သူလည်းဖြစ်တယ်၊ နာရီမဝယ်ရင်တောင် ဒီအတိုင်းပေးလိုက်ရမယ့်အတူတူ နာရီတစ်လုံးတော့ အဖက်တင်ဆိုပြီး ယူထားလိုက်တာပဲ။”လို့ မရပ်မနားတမ်း ကရားရေလွှတ်ကို ပြောချသွားတယ်။

“အံ့ဖွယ်သရဲပဲဗျာ။”လို့ ကျွန်တော်က ပြောတော့

“ဒီလောက်က အခြေခံလေးတွေပါဗျာ။”လို့ ကိုစံရှားက ပြန်ပြောရင်း ပြုံးနေတယ်။

“ကဲဗျာ… ဒါဖြင့် နောက်တစ်ခု ထပ်မေးမယ်။ ဒီနေ့ကျွန်တော်နဲ့ တွေ့တွေ့ချင်း ခင်ဗျားက အမှုတွေမရှိလို့ စိတ်ဆင်းရဲနေတယ်လဲ ပြောသေးတယ်။ ကိုစံထွားက အမှုလိုက်ရမယ်ပြောတော့ ဘာလို့ငြင်းသေးလဲ။”

ကိုစံရှားက ဆေးလိပ်ကိုထုတ်ပြီး မီးညှိတယ်။ မီးခိုးတွေကို အပြင်ဘက်မှုတ်ထုတ်ရင်း

“ကျွန်တော်က လူတစ်မျိုးဗျ။ အစိုးရတို့ဘာတို့နဲ့ မပတ်သက်ချင်ဘူး။ ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး အမှုလိုက်ချင်တာ၊ လူဆိုးတွေနဲ့ ဉာဏ်ချင်းယှဉ်ချင်တာပဲရှိတာ။ ကျွန်တော့်အစ်ကိုကြီးက လူတော်ပဲ။ ကျွန်တော်ပြောခဲ့သလိုပဲ၊ စုံထောက်အလုပ်မှာ ခန္ဓာကိုယ်ကိုသုံးပြီး လှုပ်လှုပ်ရှားရှားလုပ်ရတာတွေ မရှိဘူးဆိုရင် ကျွန်တော့်အစ်ကိုက ဒီမြန်မာတစ်နိုင်ငံလုံးမှာ အတော်ဆုံး စုံထောက်ဖြစ်မှာ။ အခုတောင် တစ်ချို့ကိစ္စတွေမှာ ထိုင်ရာမထပဲ သူဖြေရှင်းနေတာ အများကြီးပဲ။ အခုကိစ္စလည်း သူသိတန်သလောက် သိထားပြီး ဖြစ်နေမယ်။ အစိုးရပိုင်းနဲ့ဆိုင်လာရင် လုပ်ရကိုင်ရ လက်ပေါက်ကပ်တာတွေ အများကြီးပဲဗျ။ စုံစမ်းထောက်လှမ်းတယ်ဆိုတဲ့ အလုပ်ဟာ အချက်အလက်ကို ရနိုင်သလောက် စုရတာပဲ။ ပြီးတော့မှသာ ဘယ်ဟာက ဖြစ်နိုင်တယ်ဆိုတာကို ရွေးရတာ။ ဒီမှာ၊ ကိုသိန်းမောင်ရဲ့။ တစ်ခုခုကို စဉ်းစားဆုံးဖြတ်ရပြီဆိုရင် ရနိုင်သမျှ အချက်အလက်တွေကိုစု၊ အဲဒီအထဲကမှ ၁၀၀ % ဘယ်လိုမှမဖြစ်နိုင်တဲ့ အချက်တွေကို ဖယ်ထုတ်လိုက်။ အဲဒီလိုဖယ်ထုတ်ပြီးပြီဆိုရင် ကျန်ခဲ့တဲ့အချက်တွေဟာ ဘယ်လောက်ပဲ ဖြစ်တန်ချေနည်းနေပါစေ၊ အမှန်တရားတစ်ခု ဖြစ်လာတာပဲ။ အစိုးရနဲ့ ပတ်သက်ပြီး လုပ်တဲ့အခါမျိုးမှာ အချက်အလက်တွေရဖို့က တော်တော်လေး ခက်ခဲတတ်တယ်။ တစ်ခါတစ်လေ စိတ်ကူးနဲ့ပဲ ဒီလိုတော့ ဖြစ်နိုင်ကောင်းတယ်လို့ပဲ မှန်းဆနိုင်တာမျိုးလောက် ရှိတတ်တာ။ ကျွန်တော်ဆိုတဲ့လူက တိတိကျကျ ဒါဆိုရင်ဒါမှကြိုက်တာ၊ မှန်းဆနေရတယ်ဆိုတာမျိုးကို သဘောကျတဲ့လူမဟုတ်ဘူး။”

“ခင်ဗျားပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ။”

“ကျွန်တော့်အစ်ကို ကိုစံထွားက အစိုးရနဲ့လုပ်တဲ့အပိုင်းမှာ အင်မတန်ကျွမ်းကျင်တယ်။ တပ်မတော်အစိုးရပဲဖြစ်ဖြစ်၊ တပ်ကနေ ထွက်လာတဲ့လူတွေက ဘောင်းဘီချွတ်၊ ရွေးကောက်ပွဲဝင်ပြီး အုပ်ချုပ်တဲ့အစိုးရမျိုးပဲဖြစ်ဖြစ်၊ လူထုကကြိုက်လို့ မဲပေးပြီး တက်လာတဲ့ အစိုးရပဲဖြစ်ဖြစ် ဘယ်လိုအစိုးရမျိုးနဲ့မဆို တွဲလုပ်နိုင်တယ်။ ဘယ်အစိုးရမဆို တိုင်းပြည်ကို တကယ်အုပ်ချုပ်ရပြီဆိုရင် သူလိုလူမျိုးကို လိုတာပဲ။ ဗျူရိုကရေစီတွေ၊ အစိုးရထဲက လူတွေရဲ့ သဘောမနောတွေကို အရည်ကျိုသောက်ထားတဲ့သူ။ သူလိုလူမျိုးက သမ္မတဖြစ်စရာမလိုဘူး၊ ဝန်ကြီးချုပ်ဖြစ်စရာမလိုဘူး။ သူကိုယ်နှိုက်ကိုက အစိုးရအဖွဲ့တစ်ဖွဲ့လုံး ဖြစ်နေတာမျိုး။”

♦♦♦

ကျွန်တော်တို့ CID ရုံးကြီးထဲရောက်တော့ ကိုအုန်းဖေကို မတွေ့ရပဲ၊ ကိုစံထွားကပဲ ကျွန်တော်တို့ကို ဦးဆောင်ပြီး ရုံးခန်းတစ်ခန်းထဲ ခေါ်သွားတယ်။ လေးဘက်လေးတန် နံရံတွေအားလုံးကို အဖြူရောင်သုတ်ထားပြီး အောက်ခြေ ၁ ပေလောက်မှာမှ မီးခိုးရောင်ရင့်ရင့်ကို သုတ်ထားတဲ့ ခပ်ကျယ်ကျယ် အခန်းတစ်ခုထဲကို ကျွန်တော်တို့ ရောက်သွားကြတယ်။ အခန်းထဲမှာတော့ စားပွဲခုံတစ်လုံးရယ်၊ ပလတ်စတစ် ကုလားထိုင် ၄၊ ၅ လုံးရယ် ရှိနေတယ်။ စားပွဲပေါ်မှာတော့ လက်ဆွဲအိတ်တစ်လုံး ရှိနေတယ်။

အခန်းထဲကို ရောက်ရောက်ချင်းပဲ ကိုစံထွားက လက်ဆွဲအိတ်ကို ဆွဲဖွင့်လိုက်ပြီးတော့ အထဲကနေ Laptop တစ်လုံးကို ထုတ်ပြီး ဘေးချထားလိုက်တယ်။ ကိုစံရှားနဲ့ ကျွန်တော်က ကုလားထိုင်တစ်ယောက်တစ်လုံးစီ ဆွဲထိုင်လိုက်ရင်း ကိုစံထွားဘာပြောမယ်ဆိုတာ စောင့်နေတယ်။

“ကျွန်တော် အရင်ဆုံး ပြောချင်တာက ကိုသိန်းမောင်ကိုပဲ။ ခင်ဗျားက ကျွန်တော့်ညီစံရှားနဲ့လည်း မိတ်ဆွေတွေ၊ နောက်တပ်မတော်သားဟောင်းတစ်ယောက်လည်းဖြစ်တယ်။ တိုင်းပြည်အပေါ် ခင်ဗျားရဲ့ သစ္စာရှိမှုကို ကျွန်တော့်အနေနဲ့ သံသယဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်တော့်ညီနဲ့ အတူနေမယ့်လူဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း ခင်ဗျားရဲ့နောက်ကြောင်းကို စုံစမ်းထားခဲ့တယ်။ ဒါပေမယ့် အခုကိစ္စက ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ကိစ္စ ဖြစ်နေတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးဟာ ဒီကိစ္စအပေါ်မှာ မှီတည်နေတယ်။ ဒါကြောင့် ရာနှုန်းပြည့် ဒီကိစ္စကို လျှို့ဝှက်ပေးထားဖို့ လိုမယ်။ အဲဒီအတွက် ခင်ဗျားကို မေတ္တာရပ်ခံထားချင်တယ်။ ဒီကိစ္စက လုံးဝပေါက်ကြားလို့ မဖြစ်တဲ့ ကိစ္စမျိုးပဲ။”

“စိတ်ချပါ၊ ကျွန်တော့်ကြောင့်တော့ ဒါမျိုးမဖြစ်စေရပါဘူး။ အခုလည်း ကိုစံရှားခေါ်လာလို့သာ လိုက်လာတာ။ ကျွန်တော်ကလည်း ဒီလိုကိစ္စမျိုးတွေမှာ ကြားမဝင်ချင်ဘူး။”

“ကဲပါ… ဒါနဲ့အစ်ကိုကြီး ကျွန်တော့်ကို ပြာခွက်လေး တစ်ခွက်လောက် ပေးစမ်းပါ။ ဆေးလိပ်သောက်ချင်လို့။”ဆိုပြီး ကိုစံရှားက ဝင်ပြောတော့

“အောက်သာပစ်ချပြီး ခြေထောက်နဲ့နင်းလိုက်ကွာ။ မနက်ကြရင် တံမြတ်စည်းလာလှည်းကြလိမ့်မယ်။ ဒီမှာ မင်းကိုငါပြောမယ်။ ဒီကိစ္စမှာ မင်းဆီမှာရှိသမျှ လူအားရော၊ ဦးနှောက်အားရော ၁၀၀ % သုံးရလိမ့်မယ်။ ကိုအုန်းဖေကိစ္စကို ငါကြည့်စီစဉ်လိုက်မယ်။ ဒီမှာအခုကိစ္စက အရမ်းအရေးကြီးတယ်။ နည်းနည်းမှ မှားလို့မဖြစ်ဘူး။”

“အင်းပါ။ ဘာလဲဆိုတာပဲ အရင်ပြောစမ်းပါဦး။”

“ဒီလိုကွ။ လေဆိပ်မှာ ပစ်သတ်ခံရတဲ့ ရှေ့နေကြီးကို သိတယ်မဟုတ်လား။ အေး… ရှေ့နေကြီးက ဝန်ကြီးတစ်ယောက်ရယ်၊ နောက် CSO (လူမှုရေးအဖွဲ့အစည်းတွေ) တွေက တစ်ယောက်ရယ်နဲ့ အတူတူ နိုင်ငံခြားမှာ သင်တန်းသွားတတ်တယ်။ ဒါပေမယ့် သင်တန်းသွားတက်တာအပြင်ကို သူကတခြားအရေးကြီးတဲ့ အလုပ်တစ်ခုလည်း လုပ်ခဲ့သေးတယ်။ မင်းသိတဲ့အတိုင်းပဲ၊ သူကမွတ်စလင်ကွ။ ငါတို့ဆီမှာလည်း ဟိုတစ်လောက အစွန်းရောက်မွတ်ဆလင်အကြမ်းဖက်တွေရဲ့ တိုက်ခံတာကို ခံထားရတယ်။ ထပ်ပြီးတိုက်ခိုက်မယ်၊ နိုင်ငံတော်အတိုင်ပင်ခံကိုတောင် လုပ်ကြံမယ်၊ စသဖြင့်စသဖြင့်ပေါ့ကွာ ခြိမ်းခြောက်တာတွေလည်း ထွက်လာနေတယ်။ ပြည်တွင်းမှာလည်းပဲ လက်နက်တွေ မကြာခဏဖမ်းမိတာမျိုး ရှိတယ်။ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ) အဖွဲ့တွေရဲ့ လက်နက်တွေ ဖြစ်နေတာလည်း ရှိသလို၊ တစ်ခါတစ်ခါ ပိုင်ရှင်ဘယ်သူမှန်း မသိတဲ့လက်နက်တွေလည်း ထွက်လာတယ်။ တစ်လောကပဲ မန္တလေးမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေကို ဖမ်းမိတာတွေ ဖြစ်ခဲ့သေးတယ်။ အဲဒီတော့ အစိုးရအနေနဲ့ စိုးရိမ်လာတယ်။ အခုရှေ့နေကြီးတို့ ဝန်ကြီးတို့ သွားကြတဲ့နိုင်ငံဆိုတာကလည်း သူတို့လည်း ဒီမွတ်ဆလင်အစွန်းရောက်တွေရဲ့ဒဏ်ကို ခဏခဏခံနေရတဲ့ နိုင်ငံပဲ။ အဲဒီမှာရှိတဲ့ ငါတို့သံရုံးတောင် ဖောက်ခွဲခံရမလို ဖြစ်သေးတယ်။ ဟိုဘက်အစိုးရရဲတပ်ဖွဲ့က အချိန်မီတားလိုက်နိုင်လို့။ ငါတို့က သူတို့အစိုးရနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်တယ်။ ငါတို့ရထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ အချက်အလက်ကိုလည်း သူတို့ကိုပေးမယ်၊ သူတို့မှာရှိတာလည်း ငါတို့ကိုပေးဆိုတာမျိုး လုပ်မယ်ဆိုပြီး စဉ်းစားခဲ့ကြတယ်။ ဒါပေမယ့် လက်ရှိမှာက ပုံမှန် protocol တွေကနေ သွားလို့မရသေးဘူး။ အကြောင်းကြောင်းတွေပေါ့ကွာ။ အဲဒါကြောင့်မို့လို့ ကနဦး preliminary အဆင့်အနေနဲ့ အစိုးရအဖွဲ့က မဟုတ်တဲ့၊ သီးခြားလူတစ်ယောက်ကို ငါတို့ရှာတော့ အဲဒီရှေ့နေကြီးကို သွားတွေ့တယ်။ အာဏာရပါတီမှာ အတော်ပေါက်ရောက်တဲ့ပုဂ္ဂိုလ်၊ နောက်တစ်ခါ သူတို့အသိုင်းအဝိုင်းမှာ လူကြည်ညိုခံရတဲ့ပုဂ္ဂိုလ်၊ နိုင်ငံတကာဥပဒေတွေကိုလည်း နှံ့စပ်တဲ့ပုဂ္ဂိုလ်။ ဒါနှစ်နိုင်ငံ ဒီလိုပူးပေါင်းမှုမျိုးမှာ ပထမဦးဆုံး လုပ်ကြတာ။ အဲဒီတော့ ငါတို့ဘက်က မျက်နှာကောင်းရချင်တယ်၊ သူတို့ရဲ့ ယုံကြည်မှုကို ရချင်တယ်။ အဲဒီတော့ ဘက်ပေါင်းစုံကကြည့်ရင် ရှေ့နေကြီးက အဆင်အပြေဆုံးပဲ။”

“အဲဒါနဲ့ ဒီရှေ့နေကြီးအသတ်ခံရတာ၊ နောက် ဒီ Laptop ဘယ်လို ပတ်သက်လဲ။”

“အသတ်ခံရတာတော့ တခြားကြောင့်ဖြစ်မယ်ကွ။ ဘာလို့လဲဆိုတော့ ဒီကိစ္စကို သိတဲ့လူက လက်ချိုးရေရင်တောင် လက်ငါးချောင်း မပြည့်ဘူး။ ဒါငါတို့နိုင်ငံရော၊ ဟိုဘက်နိုင်ငံရော၊ နှစ်ဘက်စလုံး၊ ဟိုဘက်ဒီဘက်ပြောတာနော်။ အဲဒီတော့ ဒီသတင်းပေါက်ကြားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပေါက်ကြားရင်လည်း ဒီလိုနေမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ပေါက်ကြားသွားတယ်ဆိုတာ ငါတို့သိရမယ်။ သိနိုင်တဲ့နည်းလမ်းတွေလည်းရှိတယ်။ အဲဒီတော့ အသတ်ခံရတာက တခြားကိစ္စဖြစ်မယ်။ ဒီ Laptop ထဲမှာက နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေ ပါတယ်။ RSO၊ ARNO၊ ARIF ဆိုတဲ့ R ဆိုတဲ့ စာလုံးပါတဲ့ အဖွဲ့တွေ၊ နောက်ဒီအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတဲ့ အာဖဂန်တို့ ပါကစ္စတန်တို့က Al Qaeda အနွယ်ဝင်အဖွဲ့တွေ၊ နောက်မောင်တောမှာ ဝင်မွှေသွားတဲ့ Acqa Mul Mujahideen ဆိုတဲ့အဖွဲ့။ နောက်အဲဒီ AMM အဖွဲ့က ဆရာတင်ထားတဲ့ Hrkat ul Jihad Islami Arakan (HUJI-A) ဆိုတဲ့ လက်နက်ကိုင်အဖွဲ့။ နောက် HUJI ကို ငွေကြေးထောက်ပံ့နေတဲ့ Lashkar e Tayyaba ဆိုတဲ့ အဖွဲ့၊ နောက်အဲဒီ LeT အဖွဲ့ကပဲ မွတ်ဆလင်ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ ပုံဖျက်ထားတဲ့  Jamaatud Dawa ဆိုတဲ့အဖွဲ့တွေ။ ပြောရရင်ကွာ နာမည်သာကွဲမယ်၊ ABCD စာလုံးပေါင်းတွေသာကွဲမယ်၊ မောင်တောနားလှုပ်ရှားတယ်ဆိုရင် R တစ်လုံး မဖြစ်မနေထည့်မယ်ပေါ့၊ လူတွေသာ ကွဲချင်ကွဲမယ်၊ နောက်ကွယ်က ကြိုးကိုင်နေတာက Al Qaeda တို့ ISIS တို့ကို ငွေကြေးထောက်ပံ့၊ လက်နက်တွေထောက်ပံ့၊ သင်တန်းတွေပေးနေတဲ့ Wahhabi တွေပဲ။ ဒီ Laptop ထဲမှာ အဲဒီအဖွဲ့တွေရဲ့ အချက်အလက်တွေပါတယ်၊ အဖွဲ့နာမည်၊ လူနာမည်၊ အခြေစိုက်တဲ့ဒေသ၊ လှုပ်ရှားတဲ့ဒေသ၊ ငွေကြေးနဲ့ လက်နက်တွေ စီးဆင်းတဲ့ လမ်းကြောင်းတွေ၊ အထောက်အပံ့ပေးနေတဲ့ ဘာသာရေးအရေခြုံထားတဲ့ မြေပေါ်အဖွဲ့အစည်းတွေ၊ သူတို့ရဲ့ ဆက်သွယ်ရေးကွန်ယက်တွေ၊ ဆက်သားတွေ၊ အကြမ်းဖက်သင်တန်းပေးနေတဲ့နေရာတွေ၊ သင်တန်းတက်ထားတဲ့သူတွေရဲ့နာမည်တွေ၊ ဒီထဲမှာ အတော်များများကိုပါတယ်။”

“အဲဒီတော့ ကျွန်တော်က ဒီ Laptop ကို ဖွင့်ပေးရမယ်ပေါ့။ Password လောက်က အစ်ကိုကြီးတို့ ကျော်တတ်ပါတယ်။ ဒါဘာခက်တာမှ မဟုတ်တာ။ encrypted လုပ်ထားတဲ့ ဖိုင်တွေဆိုလည်း အစ်ကိုကြီးတို့မှာ ဒါမျိုးလုပ်တတ်တဲ့လူတွေ အများကြီးပဲဟာ။ ကိုယ်တွေ မလုပ်တတ်လဲ၊ CIA တို့ဘာတို့ ပေးလိုက်ပေါ့။ သူတို့က ဒါမျိုးကျွမ်းတယ်။ ကွန်ပျူတာတစ်လုံးကို hack လုပ်တယ်ဆိုတာက ကျွန်တော့် expertise မှ မဟုတ်တာ။”

“ဒီလောက်လွယ်နေရင် မင်းကိုငါပြောတောင်မနေဘူး။ ငါတို့အကုန်လုပ်ကြည့်ပြီးပြီ။ Password လောက်ကတော့ ငါတို့ဖွင့်တတ်တာပေါ့ကွာ။ ဒါပေမယ့် Laptop ထဲမှာ ဘာမှမရှိဘူး။ ဘာ encrypted လုပ်ထားတဲ့ data မှ မရှိဘူး။ ဘာဆိုဘာမှကို မရှိတာ။ အဲ… တစ်ခုပဲ။ ဓါတ်ပုံတွေ။ ပုံတစ်သောင်းခွဲလောက်ရှိတယ်။ ဓါတ်ပုံတွေချည်းပဲ။”

“အဲဒီဓါတ်ပုံမှာပါတဲ့ လူတွေ၊ နေရာတွေ၊ ဓါတ်ပုံထဲမှာပါတဲ့ စာလုံးတွေ ဒါတွေဆက်စပ်ပြီး ကြည့်လို့ရတာပဲ။ ဒါကပုံမှန်လုပ်နေကြ ဝှက်စာမျိုးပဲဟာ။”

“ငါတို့ကြိုးစားပြီးပြီ။ မှန်တယ်။ ဓါတ်ပုံထဲမှာ စာလုံးတွေ၊ ပစ္စည်းကြော်ငြာတွေ၊ အချိန်စာရင်းတွေ ပါတယ်ဆိုပေမယ့်။ ဘယ်တစ်ခုကမှ အဓိပ္ပာယ်မရှိဘူး။ ငါတို့လိုချင်တဲ့ data မဟုတ်ဘူး။”

“ဒါဖြင့်လည်းဗျာ။ ဟိုဘက်နိုင်ငံဘက်ကလူတွေကို သူတို့ဘယ်လိုဖွက်ထည့်ပေးလိုက်လဲ ပြန်မေးလိုက်ပေါ့။ ဒီဝှက်စာကို သိတာ ရှေ့နေကြီးတစ်ယောက်တည်းတော့ ဘယ်ဟုတ်မလဲ။ သူတို့ဘက်က လူတစ်ယောက်ယောက်လည်း သိဦးမှာပေါ့။”

“မင်းကိုငါပြောပြီးသား၊ ဒီကိစ္စကို သိတဲ့သူက နှစ်ဘက်စလုံးပေါင်းလို့မှ လက်ငါးချောင်းမပြည့်ဘူး။ အခုလိုဖြစ်သွားတော့ သူတို့ဘက်က သူတို့ပေးလိုက်တဲ့ information တွေ ပေါက်ကြားကုန်တာလား ဆိုပြီးတော့တောင် ငါတို့ကိုမယုံသင်္ကာဖြစ်ပြီး စိတ်ပူနေတယ်။ သူတို့ဒါတွေသိထားတယ်ဆိုတာကို အကြမ်းဖက်အဖွဲ့တွေက သိပြီးတော့ လမ်းကြောင်းတွေပြောင်း၊ နာမည်တွေ၊ လူတွေပြောင်းလိုက်မှာ သူတို့လည်း စိုးရိမ်နေတယ်။ နောက်သူတို့ဘက်မှာလည်း ဒီကိစ္စကို သိတဲ့လူတိုင်းက encrypt လုပ်ထားတာကို ဖော်တတ်ကြတာ မဟုတ်ဘူး။ နောက်ဒါက နှစ်ဖွဲ့ပေါင်းလုပ်တာ ပထမဦးဆုံးအကြိမ်ပဲ။ ငါတို့ဘက်က အမှားအယွင်းရှိနေတယ်၊ ယိုပေါက်တွေရှိနေတယ်ဆိုတာကို သူတို့ကို ပေးမသိချင်ဘူး။ ငါတို့ပြဿနာ ငါတို့ဖြေရှင်းနိုင်တာမျိုးပဲ ဖြစ်ချင်တယ်။ တစ်ခါဆက်ဆံ ဆယ်ခါလန်ဖြစ်သွားတာမျိုး မဖြစ်ချင်ဘူး။ သူတို့ရဲ့ ယုံကြည်မှုကို ပျက်မသွားစေချင်ဘူး။ အဲဒီတော့ ငါတို့ဘက်က လုပ်နိုင်သမျှ အကုန်လုံးလုပ်ရမယ်။ သူတို့ဘက်ကို ဒီဝှက်စာဖော်နည်း ပြန်မေးရတယ်ဆိုတာ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့လို့ လုပ်ရတဲ့ အလုပ်မျိုးပဲ။ အဲဒီအတွက်လည်း ပေးဆပ်ရမှာတွေ အများကြီးရှိလာလိမ့်မယ်။ ငါတို့ဘက်က လူကောင်းတွေ ထပ်ပြီး အဆုံးရှုံးခံလို့ မရတော့ဘူး။ အခုတောင် ဆုံးရှုံးမှုက အရမ်းများနေပြီ။ Damage control လုပ်ရမယ့်အချိန်ရောက်နေပြီ။”

“အဲဒါနဲ့ Laptop ထဲက ပုံတွေအကြောင်းပြောပါဦး၊ ကျွန်တော်ကြည့်လို့ရလား”လို့ ကိုစံရှားက မေးလိုက်တော့ ကိုစံထွားက Laptop ကို ဖွင့်လိုက်ပြီး

“ပုံတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး။ တစ်ခုနဲ့တစ်ခု ဘယ်လိုမှလည်း ဆက်စပ်ကြည့်လို့ မရဘူးဖြစ်နေတယ်။”

ကိုစံရှားကတော့ ကိုစံထွားပြောတာကို ဂရုမစိုက်ပဲ Laptop screen ပေါ်မှာ ပုံတွေတစ်ပုံပြီးတစ်ပုံ အလျင်အမြန် ပြောင်းကြည့်နေတယ်။ ကိုစံထွားကပဲဆက်ပြီးတော့

“ပုံတွေကို သူ့အုပ်စုနဲ့သူ folder လေးတွေနဲ့ ခွဲခွဲပြီး ထည့်ထားတယ်။ ဒါပေမယ့် folder ထဲမှာ ပါနေတဲ့ပုံတွေက တစ်ခုနဲ့တစ်ခု ဘယ်လိုမှကို အဆက်အစပ်မရှိတာ။ ပုံတွေအကုန်လုံးက လူပုံတွေကို ရိုက်ထားတယ်၊ လူအုပ်ကြီးတွေကို ရိုက်ထားတယ်။ လမ်းတွေ၊ ကားတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေ၊ shopping mall တွေ၊ ကျောင်းတွေ၊ ဘုရားတွေ၊ ဗလီတွေ၊ တိုက်ခန်းတွေ၊ လုံးချင်းအိမ်တွေ၊ စျေးဆိုင်တွေ အဲဒါတွေ လျှောက်ရိုက်ထားတာ။ တစ်ချို့ပုံတွေကြတော့လည်း၊ တောကြီးထဲရိုက်ထားတာ၊ တောင်တွေပေါ်မှာ ရိုက်ထားတာ။ ပင်လယ်ကမ်းစပ်မှာ၊ ချောင်းတွေ၊ မြစ်တွေမှာ၊ သဲကန္တာရတွေမှာ အကုန်ပေါက်ကရတွေချည်းပဲ။ ခွေးတွေ၊ ကြောင်တွေ၊ ငှက်တွေလည်း ပါသေးတယ်။ တစ်ကမ္ဘာလုံး ပတ်ရိုက်ထားသလားပဲ။”

“ဟုတ်တယ်၊ တစ်ကမ္ဘာလုံးပတ်ရိုက်ထားတာ။ ဒီပုံဆိုရင်ကြည့်၊ နှာခေါင်းပွပွကြီးတွေနဲ့ မျောက်ကြီးတွေ။ အင်မတန်ရှားပါးပြီးတော့ ဘောနီယိုကျွန်းမှာပဲ တွေ့ရတဲ့ မျောက်မျိုးပဲ”လို့ ကိုစံရှားကပြောတော့

“အင်း၊ ဟုတ်တယ်ဗျ။ proboscis monkey လို့ခေါ်တယ်။ လူတွေက သူတို့နဲ့ဝေးဝေးနေရတယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီကနေ ငှက်ဖျားအရမ်းကူးတတ်လို့ဆိုတာပဲ။”လို့ ကျွန်တော်က ဝင်ပြောဖြစ်တယ်။

“ဒီပုံကိုကြတော့ကြည့်လိုက်၊ ဒါက ရန်ကုန်မှာ ရိုက်ထားတာ။ ဒီပုံက ဒဗ္ဗလင်က အရက်ဆိုင်ပုံ။ ဆိုတော့ကာ တစ်ကမ္ဘာလုံးက ပုံတွေပဲ။”

“စံရှား၊ မင်းဘယ်လိုမြင်လဲ။”

“စိတ်ကူးထဲတော့ အိုင်ဒီယာတစ်ချို့ ပေါ်လာတာတော့ ရှိတယ်ပေါ့လေ။ သီအိုရီလေးတွေလည်းရှိတယ်။ ကိုသိန်းမောင်ရေ…။ ကိစ္စကတော့ ကျွန်တော်ထင်ထားတာထက် နည်းနည်းလေး ပိုခက်နေသားဗျာ။ ဒါပေမယ့် ကျွန်တော်ကလည်း အဲဒီလို ခက်ပြီဆိုတော့မှ ကြိုက်တာဗျို့။ ကဲ… အစ်ကိုကြီး၊ Laptop ကိစ္စကို ကျွန်တော်ခေါင်းထဲထည့်ထားမယ်။ ဒါပေမယ့် အစ်ကိုကြီး ကိစ္စကမှ ဘယ်လောက်ပဲခက်ခဲတယ်ပြောပြော နောက်ဆုံးဟိုဘက်ကို လှမ်းမေးပြီး ဖြေရှင်းလို့ ရသေးတယ်။ ကျွန်တော်ဒီကွန်ပျူတာကို အိမ်ယူသွားမယ်။ အိမ်ကြမှ သေချာစဉ်းစားကြည့်မယ်။ ကျွန်တော်အာမခံတယ်ဗျာ။ တစ်ပတ်အတွင်း ထူးခြားစေရမယ်။ စိတ်သာချပါ။ အခုလောလောဆယ်တော့ ဟိုမှာဘယ်လိုမှ ထွက်ပေါက်မရှိဘူးဖြစ်နေတဲ့ ကိုအုန်းဖေကိစ္စကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ လူသတ်မှုလောက်ဆိုတာမျိုးတွေက ကျွန်တော်လုပ်နေကြပါ။ နည်းနည်းပါးပါး လေ့လာလိုက်ရင် အဖြေထွက်တာပါပဲ။ ကဲ… ကျွန်တော်ကွန်ပျူတာယူသွားမယ်။ လာဗျို့၊ ကိုသိန်းမောင်၊ ကိုအုန်းဖေဆီ သွားရအောင်။ သက်သေခံပစ္စည်းတွေ အရင်ကြည့်ကြမယ်။ တကယ်လို့ ညဉ့်သိပ်မနက်သေးဘူးဆိုရင်တော့ အခင်းဖြစ်တဲ့အိမ်ကို ဆက်သွားကြတာပေါ့ဗျာ။”လို့ ပြောရင်း Laptop ကို ကိုစံထွားအရှေ့က အိတ်ထဲထည့်လိုက်ပြီး လက်ကဆွဲရင်း ခက်သွက်သွက် အခန်းထဲက ပြေးထွက်သွားတယ်။

♦♦♦

“ကဲ… ကိုအုန်းဖေရေ။ ဖြစ်ပုံလေး ခင်ဗျားကို မှန်းမိသလောက် ပြောဦးဗျာ”လို့ ကိုစံရှားက အစဖော်ပေးလိုက်တယ်။

ကျွန်တော့်မှာတော့ ခြေထောက်က အတော်လေးနာနေတယ်။ ကိုစံရှားက စိတ်ဓါတ်တွေ အရမ်းတက်ကြွပြီး ခုန်ပေါက်ပြေးလွှားနေလို့ သူ့ကိုအမီလိုက်ရတာ အတော်ကိုမောတာပဲ။ ကျွန်တော်တို့နဲ့ ကိုစံထွားတို့ တွေ့ကြတဲ့ အခန်းကနေ အောက်ဘက်ကို နောက်ထပ် နှစ်ထပ်လောက် လှေကားအတိုင်းဆင်းလာပြီး ကော်ရစ်ဒါအရှည်ကြီးကို ဖြတ်လာမှ ကိုအုန်းဖေစောင့်နေတဲ့ အခန်းထဲကို ရောက်လာတယ်။ ဒီအခန်းကလည်း အခုနက အခန်းလိုပဲ နံရံတွေရော၊ မျက်နှာကျက်ကိုရော အဖြူရောင်တွေ သုပ်ထားတယ်။ ထူးခြားတာက ဒီအခန်းက စားပွဲမှာ တယ်လီဖုန်းတစ်လုံးရှိတယ်။ စာရွက်စာတမ်း ဖိုင်တွေ တင်ထားတာလည်း အများကြီးပဲ။ ဆေးလိပ်ပြာခွက်နဲ့၊ ရေသန့်ဗူး နှစ်ဗူး၊ သုံးဘူးလည်း တင်ထားသေးတယ်။ တံခါးဝရှိတဲ့ နံရံမှာတော့ သံဖိုင်ဘီရိုကြီးတွေ သုံးလေးလုံးကို နံရံနဲ့ကပ်ပြီး ထောင်ထားတယ်။

“ကျွန်တော်ဖြင့် သိပ်တော့မမှန်းတတ်ပါဘူးဗျာ။ သေချာတာက လူသတ်သမားနဲ့ အသတ်ခံရတဲ့ မြတ်နိုးခင်နဲ့က တစ်နည်းနည်းနဲ့ ဆက်နွယ်တဲ့သူဖြစ်မယ်။ ဘာလို့လဲဆိုတော့ အိမ််တံခါးကို ဖျက်ဝင်တာတွေ ဘာတွေ မတွေ့ရဘူး။ မြတ်နိုးခင်ကိုယ်တိုင်က တံခါးဖွင့်ပေးတဲ့ပုံပဲ။ မြတ်နိုးခင်က အဲဒီလူကို ရေတောင်ခပ်တိုက်လိုက်သေးတယ်။ ပြီးတော့မှသာ ဘာဖြစ်တယ်မသိဘူး။ နှစ်ယောက်စကားများကြပုံပဲ။ နောက်ဆုံး မြတ်နိုးခင်က အိမ်နောက်ဖေးဘက်ကို ထွက်ပြေးတယ်။ လူသတ်သမားက နောက်ကလိုက်သွားတယ်။ မီးဖိုချောင်ထဲရောက်တဲ့အချိန်မှာ မြတ်နိုးခင်က မီးဖိုချောင်ထဲမှာရှိတဲ့ ကတ်ကြေးနဲ့ လူသတ်သမားကို ထိုးလိုက်တယ်နဲ့တူတယ်။ နောက်တော့ နှစ်ယောက်စလုံး လုံးထွေးသွားပြီး လူသတ်သမားက သူ့မှာပါလာတဲ့ဓါးနဲ့ မြတ်နိုးခင်ကို ထိုးတယ်။ ပြီးတော့မှ မျက်နှာကို အက်ဆစ်နဲ့ လောင်းချလိုက်တာပဲ။ အားလုံးပြီးတော့ အိမ်ရှေတံခါးကပဲ ပြန်ထွက်သွားတယ်နဲ့ တူတယ်။”

ကိုအုန်းဖေပြောနေတဲ့အချိန်မှာ ကိုစံရှားက အခင်းဖြစ်တဲ့နေရာမှာ ရိုက်ယူလာတဲ့ ပုံတွေကို ကြည့်နေတယ်။ နောက်တော့ ပုံတစ်ပုံကို လက်ထဲကိုင်ထားရင်း လေးလေးနက်နက်ကို စဉ်းစားပြန်တယ်။ ဓါတ်ပုံကို ကြည့်လိုက်၊ စဉ်းစားလိုက်၊ ဆေးလိပ်ကို ရှိုက်လိုက်နဲ့ ငြိမ်ကျသွားပြန်တယ်။

“ဒီကတ်ကြေးက မြတ်နိုးခင်က လူသတ်သမားကို ထိုးလိုက်တဲ့ ကတ်ကြေးလား။”

“ဟုတ်မယ်ဗျ။ တပ်အပ်တော့ မပြောနိုင်ဘူး။ ဒါပေမယ့် ကတ်ကြေးက သွေးက မြတ်နိုးခင်ရဲ့ သွေးမဟုတ်ဘူး။ နောက်လက်ဗွေမှာလည်း မြတ်နိုးခင်ရဲ့လက်ဗွေပဲတွေ့တယ်။”

ကိုစံရှားက ကတ်ကြေးကို တစ်ချက်ကိုင်ကြည့်ပြီး

“ကိုသိန်းမောင်၊ ဗိုက်ဆာပြီလားဗျ။ တာမွေရွှေညောင်ပင်မှာ ကြက်သားသုပ် သွားစားရအောင်ဗျာ။ အခုဘယ်နှနာရီလဲ”

“ရှစ်နာရီ မတ်တင်းတော့ ရှိနေပြီဗျ။”

“ဒါဖြင့် သွားရအောင်ဗျာ။ လိုက်လို့အဆင်ပြေတယ် မဟုတ်လား။ ခင်ဗျားခြေထောက်က လျှောက်နိုင်သေးရဲ့လား”

“ဒီလောက်ကတော့ ရပါသေးတယ်။”

“ဒါဖြင့်လည်း ကိုအုန်းဖေရေ။ ခင်ဗျားကားရှိတယ်မဟုတ်လား။ သွားကြစို့ဗျာ။ တာမွေအဝိုင်းမှာ စားပြီးတော့မှပဲ။ အခင်းဖြစ်တဲ့အိမ် သွားကြည့်ကြတာပေါ့။”

♦♦♦

တာမွေကိုသွားတဲ့ လမ်းတလျှောက်လုံးမှာ ကိုစံရှားက အသံတိတ်နေတယ်။ လက်ထဲက ဖုန်းကိုပဲ သည်းကြီးမည်းကြီး ကြည့်ရင်း ဆေးလိပ်ကို အဆက်မပြတ်သောက်နေတယ်။ ကြက်သားသုပ်ဆိုင်ရောက်တော့လည်း ကျွန်တော်နဲ့ ကိုအုန်းဖေနဲ့က ထမင်းတစ်ပွဲ၊ အသုပ်တစ်ပွဲဆီ မှာစားကြပေမယ့် ကိုစံရှားက ရေတစ်ဗူးပဲမှာပြီး ရေပဲသောက်နေတယ်။ ကျွန်တော်တို့နှစ်ယောက်လည်း ထမင်းကို အချိန်ဆွဲစားမနေပဲ ခပ်သုတ်သုတ်စားပြီးတော့ အခင်းဖြစ်တဲ့အိမ်ကို ထွက်လာခဲ့ကြတယ်။ အခင်းဖြစ်တဲ့အိမ်ကိုရောက်တော့ အခန်းတံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ။ ပရိဘောဂတွေ အလဲလဲအပြိုပြိုနဲ့၊ ကြမ်းပေါ်မှာ ဖက်ရှင်မဂ္ဂဇင်းအဟောင်းတွေ ပြန့်ကျဲနေတဲ့ ဧည့်ခန်းထဲကို ရောက်သွားတယ်။ အရင်က စားပွဲပေါ်တင်ထားတယ်လို့ ထင်ရတဲ့ ပန်းအိုးတစ်လုံးကလည်း ကြမ်းပေါ်ကျကွဲနေရင်း၊ ဆက်တီစားပွဲက ကိုးလိုးကန့်လန့်ကြီးကို ဖြစ်နေလို့။

ဧည့်ခန်းကို တစ်ချက်လှည့်ကြည့်ပြီးမှ ကိုစံရှားက နောက်ဖေးဘက်ကို ဝင်သွားတယ်။ အိပ်ခန်းတံခါးကို ဖွင့်ကြည့်တော့ အိပ်ခန်းထဲမှာ ဘာမှထူးထူးခြားခြား ပုံစံပျက်မနေဘူး။ အိပ်ခန်းကို တစ်ချက်ပတ်ကြည့်ပြီး၊ ခဏနေတော့ မီးဖိုချောင်ကို ထွက်သွားပြန်တယ်။ မီးဖိုချောင်က ရေချိုးခန်းရှေ့ကြမ်းပြင်မှာ သွေးကွက်ကြီးတစ်ကွက်ကို တွေ့တယ်။

“ဒီနေရာက အလောင်းကို ခင်ဗျားတို့တွေ့တဲ့နေရာပေါ့။”

“ဟုတ်တယ်ဗျ။”

“လူသတ်သမားကို ထိုးတယ်ဆိုတဲ့ ကတ်ကြေးကရော။”

“ဒီနားမှာပဲတွေ့တာပဲ။”

ကိုစံရှားက အတော်ကြီးကို ကြာအောင် ငြိမ်ပြီးစဉ်းစားနေတယ်။ နောက်တော့မှ သူ့ဘောင်းဘီအိတ်ထဲက ခွဲစိတ်ခန်းသုံး လက်အိတ် တစ်စုံနဲ့ zip lock အိတ် ၂ အိတ်လောက်ကို ထုတ်လိုက်တယ်။ လက်အိတ်တွေစွတ်ပြီးတော့ ရေချိုးခန်းထဲ ဝင်သွားပြီး ရေချိုးခန်းထဲက သွားတိုက်တံတွေကို အိတ်တစ်အိတ်နဲ့ထည့်၊ ရေချိုးခန်းရေဆင်းပိုက်က စတီးဇကာလေးကိုချွတ်ပြီး ဇကာမှာပိတ်နေတဲ့ ဆံပင်ထွေးကြီးကို နောက်အိတ်တစ်အိတ်ထဲ ထည့်ထားလိုက်တယ်။

အားလုံးပြီးတော့မှ

“လာဗျာ၊ ကိုသိန်းမောင်။ ပြန်ကြရအောင်။ ကိုအုန်းဖေ၊ ခင်ဗျားလည်း အိမ်ပြန်တော့ဗျာ။ ကျွန်တော်တို့ ဒီကပဲ လမ်းခွဲမယ်။ ကျွန်တော်နဲ့ ကိုသိန်းမောင်က မြို့ထဲကိုတက္ကစီငှားပြန်မယ်။ ကျွန်တော်က မြို့ထဲမှာ ကိုသိန်းမောင်ကို ချပေးပြီးရင် အလုံကို ဆက်သွားမယ်။ ခင်ဗျားကတော့ ဒီကပဲပြန်တော့။ ခင်ဗျားလုပ်ရမှာက အိမ်ကိုတန်းမသွားခင် တာမွေရဲစခန်းကို ဝင်လိုက်။ ပြီးသွားရင် ဒီအိမ်ကိုလာရှင်းနေကြဆိုတဲ့ အလောင်းကိုစတွေ့တဲ့ အဒေါ်ကြီးကို စခန်းကို မနက် ၉ နာရီလောက် လာခဲ့ဖို့ ပြောထားလိုက်ဗျာ။ သူ့ကိုကျွန်တော် နည်းနည်းမေးချင်တာလေးတွေ ရှိတယ်။ နောက်မြတ်နိုးခင်ရဲ့ ယောက်ျားကိုပါ ခေါ်ထားလိုက်ဗျာ။ ကျွန်တော်တို့ သူ့ကိုလည်း နည်းနည်းလောက် မေးကြည့်ကြသေးတာပေါ့။ ခင်ဗျားလည်း ၉ နာရီလောက်ကို တာမွေစခန်းမှာ စောင့်နေလိုက်။ ကိုသိန်းမောင်လည်း အလုံကိုမလာနဲ့။ တာမွေစခန်းကိုပဲ တန်းလာခဲ့လိုက်။ ကျွန်တော်လည်း အဲဒီအချိန်ရောက်အောင် လာခဲ့မယ်ဗျာ။ အခုလောလောဆယ်တော့ ကျွန်တော့်အစ်ကိုခိုင်းထားတာလည်း လုပ်ရဦးမယ်ဆိုတော့ အိမ်ပြန်ကြတာပဲကောင်းတယ်။”လို့ပြောရင်း အခင်းဖြစ်တဲ့အခန်းထဲကနေ ထွက်သွားတယ်။

လမ်းပေါ်ရောက်တော့ ရှေ့ကဖြတ်သွားတဲ့ တက္ကစီကို တားလိုက်ပြီး၊ “ကိုသိန်းမောင်ရေ၊ လာဗျို့။ ကားရပြီ”လို့ ကျွန်တော့်ကို လှမ်းအောင်ခေါ်ပြန်တယ်။

♦♦♦

မနက်စောစော အိပ်ယာထပြီး အိမ်ကထွက်လာတော့ တာမွေရဲစခန်းရောက်ချိန်မှာ ၉ နာရီမတ်တင်းလောက် ရှိနေပြီ။ ရဲစခန်းထဲ ဝင်ဝင်ချင်း စခန်းအဝမှာ စောင့်နေတဲ့ ရဲတပ်သားလေးက “အစ်ကိုကြီး ဘာကိစ္စရှိလို့လဲ”လို့ မေးတာနဲ့ “ကိုစံရှားတို့ ကိုအုန်းဖေတို့ ရောက်နေပြီလားလို့ မေးလိုက်တော့ “ရောက်နေပြီ”ဆိုပြီး စခန်းရုံးထဲက အခန်းတစ်ခုကို ခေါ်သွားတယ်။ အခန်းထဲကိုရောက်တော့ ကိုစံရှားက မီးခိုးတထောင်းထောင်းထနေအောင် ဆေးလိပ်သောက်ရင်း ဖိုင်တွဲကြီးတွေကို ဖတ်နေတယ်။ ကိုအုန်းမောင်ကတော့ ကော်ဖီတစ်ခွက်ချထားရင်း မုန့်စိမ်းပေါင်း စားနေလေရဲ့။ ကျွန်တော့်ကိုမြင်တော့ ကိုအုန်းမောင်က

“လာဗျို့၊ ကိုသိန်းမောင်။ ကော်ဖီသောက်မလား။ မုန့်လည်းစားဦး။ ဘာစားချင်လဲ၊ ကျွန်တော်ဒီက ကလေးတွေ ဝယ်ခိုင်းလိုက်မယ်။”

“အိမ်မှာကတည်းကတော့ လက်ဖက်ရည်နဲ့ မုန့်နဲ့စားလာပြီးသားဗျာ။ ဒါပေမယ့် လက်ဖက်ရည် တစ်ခွက်လောက်တော့ ထပ်သောက်ချင်သေးတယ်။”လို့ ပြောလိုက်တော့ ကိုအုန်းဖေက ခုနကကျွန်တော့်ကို ခေါ်လာတဲ့ ရဲသားလေးကိုပဲ ပိုက်ဆံပေးပြီး လက်ဖက်ရည်ဝယ်ခိုင်းလိုက်တယ်။

အားလုံးငြိမ်နေကြတုန်းက ကျွန်တော်ကပဲ

“ကဲ… ဘာထူးခြားသေးလဲဗျာ။ ကျွန်တော့်ကို ပြောပါဦး။”လို့ ပြောလိုက်တော့ ကိုအုန်းမောင်က

“ဘာမှ မထူးသေးပါဘူးဗျာ။ ကိုစံရှားက နည်းနည်းပါးပါး မေးချင်တယ်ဆိုလို့ အိမ်ဖော်လုပ်တဲ့ အဖွားကြီးရယ်၊ စိတ်ရောဂါဆရာဝန် နေဦးလွင်ဆိုတဲ့လူရယ်ကို စခန်းခေါ်ထားတာပဲ။ သူတို့မရောက်သေးလို့ ကျွန်တော်တို့ စောင့်နေကြတာ။”လို့ ပြန်ဖြေတယ်။

“အမှုက ရှင်းသားပဲ မဟုတ်လား။ တရားခံက ဘယ်သူလဲဆိုတာ သိဖို့ပဲ ကျန်တော့တာပဲလေ။ ဒါမျိုးလုပ်လေ့လုပ်ထရှိတဲ့ လူဆိုးလူမိုက်တွေ ခေါ်စစ်လိုက်ရင် အဖြေပေါ်လာမှာပဲ”လို့ ကျွန်တော်ကပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ ကိုစံရှားက သူ့လက်ထဲက ဖတ်လက်စဖိုင်တွဲကို စားပွဲပေါ် ပစ်ချလိုက်ရင်း

“ကိုအုန်းဖေရေ၊ ကိုးနာရီထိုးလောက်ပြီဗျ။ ကျွန်တော်တို့ သက်သေတွေ ရောက်နေမလား၊ အပြင်ထွက်ကြည့်ပါဦးဗျာ။”လို့ ပြောလိုက်တယ်ဆိုရင်ပဲ ကိုအုန်းဖေက စားလက်စ မုန့်စိမ်းပေါင်း ပန်းကန်ကို ယူသွားရင်း အပြင်ထွက်သွားတယ်။

အဲဒီတော့မှ

“ဗျို့၊ ကိုစံရှား။ ခင်ဗျားအစ်ကို ကိစ္စရောဗျ။ ဘာထူးသေးလဲ”လို့ လေသံတိုးတိုးနဲ့ လှမ်းမေးတော့

“ဘာမှမထူးသေးပါဘူးဗျာ။ ကျွန်တော်ကြည့်တုန်းပါပဲ”လို့ ပြန်ဖြေတယ်။

ခဏနေတော့ ကိုအုန်းဖေပြန်ဝင်လာပြီး

“ဟိုအဒေါ်ကြီးတော့ ရောက်နေပြီဗျ။ ဒီကိုခေါ်လာခဲ့ရမလား။” လို့မေးတော့

ကိုစံရှားက “ခေါ်ခဲ့လိုက်ပေ့ါဗျာ။”လို့ ပြန်ဖြေတယ်။

♦♦♦

“ကဲ… အစ်မကြီး၊ ဒါကကျွန်တော့်မိတ်ဆွေ စုံထောက်ကြီးကိုစံရှားတဲ့။ ဟိုဘက်က သူ့မိတ်ဆွေ ကိုသိန်းမောင်လို့ခေါ်တယ်။ တပ်မတော် စစ်ဆေးရုံက အငြိမ်းစား ဗိုလ်မှူးပဲ။ ကျွန်တော်က CID က စုံထောက်အုန်းဖေလို့ခေါ်တယ်။ ဒီကကျွန်တော့်မိတ်ဆွေ ကိုစံရှားက အစ်မကြီး မေးချင်တာလေးတွေ ရှိလို့ ခေါ်လိုက်တာပါပဲ။ ဘာမှမစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က အမှုမှန်ပေါ်ဖို့ ကြိုးစားနေကြတာပါ။ အစ်မကြီးက အတတ်နိုင်ဆုံး ကျွန်တော်တို့ကို ကူညီပေးပါဦး”လို့ ကိုအုန်းဖေက လေသံအေးအေးနဲ့ပဲ ပြောလိုက်တော့ အမျိုးသမီးကြီးက  ခေါင်းညိမ့်ပြတယ်။

ဒီအဒေါ်ကြီး ကြည့်ရတာ၊ အသက်တော့ သိပ်မကြီးလှသေးဘူးလို့ ပြောလို့ရတဲ့ပုံပဲ။ အသားအရေတွဲကျပုံ၊ မျက်နှာအချိုးကျပုံ၊ နဖူးတွေ ပြောင်နေတဲ့ပုံကို ကြည့်လိုက်ရင် သိပ်တော့အသက်ကြီးလှတဲ့ပုံမပေါ်ဘူး။ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ရလို့သာ အိုစာသွားတဲ့ပုံရှိမယ်။ အသက်က အလွန်ဆုံးရှိလှ ၅၀ ဝန်းကျင်ပဲ။ ငယ်ငယ်ကဆို အတော်ချောမယ့်ပုံမျိုး။

ကိုစံရှားက

“ကဲ… အစ်မကြီး အကြောင်းကပဲ စပြောပါဦး၊ မြတ်နိုးခင်တို့အိမ်ကို ဘယ်လိုရောက်လာလဲပေါ့။”ဆိုပြီး စကားစလိုက်တယ်ဆိုရင်ပဲ

“ဆရာရယ်၊ ကျွန်မနဲ့ ဆရာမ မြတ်နိုးခင်နဲ့ သိလှတယ်ရယ်လို့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ လလောက်ကမှ ကျွန်မအိမ်နားက အိမ်နီးချင်းတစ်ယောက်က အိမ်ဖော်လုပ်မလား၊ လုပ်မယ်ဆိုရင် သူ့အသိရှိတယ်၊ တစ်နေ့ကုန်လည်း လုပ်စရာမလိုဘူး။ တစ်ပတ်မှ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်တည်း နေ့ခင်းဘက် သွားလုပ်ရုံပဲ လို့ပြောတာနဲ့ ကျွန်မလည်း ဆရာမမြတ်နိုးခင်နဲ့ သွားေတွ့ပြီး အလုပ်လုပ်ခဲ့တာပါ။ ဆရာမအကြောင်းလည်း သိပ်မသိလှပါဘူး။ အိမ်သန့်ရှင်းရေး လုပ်တဲ့နေ့ဆိုရင် ကျွန်မနေတဲ့ ဒဂုံတောင်ကနေ ဒီတာမွေကို ဘတ်စ်ကားစီးလာရပါတယ်။ ကျွန်မမှာက ယောက်ျားက လေဖြတ်ပြီး အိပ်ယာထဲက မထနိုင်တော့ သူ့အတွက် အစစအရာရာ အကုန်လုံး လုပ်ပေးခဲ့ပြီးမှာ အိမ်ကထွက်လာလို့ ရတာပါ။ ဒဂုံတောင်ကနေ ဒီရောက်တယ်ဆိုရင် မနက် ၁၀ နာရီ၊ ၁၀ နာရီခွဲလောက် ဖြစ်နေပါပြီ။ အဲဒီအချိန်ကြရင် ဆရာမက အိမ်မှာမရှိတော့ဘူး။ အပြင်သွားနေပြီ။ ကျွန်မကိုတော့ သော့ပိုတစ်ချောင်း ဆရာမက ထုတ်ပေးထားပါတယ်။ လုပ်ခကိုတော့ ညနေဘက် ဆရာမပြန်လာတဲ့အချိန်ဆိုရင် ရပါတယ်။ ပုံမှန်တော့ ဆရာမက ညနေ ငါးနာရီလောက်ဆိုရင် အိမ်ပြန်လာတတ်ပါတယ်။ တကယ်လို့ အဲဒီထက်နောက်ကျပြီးမှ သူအိမ်ပြန်ရောက်မယ်ဆိုရင်တော့ မနက်ဘက် သူအိမ်က မထွက်ခင်ကတည်းက အိမ်ဘုရားစင်ပေါ်မှာ တင်ပေးသွားပါတယ်။ ကျွန်မက လုပ်စရာရှိတာလုပ်၊ ပိုက်ဆံကိုယူပြီး၊ အိမ်တံခါးသော့ပြန်ခတ်ပြီးတော့ ပြန်တာပါပဲ။”

“အဲဒီလို ဘုရားစင်ပေါ်မှာ ပိုက်ဆံတင်ပေးခဲ့တာက တစ်ပတ်တစ်ပတ်ကို ဘယ်နှကြိမ်လောက်ရှိလဲ”

“မမှန်ပါဘူးဆရာရယ်။ တစ်ခါတစ်ခါတော့လည်း တစ်ပတ်လုံး သူပြန်ပြန်လာတာ ရှိတယ်။ တစ်ခါတစ်ခါတော့လည်း တစ်ပတ်လောက် သူ့ကိုလုံးဝမမြင်ရတာမျိုးလည်း ရှိတာပါပဲ။”

“မနေ့က အကြောင်းပြောပါဦး။”

“မနေ့တုန်းက ကျွန်မက လာနေကြအချိန်အတိုင်း မနက် ၁၀ နာရီလောက်ကို ဆရာမဆီကို ရောက်ပါတယ်။ တံခါးက ဟနေလို့ ဆရာမအိမ်ထဲမှာ ရှိနေတယ်ပဲ ထင်မိပါသေးတယ်။ အခန်းထဲဝင်သွားလို့ ဧည့်ခန်းထဲရောက်ရောက်ချင်း ပစ္စည်းတွေ အလဲလဲအပြိုပြိုနဲ့ ပြန့်ကျဲနေလို့ ရုတ်တရက် လန့်သွားတယ်။ အခြေအနေမကောင်းဘူးထင်တာနဲ့၊ နောက်ဖေးဘက်ကို ပြေးသွားတော့ မီးဖိုချောင်ကြမ်းပြင်မှာ လဲကျနေတဲ့ ဆရာမကို တွေ့တာပါပဲ။ ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပတ်ဝန်းကျင်ကို အော်ခေါ်တော့ ပတ်ဝန်းကျင်က လူတွေရောက်လာပါတယ်။ နောက်တော့ ရဲတွေရောက်လာပြီး ကျွန်မကို မေးခွန်းတွေ မေးတာပါပဲ။ ကျွန်မလည်း မှတ်မိသလောက် ဖြေတာပါပဲ။ ဆရာတို့က အခုထပ်သိချင်တယ်ဆိုလို့ ကျွန်မက လာခဲ့ရတာပါ။”

အဲဒီလို အမေးအဖြေလုပ်နေတုန်းမှာပဲ ကိုစံရှားက အဒေါ်ကြီးကို အသေးစိတ်အကဲခတ်နေတာကို သတိထားမိလိုက်တယ်။ ပြီးတော့မှ ကိုအုန်းဖေကို ဘာမေးချင်သေးလဲဆိုတဲ့ ပုံစံနဲ့ ပုခုံးတွန့်ပြီး မေးဆတ်ပြတော့ ကိုအုန်းဖေက

“ကဲ… အစ်မကြီး ဖြေတာတွေ ပြည့်စုံပါတယ်ဗျာ။ လောလောဆယ်တော့ ဒီလောက်ပါပဲ။ တကယ်လို့ တစ်ခုခု ထပ်ထူးခြားတယ်ဆိုမှ ကျွန်တော်တို့ ပြန်ဆက်သွယ်ပါဦးမယ်။ အခုတော့ ဒီလောက်ပါပဲ။ အဝေးကြီးကနေ လာပေးရတာ အားနာပါတယ် အစ်မကြီးရယ်။ ကျွန်တော်တို့လည်း အမှုမှန်ပေါ်ဖို့ လုပ်နေရလို့သာ အစ်မကြီးကို အခုလို ဒုက္ခပေးရတာပါ။ အဲဒါလည်း စိတ်မကောင်းပါဘူး”လို့ ပြောတော့

“ရပါတယ်ဆရာတို့ရယ်၊ တခြားသိချင်တာရှိရင် ကျွန်မကို အချိန်မရွေးခေါ်ပါ။ အိမ်မှာက လူမမာနဲ့မို့လို လာရတာ ခက်ပေမယ့်၊ ကျွန်မကြိုးစားပြီး လာခဲ့ပါမယ်”လို့ ပြန်ပြောတယ်။

ကိုအုန်းဖေက အဘွားကြီးကိုခေါ်ပြီး အခန်းပြင်ထွက်သွားချိန်မှာ ကိုစံရှားကတော့ ဆေးလိပ်ကို သည်းကြီးမည်းကြီးဖွာရင်း စဉ်းစားနေတယ်။ အဲဒီနောက်တော့ ကိုအုန်းဖေ ပြန်ဝင်လာပြီး လူတစ်ယောက်ပါ ပါလာတယ်။ အခန်းထဲရောက်တော့ ကိုအုန်းဖေက သူနဲ့ပါလာတဲ့လူကို ကျွန်တော်တို့စားပွဲက ခုံတစ်လုံးကို လက်ညှိုးထိုးပြပြီး “ကဲ… ထိုင်ဗျာ”လို့ ပြောလိုက်တယ်။

“ကိုနေဦးလွင်… ဒါကကျွန်တော့်မိတ်ဆွေ ကိုစံရှားတဲ့။ ဒါကကိုစံရှားရဲ့မိတ်ဆွေ ကိုသိန်းမောင်လို့ခေါ်တယ်။ ခင်ဗျားကို အခုစခန်းကို ခေါ်လိုက်တာက၊ ကိုစံရှားတို့က မေးစရာနည်းနည်းရှိလို့ပါ။ ခင်ဗျားအမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ပေါ့။”လို့ ရှင်းပြနေတုန်းမှာပဲ ကျွန်တော့်ကို ကိုစံရှားတို့ဆီ ခေါ်လာပေးတဲ့ ရဲသားလေးက လက်ဖက်ရည်ခွက်တွေကို သယ်လာရင်း ကိုစံရှားနဲ့ ကျွန်တော့်ရှေ့မှာ လာချပေးတယ်။

ကိုစံရှားက သောက်လက်စ ဆေးလိပ်ကို မီးသတ်လိုက်ပြီး

“ကဲဗျာ၊ ခင်ဗျားအကြောင်းကနေစတာပေါ့။ ခင်ဗျားအမျိုးသမီးနဲ့ ဘယ်လိုစတွေ့တယ်ဆိုတာကစပြီး ပြောပါဦး။”

“ကျွန်တော်က စိတ်ရောဂါကု ဆရာဝန်ပါ။ အဓိကကတော့ ဆေးစွဲတဲ့သူတို့၊ အရက်စွဲတဲ့သူတို့ကို အဓိကကုပေးပါတယ်။ မြတ်နိုးက အဲဒီတုန်းက မော်ဒယ်လုပ်တယ်။ သူတို့လုပ်တဲ့ အလုပ်တွေဆိုတာက ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ အိပ်ချိန်စားချိန်ရယ်လို့ မှန်တာမဟုတ်ဘူး။ ညဉ့်နက်သန်းခေါင်ထပြီး အလုပ်လုပ်ရတာမျိုးတွေ၊ သူများတွေ အလုပ်လုပ်ချိန် သူတို့က အိပ်နေရတာမျိုးတွေ၊ ဝမှာစိုးလို့ အစားရှောင်ရတာတွေနဲ့။ ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ မြတ်နိုးက ဆေးစွဲနေတယ်။ အဓိကကတော့ အိပ်ဆေးတွေပေါ့။ ဒိုင်ရာစီပင်တို့၊ ဘန်ဇိုတို့ အစုံပေါ့လေ။ အဲဒီအချိန်မှာ မော်ဒယ်အလုပ်လည်း မလုပ်နိုင်တော့ဘူး။ နောက်တော့ ကျွန်တော့်ဆီမှာကုရင်း အခြေအနေက တိုးတက်လာတယ်။ ဒါပေမယ့် မော်ဒယ်အလုပ်တော့ ပြန်မလုပ်တော့ဘူး။ နောက်တော့ ကျွန်တော်နဲ့ ကြိုက်တယ်။ လက်ထပ်တယ်။ ဒါပေမယ့်ဗျာ၊ ကျွန်တော်တို့နှစ်ယောက်က ဘာဆိုဘာမှ တူတာမရှိဘူး။ ကျွန်တော်က အေးအေးဆေးဆေးနေချင်တဲ့သူ။ တစ်နေကုန် အလုပ်လုပ်မယ်၊ အိမ်ပြန်လာပြီး ကိုယ့်မိန်းမနဲ့ကိုယ်အတူနေမယ်၊ အတူတူ ထမင်းဟင်းချက်မယ်၊ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့သူမျိုး။ မြတ်နိုးက အဲဒီလိုမဟုတ်ဘူး။ တစ်နေကုန်တစ်နေခန်း အပြင်သွားမယ်၊ Shopping mall တွေ ရှိသမျှသွားမယ်။ ညနေဆိုရင် Bar သွားမယ်၊ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်သွားမယ်။ အဲဒီလိုမျိုး အပြင်မှာပျော်တဲ့သူ။ အစပိုင်းနှစ်တွေမှာ မသိသာပေမယ့်၊ အိမ်ထောင်သက်သုံးနှစ်လောက် ရှိလာတော့ ကျွန်တော်အဲဒါတွေကို စိတ်ပျက်လာတယ်။ မြတ်နိုးကလည်း ကျွန်တော့်ကို စိတ်ပျက်လာတာပဲ။ လင်မယားတွေ ဆက်ဆံရေးက တဖြည်းဖြည်း အေးစက်လာတယ်။ လွန်ခဲ့တဲ့ခြောက်လလောက်က မြတ်နိုးကို ကောင်လေးတစ်ယောက်နဲ့ တွဲနေတာ ကျွန်တော်သတင်းရလာတယ်။ အဲဒီကောင်လေးက မြတ်နိုးထက် အတော်ကို ငယ်တာ၊ ၂၀ ကျော်ပဲရှိဦးမယ်။ ကျွန်တော်က ပွင့်ပွင့်လင်းလင်း ထုတ်မေးတော့ မြတ်နိုးကလည်း မငြင်းဘူး၊ ဟုတ်တယ်ပဲ ပြောတာပဲ။ အဲဒီကစပြီး ကျွန်တော်တို့ အိမ်ခွဲနေကြတယ်။ မြတ်နိုးက အခုသူနေသွားတဲ့ အခန်းမှာ ကျန်ခဲ့တယ်။ ကျွန်တော်က ကျွန်တော့်မိဘတွေ အိမ်ပြန်နေတယ်။ အဲဒီ ၆ လလောက်အတွင်း သူနဲ့ကျွန်တော်နဲ့ အဆက်အဆံ မရှိသလောက်ပဲ။ ကျွန်တော့်စိတ်ကူးက ကွာရှင်းတာကို ခပ်မြန်မြန် မလုပ်ချင်ဘူး။ ကွာလိုက်တာက မြန်တယ်၊ ဒါပေမယ့် တစ်ခုလပ်ဆိုတာမျိုး ဖြစ်သွားရင် ပြင်ဖို့ခက်တယ်ပေါ့။ အဲဒီတော့ အချိန်တစ်ခုစောင့်ကြည့်မယ်ဆိုပြီး ထားထားရင်းကနေ အခုလိုဖြစ်သွားတာပဲ။”

“အဲဒီမြတ်နိုးခင်နဲ့ တွဲနေတယ်ဆိုတဲ့ ကောင်လေးအကြောင်းရော၊ ခင်ဗျားဘာတွေ သိထားလဲ။”

“သိပ်များများစားစား မသိပါဘူး။ Bar တစ်ခုမှာ သီချင်းဆိုတယ်၊ တီးဝိုင်းတစ်ခုထောင်ထားတယ်၊ စီးရီးခွေတစ်ခွေ လုပ်နေတယ်ဆိုတာလောက်ပဲ သိထားတယ်။ ကျွန်တော်အသေးစိတ်တော့ မသိဘူး။ ဘယ်သူဘယ်ဝါရယ်လို့တောင် နာမည်တပ်ပြီးမသိဘူး။ ဒီအတိုင်းပဲ မြတ်နိုးက Bar က အဆိုတော် ချာတိတ်တစ်ကောင်နဲ့ တွဲနေတယ်ရယ်လို့ပဲ သိခဲ့တာ။ ကျွန်တော်လည်း လိုက်ပြီးမစုံစမ်းဖြစ်ဘူး။”

“ဒါဖြစ်ရင်၊ အဲဒီချာတိတ်က ခင်ဗျားအမျိုးသမီးကို သတ်တာရော မဖြစ်နိုင်ဘူးလား။”

“အဲဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ခက်တာက လူတစ်ယောက်မှာ မြတ်နိုးကို သေစေချင်လောက်တဲ့ စိတ်မျိုး ရှိနေမယ်ဆိုတာကို ကျွန်တော်စဉ်းစားလို့မရဘူး။ ဘာကိစ္စနဲ့၊ ဘာအကြောင်းနဲ့ သူ့ကိုသတ်မှာလဲပေါ့။”

“ခင်ဗျားဆိုရင်တော့ ရှိတယ်လေ။”

“ကျွန်တော်လား၊ ကျွန်တော်ပြောပြီးပြီပဲ။ ကျွန်တော့်အမျိုးသမီး ဖောက်ပြန်တဲ့ကိစ္စမှာ ကျွန်တော်စိတ်မဆိုးဘူးလားဆိုတော့ မဟုတ်ဘူး၊ ဆိုးတယ်။ ဒေါသမထွက်ဘူးလားဆိုတော့ ဒေါသထွက်တယ်။ ဒါပေမယ့် အစကတည်းက သူနဲ့ကျွန်တော် ဆက်ဆံရေးက ကောင်းတာမှမဟုတ်တာ။ နှစ်ယောက်ဗီဇချင်းလည်း မတူဘူး။ သူနဲ့ကျွန်တော်နဲ့ လင်ရယ်၊ မယားရယ်လို့တောင် ပြောလို့မရတော့ဘူး။ တရားဝင်ကွာရှင်းထားတာ မဟုတ်တာကလွဲလို့ပေါ့။ နောက်တစ်ခုက လူတစ်ယောက်ကို သတ်ပစ်ရေလာက်အောင်တော့ ကျွန်တော်မမိုက်မဲသေးဘူး။”

“ဟုတ်ပြီဗျာ၊ ဒါဆိုရင် အခင်းဖြစ်တဲ့နေ့က ခင်ဗျားဘယ်ရောက်နေလဲ။”

“ကျွန်တော်နေပြည်တော်မှာဗျ။ စိတ်ရောဂါနဲ့ဆိုင်တဲ့ စာတမ်းဖတ်ပွဲတစ်ခုကို ရောက်နေတာ။ ကျွန်တော်နဲ့အတူတူ ကျွန်တော့်သူငယ်ချင်း ဆရာဝန်တွေလည်း ပါပါတယ်။ ခင်ဗျားတို့ သူတို့ကို မေးကြည့်လိုက်ပေါ့။ အဲဒီနေ့မတိုင်ခင် တစ်ရက်ကတည်းက ကျွန်တော်နေပြည်တော်သွားတယ်။ အဲဒီနေ့တစ်နေ့လုံး စာတမ်းဖတ်ပွဲမှာ ကျွန်တေ်ာရှိတယ်။ နောက်တစ်နေ့၊ အဲ… မနေ့ကပေါ့၊ မနေ့က နေ့လည်အထိ နေပြည်တော်မှာ ကျွန်တော်ရှိတုန်း။ နေ့လည် ၁၁ နာရီခွဲလောက်ကို ကျွန်တော့်ဆီကို ဖုန်းဝင်လာလို့ ကျွန်တော် ရန်ကုန်ကို ပြန်ဆင်းလာတယ်။ ခင်ဗျားတို့ဆီကလူတွေပဲ၊ ကျွန်တော့်အိမ်ကိုလိုက်လာပြီး မေးတာမြန်းတာတွေလုပ်တယ်ပေါ့လေ။”

“ဟုတ်ပြီလေ။ အဲဒီတော့ဗျာ၊ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ပေါ့၊ ကျွန်တော်တို့ကို ခင်ဗျားပြောချင်တာ ဘာရှိလဲ။ ခင်ဗျားဘယ်လိုမြင်တယ်၊ ဘယ်သူကတော့ ကျွန်တော်တို့ စုံစမ်းကြည့်သင့်တယ်… အဲဒီလိုမျိုးတွေပေါ့။”

“ကျွန်တော်တော့ ဘာမှမပြောတတ်ဘူးဗျ။ အခုနက ကျွန်တော်ပြောသလိုပေါ့။ ဘယ်လိုလူက မြတ်နိုးကို ဘာကိစ္စနဲ့ အခုလို ရက်ရက်စက်စက် သတ်ရတာလဲပေါ့။ ဒါပေမယ့် ခင်ဗျားတို့နေရာမှာ ကျွန်တော်သာဆိုရင် မြတ်နိုးနဲ့ တွဲနေတယ်ဆိုတဲ့ ချာတိတ်ကို လိုက်ကြည့်မှာပဲ။ အခုခေတ်ကဗျာ၊ မူးယစ်ဆေးတွေဘာတွေ သုံးတဲ့သူတွေက အတော်လေး များလာတယ်။ အဲဒီတော့ ငွေလေးမဖြစ်စလောက်နဲ့ကိုပဲ ဒါမျိုးကို လုပ်တဲ့သူက လုပ်နေကြတာဆိုတော့ ပြောရတော့ခက်တာပဲ။”

“ဟုတ်ပါပြီဗျာ။ ကျွန်တော်တို့ စုံစမ်းလိုက်ပါဦးမယ်။ အခြေအနေထူးခြားရင်လည်း ခင်ဗျားကို အကြောင်းကြားမှာပါ။”

“ကျွန်တော်နဲ့ မြတ်နိုးနဲ့က ဒီနောက်ဆုံး ၆ လလောက်အတွင်းမှာ အခေါ်အပြောရယ်လို့ များများစားစား မရှိတော့ ကျွန်တော့်ဘက်က ကူညီနိုင်တာ သိပ်မရှိဘူးဖြစ်နေတယ်ဗျာ။ အဲဒီအတွက် စိတ်မကောင်းပါဘူး။”

“ရပါတယ်ဗျာ၊ ဒီလောက်ဖြေပေးတာပဲ ကျေးဇူးတင်ပါတယ်။”လို့ ကိုစံရှားကပြောရင်း လက်ကိုကမ်းပေးလို့ သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြတယ်။

ကိုအုန်းဖေကပဲ နေဦးလွင်ကို အခန်းပြင် ပြန်ခေါ်ထုတ်သွားတုန်းမှာပဲ ကျွန်တော်က

“ကဲ… ကိုစံရှား။ ခင်ဗျားဘယ်လိုမြင်လဲဗျ။ သူပြောပုံအရဆိုရင် မြတ်နိုးခင်နဲ့တွဲနေတဲ့ အဆိုတော်ဆိုတဲ့ ချာတိတ်ကို ကျွန်တော်တို့ လိုက်ရှာရမှာပေါ့။”

“အင်း…၊ ရှာကြည့်ထားတာတော့ မမှားဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ တစ်ခုခု လွဲနေတယ်လို့ ထင်တယ်ဗျ။ အမှုက အရမ်းကို အဓိပ္ပာယ်မဲ့နေတယ်။ သဲလွန်စတွေက တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ သိဖို့လိုနေတာ တစ်ခုခု ရှိသလိုပဲဗျ။ တိုက်ခန်းထဲမှာ တစ်ယောက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရက်ရက်စက်စက်သတ်တယ်၊ ပြီးတော့ မျက်နှာကို အက်ဆစ်နဲ့ ပက်သွားတယ်။ ပစ္စည်းအပျောက်အရှမရှိဘူး။ ခြေရာလက်ရာ မကျန်ခဲ့ဘူး။ ဖြစ်နိုင်ချေအရှိဆုံးဆိုတဲ့ သူ့ယောက်ျားကလည်း အလီဘိုင်ကောင်းကောင်းကို ရှိနေတယ်။”

“ဒီလိုဆိုရင်ရောဗျာ၊ မြတ်နိုးခင်က အဲဒီအဆိုတော်ချာတိတ်နဲ့တွဲတယ်။ နောက်အဆင်မပြေဖြစ်ပြီး ပြတ်သွားကြတယ်။ အဲဒီချာတိတ်က မကျေနပ်တာနဲ့ မြတ်နိုးခင်ကို လာသတ်သွားတာဆိုရင်ရော။”

“ဖြစ်နိုင်တာပေါ့ဗျာ။ ခင်ဗျားပြောသလိုဆိုရင်တော့ ကျွန်တော်တို့က အဲဒီချာတိတ်ကို လိုက်ရှာရမှာပေါ့။ ဒါပေမယ့် အဲဒီချာတိတ်ကို မရှာခင် ကျွန်တော့်စိတ်ထဲ ထင့်နေတဲ့ ကိစ္စလေးတစ်ခုကို အရင်စုံစမ်းရမယ်။ လာဗျာ၊ ကိုအုန်းဖေကိုခေါ်ပြီး CID ကို သွားရအောင်”လို့ပြောရင်း ထိုင်ရာကနေထပြီးတော့ အခန်းထဲကထွက်သွားလို့ ကျွန်တော်လည်း နောက်ကနေ အမီလိုက်သွားရတယ်။

♦♦♦

CID ကိုမရောက်ခင် လမ်းမှာ ကန်တော်လေးဘက်ကိုဝင်ပြီး မွတ်ဆလင်ထမင်းဆိုင်တစ်ဆိုင်မှာ ကျွန်တော်တို့ ထမင်းဝင်စားကြတယ်။ ထုံးစံအတိုင်း ကိုစံရှားက လက်ထဲကဖုန်းကိုကြည့်ရင် ထမင်းကို ခပ်သွက်သွက်စားနေတယ်။ ကျွန်တော်နဲ့ ကိုအုန်းဖေတို့ကလည်း စကားတောင် မပြောနိုင်ဘူး။ ကိုစံရှားကို အမီလိုက်ပြီး ခပ်သွက်သွက်စားကြရတယ်။ ထမင်းစားပြီးတော့ တခြမ်းပဲ့ဗလီဘက်ကိုထွက်ပြီး ခရားကြီးမှာ လက်ဖက်ရည်ဝင်သောက်ကြသေးတယ်။ လက်ဖက်ရည်သောက်ရင်းကနေ ကိုစံရှားက

“ကိုသိန်းမောင်နဲ့ ကိုအုန်းဖေ… ၊ ကျွန်တော့်ကို တစ်ခု ကူညီကြဗျာ။ ဆရာစံလမ်းထဲက The Hut ဆိုတဲ့ bar တစ်ခုရှိတယ်။ အဲဒီမှာ ကောင်းကောင်းဆိုတဲ့ အဆိုတော်ကောင်လေးရှိတယ်။ သူ့ကိုသွားတွေ့ပြီး နည်းနည်းစုံစမ်းကြည့်ခဲ့ဗျာ။”

“ဘာလဲ… မြတ်နိုးခင်နဲ့တွဲနေတဲ့ အဆိုတော်ချာတိတ်ဆိုတဲ့ ကောင်လေးလား။”လို့ ကိုအုန်းဖေက ပြောတော့

“အင်း… ဟုတ်တယ်။ အမှန်တော့ မနေ့က CID ကနေ မြတ်နိုးခင်အခန်းကို သွားတဲ့လမ်းမှာတကည်းက ဒီကောင်လေးအကြောင်းကို ကျွန်တော်သိနေတာ။”

“ခင်ဗျားဘယ်လိုသိတာတုန်း။”

“မြတ်နိုးခင်ရဲ့ Facebook ကို ဝင်ကြည့်တာပေါ့ဗျာ။ မခက်ပါဘူး။ အဲဒီထဲမှာ သူနဲ့ အဲဒီကောင်လေးနဲ့ တွဲပြီး ရိုက်ထားတဲ့ပုံတွေ အများကြီးပဲ။ ဟို bar သွား၊ ဒီ bar သွား၊ ဟိုပွဲသွား၊ ဒီကလပ်သွားနဲ့ check in ဝင်ထားတာတွေလည်း တွေ့တယ်။”

“ဒါဖြင့် ဘာလို့ မနက်ကတည်းက စခန်းကိုမခေါ်လိုက်တာလဲ။”

“လူသတ်သမားက အဲဒီချာတိတ်မဟုတ်ဘူးဗျ။ မြတ်နိုးခင်ကိုယ်ပေါ်က ဓါးရာတွေကို ကြည့်ပြီးသွားပြီ။ ညာသန်တစ်ယောက်က ထိုးထားတာ။ ဒီမှာကြည့်။”ဆိုပြီး ကိုစံရှားက သူ့ဖုန်းကို ကိုအုန်းဖေနဲ့ ကျွန်တော့်ကို လှမ်းပြတယ်။

“အဲဒါ ကောင်းကောင်းဆိုတဲ့ ချာတိတ်ပဲ။ သူဂစ်တာကိုင်ထားတာကို ကြည့်လိုက်၊ ဘယ်သန်တွေ ကိုင်သလိုကိုင်ထားတာ။ ဒါပေမယ့် အခုကျွန်ေတာ့်စိတ်ထဲ သံသယဖြစ်စရာလေးတစ်ခု ရှိလာတယ်။”

“ဒါဆိုရင်ကျွန်တော်တို့က သူ့ကိုဘာတွေသွားမေးရမှာလဲ။”

“အဓိကကတော့ မြတ်နိုးခင်နဲ့ သူနဲ့ ဘယ်လိုပတ်သက်သလဲပေါ့ဗျာ။ နောက်မြတ်နိုးခင်ကို နောက်ဆုံးသူတွေ့တာ ဘယ်တုန်းကလဲပေါ့။”

“အေးဗျာ၊ ဘာပဲဖြစ်ဖြစ်၊ အဲဒီချာတိတ်ကို သွားကြည့်ထားတာ မှားတော့မမှားပါဘူး။ ကဲ… ကိုသိန်းမောင်ရေ၊ လက်ဖက်ရည် သောက်ပြီးရင် သွားကြရအောင်ဗျာ။ ကိုစံရှား ခင်ဗျားက ဘာလို့မလိုက်တာလဲ။”

“ကျွန်တော်က CID ကို သွားမယ်။ အဲဒီမှာ ကျွန်တော်သိချင်တာလေး တစ်ခု ရှာကြည့်မလို့။ ခင်ဗျားတို့ဟိုဘက်မှာပြီးရင် CID ကို လိုက်လာခဲ့ပေါ့ဗျာ။”

♦♦♦

ကားတွေပိတ်နေလို့ ဆရာစံလမ်းကိုရောက်တော့ နေ့လည် ၁ နာရီလောက်ရှိနေပြီ။ Bar လေးထဲကို ဝင်သွားတော့ အပြင်မှာ ပူနေတဲ့အပူတွေ သက်သာသွားပြီး အေးစိမ့်စိမ့်လေး ခံစားရတယ်။ Bar ထောင့်တစ်နေရာမှာ ကောင်လေးတွေ လေးငါးယောက်စုပြီး သီချင်းတိုက်နေကြတယ်။ ကိုအုန်းဖေက ကောင်းကောင်းဆိုတဲ့ ကောင်လေးဆီကို လျှောက်သွားပြီး ခဏစကားရပ်ပြောတယ်။ ပြီးတော့ ကျွန်တော့်ကို လက်လှမ်းပြရင်း သီချင်းတိုက်နေတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းက စားပွဲတစ်ခုဆီကို လျှောက်သွားလို့ ကျွန်တော်လည်း သူတို့သွားနေတဲ့ စားပွဲဆီကို လျှောက်သွားလိုက်တယ်။

“ကဲ… ဒါကကိုသိန်းမောင်တဲ့။ အစ်ကို့မိတ်ဆွေပဲ။ ကိုသိန်းမောင်၊ သူ့ကိုခင်ဗျားသိမယ်၊ ကိုစံရှားပြောတဲ့ ကောင်းကောင်းဆိုတာ။”

ကျွန်တော်က ကောင်လေးကို ပြုံးပြီးနှုတ်ဆက်လိုက်တယ်။

“အစ်ကိုတို့ရယ်၊ မမြတ်နိုးအသတ်ခံရတဲ့ ကိစ္စမှာ ကျွန်တော်ဘာမှမသိပါဘူး။ အဲဒီနေ့က ကျွန်တော်တို့ band က နယ်မှာသီချင်းသွားဆိုကြတယ်။ မနေ့ကညနေမှ ရန်ကုန်ကိုပြန်ရောက်လာပြီး၊ မမြတ်နိုးအကြောင်း သိရတာပါ။”လို့ ကောင်းကောင်းက တုန်တုန်ရင်ရင်နဲ့ ပြောရှာတယ်။

“ကဲကွာ… အဲဒါဆိုလည်း မင်းနဲ့ မြတ်နိုးခင် ဘယ်လိုပတ်သက်သလဲ ပြောစမ်းပါဦး။”လို့ ကိုအုန်းဖေကမေးတော့

“သူငယ်ချင်းတွေပါပဲ အစ်ကို၊ အစပိုင်းမှာတော့ ကျွန်ေတာ်တို့ band က ဒီ bar မှာ တီးတယ်။ မမြတ်နိုးက ဒီကိုလာနေကြဆိုတော့ ရင်းနှီးသွားတယ်။”

“အဲဒါဘယ်တုန်းကလဲ။”

“လွန်ခဲ့တဲ့ ၆ လလောက်က အစ်ကို။ နောက်ကျွန်တော်တို့ဖာသာ ကျွန်တော်တို့ ဒီအတိုင်း ရင်းရင်းနှီးနှီးနေတာကို မမြတ်နိုးယောက်ျားက အထင်လွဲပြီးတော့ သူတို့လင်မယား အိမ်ခွဲနေကြတယ်လို့ ကြားတယ်။”

“မင်းတို့ကရော၊ တကယ်ပဲ ရိုးရိုးသားသားပဲလား။”

“တကယ်ပါအစ်ကိုရယ်၊ ကျွန်တော်နဲ့ အစ်မမြတ်နိုးက ဘာမှမဟုတ်ပါဘူး။ ပြီးတော့…”

“ပြီးတော့ ဘာဖြစ်လဲ…”

“ဟိုလေ…၊ အစ်ကိုရယ်၊ ကျွန်တော်က ဂေးပါ။ မိန်းကလေးတွေကိုလည်း စိတ်မဝင်စားပါဘူး။ မမြတ်နိုးယောက်ျားက သူ့ဖာသာသူ အထင်လွဲတာ နေပါလိမ့်မယ်။”

“ဒါဖြင့် မင်း… မြတ်နိုးခင်ယောက်ျားနဲ့ရော တွေ့ဖူးလား။”

“ဟိုအရင်ကတော့ မမြတ်နိုးဆိုင်ကိုလာရင် သူ့ယောက်ျားပါ တစ်ခါတစ်ခါ ပါလာတတ်လို့၊ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ဆုံဖူးပါတယ်။”

အဲဒီအချိန်မှာပဲ ကျွန်တော့်ဖုန်းက အသံမြည်လာတယ်။ ကိုစံရှားဆက်နေတာ။

“ဗျို့… ကိုသိန်းမောင်၊ ကိုအုန်းဖေကို ဖုန်းပေးလိုက်စမ်းပါ။”ဆိုပြီး လှမ်းပြောလို့ ကိုအုန်းဖေဆီကို ဖုန်းလှမ်းပေးလိုက်တယ်။ ကိုစံရှားရဲ့ အသံထဲမှာ အလျှင်လိုနေတဲ့ အသံပေါက်နေတယ်။

ကိုအုန်းဖေက ကိုစံရှားနဲ့ ဖုန်းပြောနေရင်း “ဟုတ်ပြီ… ဟုတ်ပြီ…”၊ “အင်း… အင်း”၊ “စိတ်ချ… စိတ်ချ”ဆိုတဲ့ စကားတွေကို အကြိမ်ပေါင်း တစ်ထောင်လောက်ပြောနေတယ်။ ဖုန်းချပြီးတော့မှ

“ကဲ… ကိုသိန်းမောင်ရေ၊ တရားခံတော့ ရှာတွေ့ပြီဗျာ။ ကျွန်တော်တို့ စမ်းချောင်းဘက်သွားရမယ်။ စမ်းချောင်းစခန်းမှာ ကိုစံရှားစောင့်နေမယ်။ လာဗျို့။”ဆိုပြီး ကမန်းကတန်းထွက်သွားလို့ ကျွန်တော်ကပဲ ကောင်းကောင်းဆိုတဲ့ ချာတိတ်ကို နှုတ်ဆက်ပြီး ကိုအုန်းဖေနောက်ကို အမီလိုက်ရတယ်။

♦♦♦

ကျွန်တော်တို့ စမ်းချောင်းရဲစခန်းကို ရောက်တော့၊ ကိုစံရှားက ရောက်မလာသေးဘူး။ ကိုအုန်းဖေက စခန်းမှူးနဲ့တွေ့ပြီး စကားခဏပြောတယ်။ ပြီးတော့မှ စခန်းမှူးက သူ့လူတွေကို အမိန့်ပေးနေတယ်။ ခဏနေတော့ တက္ကစီတစ်စီး စခန်းထဲဝင်လာပြီး၊ ကားပေါ်ကနေ ကိုစံရှားဆင်းလာတယ်။

“ကိုအုန်းဖေရေ အဆင်သင့်ပဲလား။”လို့ လှမ်းမေးတော့

“လာဗျို့၊ ခင်ဗျားရော၊ ကိုသိန်းမောင်ပါ လိုက်ခဲ့ကြ။ ကျွန်တော်က စခန်းမှူးဆိုင်ကယ်နဲ့ လိုက်သွားမယ်။ ခင်ဗျားတို့က နောက်ကကားနဲ့ လိုက်လာခဲ့”လို့ပြောပြီး ကိုအုန်းဖေနဲ့ စခန်းမှူးက ရှေ့ကနေ ဆိုင်ကယ်နဲ့ထွက်သွားကြတယ်။ တခြားရဲသား ၁၀ ယောက်ကျော်ကျော်ကလည်း လက်နက်ကိုယ်စီနဲ့ ဆိုင်ကယ်တွေနဲ့ ထွက်သွားကြတယ်။ ခဏနေတော့ ရဲကားတစ်စီးက ကျွန်တော်နဲ့ ကိုစံရှားရှေ့လာရပ်တယ်။ ကျွန်တော်တို့လည်း ကားထဲဝင်ကြပြီး ကိုအုန်းဖေတို့နောက်ကနေ လိုက်သွားကြတယ်။

လမ်းတစ်လမ်းထဲကို ကားကချိုးဝင်လိုက်ချိန်မှာ စခန်းမှူးဆိုင်ကယ်နဲ့ တခြားရဲသား ၄၊ ၅ ယောက်က တိုက်ရှေ့မှာ ရပ်စောင့်နေတာကို မြင်လိုက်ရတယ်ဆိုရင်ပဲ၊ ကားတောင်စက်ရှိန်မသေသေးဘူး၊ ကိုစံရှားက ကားတံခါးဖွင့်ပြီး ခုန်ဆင်းသွားတယ်။ တိုက်လှေကားထစ်တွေက ခပ်စိတ်စိတ်မို့ ကျွန်တော်က ခပ်ဖြည်းဖြည်းပဲ တက်နိုင်ပေမယ့်၊ လှေကားထစ်တွေကို တဒုန်းဒုန်းနဲ့ ခုန်ကျော်ပြီးတက်သွားတဲ့ ကိုစံရှားရဲ့ခြေသံကိုတော့ ကျွန်တော်တို့ကြားနေရတယ်။ အပေါ်ထပ်ရောက်တော့ စခန်းမှူးရော၊ ရပ်ကွက်လူကြီးတွေရောက အခန်းတစ်ခန်းရဲ့ရှေ့မှာ ရပ်ရင်းတံခါးခေါက်နေကြတယ်။

ရပ်ကွက်လူကြီးတစ်ယောက်က တံခါးကို အဆက်မပြတ်ခေါက်ရင်း

“ကိုမင်းမင်း၊ တံခါးဖွင့်ပါဦး။ ကျွန်တော်တို့ ရပ်ကွက်ကလူကြီးတွေပါ”လို့ တံခါးအပြင်ဘက်ကနေ လှမ်းပြောနေတယ်။ ကိုအုန်းဖေကတော့ “နောက်ဖေးအရေးပေါ်လှေကားမှာ ကျွန်တော်တို့လူတွေရှိလား” စခန်းမှူးကို အသံခပ်တိုးတိုးနဲ့ပြောတော့ စခန်းမှူးက ခေါင်းညိမ့်ပြတယ်။

တံခါးခေါက်နေတာ၊ ၅ မိနစ်လောက်ရှိသွားတော့ ကိုစံရှားက တံခါးဝမှာရပ်နေတဲ့သူတွေကို ဘေးဖယ်ခိုင်းပြီး သူ့ဘောင်းဘီအိတ်ထဲက လက်ဝါးလောက်ရှိတဲ့ ပိုက်ဆံအိတ်လို အိတ်ကလေးကို ထုတ်လိုက်တယ်။ အိတ်ဇစ်ကို ဖွင့်လိုက်တော့ အထဲမှာ ဇာဂနာလို စတီးသံချောင်းလေးတွေ အများကြီးပဲ။ အဲဒီထဲက တစ်ချောင်းကိုယူပြီး သော့ပေါက်မှာတပ်လှည့်လိုက်တာ ခဏနေတော့ သော့ကကလစ်လို့ အသံတစ်ချက်မြည်ပြီး ပြုတ်ထွက်သွားတယ်။ သော့ပွင့်သွားပြီဆိုတာနဲ့ ရဲတပ်ကြပ်ကြီးတစ်ယောက်က တံခါးကိုအသာလှည့်ဖွင့်ရင်း တံခါးဟသွားတဲ့အချိန်ကြမှ တံခါးမကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်တယ်။

အခန်းထဲရောက်ရောက်ချင်း မြင်ရတဲ့မြင်ကွင်းက စိတ်မချမ်းသာစရာပဲ။ လူတစ်ယောက်က ဧည့်ခန်းက ဆက်တီကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်လျက်သား သေနေတယ်။ ကိုရီးယားပါကေးခင်းထားတဲ့ ကြမ်းခင်းပေါ်မှာက သွေးကွက်ကြီး။ ဆရာဝန်ဖြစ်တဲ့ ကျွန်တော်က မနေနိုင်လို့ ချက်ချင်းအနားသွားမယ်လုပ်တော့ ကိုစံရှားက ကျွန်တော့်ကို လက်ဖမ်းဆွဲလိုက်ရင်း

“သွားမထိနဲ့ဗျို့။ ဒါကအခင်းဖြစ်တဲ့နေရာဖြစ်နေပြီ။”လို့ သတိပေးတယ်။

ပြီးတော့မှ သူ့ဘောင်းဘီအိတ်ထဲကပဲ လက်အိတ်တစ်စုံထုတ်ပေးတယ်။ လက်အိတ်ကို ကမန်းကတန်းဝတ်ပြီး အလောင်းကိုကိုင်လိုက်တော့ အလောင်းက အတော်လေးကို တောင့်နေပြီ။

“မနေ့ညလောက်ကတည်းက သေတာပဲဗျ။ ကျွန်တော်မှန်းတာမမှားရင် ဒီနေ့မနက်အစောကြီး ည ၁၂ နာရီနဲ့ ၂ နာရီလောက်ကြားမှာ သေတာပဲ။”လို့ ကျွန်တော်က ပြောလိုက်တယ်။

“ဘယ်လိုသေတာလဲဗျ”လို့ ကိုအုန်းဖေက လှမ်းမေးတော့ ကျွန်တော်က အလောင်းက လက်ကောက်ဝတ်ကို လက်နဲ့လှမ်းပြလိုက်တယ်။

“ဒါဆို သေကြောင်းကြံတာပေါ့။”

ကိုစံရှားက ဗြုန်းခနဲဆိုသလို ကျွန်တော့်နားရောက်လာပြီး ဟိုရှာဒီရှာလုပ်နေတယ်။ ပြီးတော့မှ ဆက်တီခုံတစ်လုံးအောက်က တစ်စုံတစ်ခုကို ကုန်းကောက်လိုက်ရင်း၊ ကျွန်တော်တို့ဘက်ကို လှမ်းပြတယ်။ ခဲတံချွန်တဲ့ ကလစ်ဓါးတစ်ချောင်းပဲ။ ကိုစံရှားက ဓါးကို Zip lock အိတ်တစ်ခုထဲ ထည့်လိုက်ရင်း၊ အိမ်ခန်းတစ်ခုလုံးကို စေ့စေ့စပ်စပ် လိုက်ကြည့်နေတယ်။ စားပွဲပေါ်မှာက သတင်းစာ၊ ဂျာနယ်အဟောင်းတွေ၊ စီးကရက်အစီခံတွေပြည့်နေတဲ့ ဆေးလိပ်ပြာခွက်တစ်ခွက်၊ ပိုက်ဆံအိတ်တစ်အိတ်၊ ဖုန်းတစ်လုံးကို တင်ထားတာတွေ့တယ်။

ကိုစံရှားက ဖုန်းကိုတစ်ချက်ယူပြီး ဖွင့်ကြည့်ဖို့လုပ်တော့ ဖုန်းက Lock ချထားတယ်။ လူသေရဲ့လက်ကို ဆွဲယူလိုက်ရင်း ဖုန်းရဲ့ fingerprint sensor မှာ ကပ်လိုက်တော့ ဖုန်းကပွင့်သွားတယ်။ ပြီးတော့မှ ဖုန်းထဲက Setting ထဲကိုဝင်ပြီး ဖုန်း pattern lock ကို ပြောင်းလိုက်ပြီး နောက် zip lock အိတ်တစ်ခုထဲ ထည့်လိုက်ပြန်တယ်။ နောက်တစ်ခါ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပြီး ဟိုဟိုဒီဒီ လှန်လှောရှာကြည့်နေပြန်တယ်။ သူစိတ်ကျေနပ်အောင် ကြည့်ပြီးတော့မှ စခန်းမှူးလက်ထဲကို ဓါးရော၊ ဖုန်းရော၊ ပိုက်ဆံအိတ်ကိုပါ ထည့်လိုက်ပြီး နောက်ဖေးခန်းဘက်ကို ထွက်သွားတယ်။

♦♦♦

ကိုစံရှားတစ်ယောက် တိုက်ခန်းတစ်ခန်းလုံးကို တစ်ခန်းဝင်တစ်ခန်းထွက် အပ်ချစရာနေရာမကျန်အောင် စေ့စေ့စပ်စပ် လိုက်ကြည့်ရင်း သဲလွန်စလို့ သူထင်တဲ့ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု Zip lock အိတ်လေးတွေနဲ့ ထည့်သိမ်းနေတယ်။ ကျွန်တော်ကတော့ နကန်းတစ်လုံးမှ မသိသူမို့ ကိုစံရှားလုပ်တာကို လိုက်ကြည့်နေရုံပဲ။ ကိုအုန်းဖေက CID ကို ဖုန်းဆက်ပြီး အကြောင်းကြားနေသလို၊ စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ရပ်ကွက်လူကြီးတွေနဲ့ စကားပြောတာ၊ အပြင်လူတွေ ဝင်မလာနိုင်အောင် တားထားတာ၊ သတင်းထောက်တွေရောက်လာလို့ ဖြေပေးရတာတွေ လုပ်နေကြတယ်။

ခဏနေတော့ ကိုစံရှားက ကျွန်တော့်နားကပ်လာပြီး

“လာဗျာ၊ သွားရအောင်”လို့ ပြောတာနဲ့ ကျွန်တော်လည်း ကိုအုန်းဖေကို လက်ရိပ်လက်ဟန်ပြလိုက်တော့ ကိုအုန်းဖေက သွားနှင့်ကြဆိုတဲ့သဘောနဲ့ လက်ပြပြန်တယ်။ ဒါနဲ့ပဲ ကျွန်တော်နဲ့ ကိုစံရှား ၂ ယောက်တည်းပဲ လမ်းပေါ်ကို ပြန်ဆင်းလာခဲ့ကြတယ်။ လမ်းပေါ်ရောက်တော့ ကိုစံရှားက ဆေးလိပ်တစ်လိပ်ထုတ်သောက်ပြီး ဘာစကားမှမပြောပဲ ငူငူကြီး လမ်းလျှောက်နေတယ်။ ခဏနေတော့မှ

“ရှေ့နားမှာ လက်ဖက်ရည်ဆိုင်ရှိတယ်ဗျာ။ ခဏနားကြတာပေါ့”လို့ပြောပြီး လက်ဖက်ရည်ဆိုင်ဘက်ကို ဦးတည်လျှောက်သွားတယ်။ ဆိုင်ထဲရောက်တော့ ကျွန်တော်က လက်ဖက်ရည်တစ်ခွက်မှာတယ်၊ ကိုစံရှားက သူ့ထုံးစံအတိုင်း ရေသန့်တစ်ဘူး မှာသောက်တယ်။

လက်ဖက်ရည်လာချတော့ ကျွန်တော်က လက်ဖက်ရည်ကို တစ်ငုံမြည်းလိုက်ရင်း ကိုစံရှားရဲ့ အရိပ်အခြေကို ကြည့်နေလိုက်တယ်။ ကိုစံရှားကတော့ သူလုပ်နေကြပုံစံအတိုင်း ဆေးလိပ်ကို တွင်တွင်ရှိုက်ရင်း တစ်ခုခုကို အလေးအနက်စဉ်းစားနေတယ်။ ခဏနေမှ

“ကျွန်တော် ခပ်စောစောကတည်းက သိသင့်တာဗျာ။ မနေ့က ကိုအုန်းဖေလာပြောကတည်းကသာ စဉ်းစားမိရင် အခုလိုဖြစ်မှာ မဟုတ်ဘူး။ ကိုသိန်းမောင်၊ ခင်ဗျားသတိထားမိလား။ မနေ့က ခင်ဗျားကျွန်တော့် အခန်းမှာရှိတုန်းက ကိုအုန်းဖေပြောတဲ့စကားကို။ မိန်းမတစ်ယောက်ကို ဓါးနဲ့အချက်ပေါင်းများစွာထိုးပြီး သေပြီဆိုတော့မှ မျက်နှာကို အက်ဆစ်နဲ့ လောင်းတယ်ဆိုတာ။ အဲဒီတုန်းကတည်းက ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို သတိရသွားတာပဲ။ တစ်ခါတစ်ခါကြတော့ဗျ၊ တစ်ချို့လူသတ်သမားတွေဟာ အပြစ်ရှိတယ်လို့ ယတိပြတ်ပြောဖို့ အင်မတန်ခက်တယ်။ စိတ်ရဲ့သဘောသဘာဝေတွ၊ လူတွေမှာရှိတဲ့ အတိတ်ကံအကျိုးပေးတွေဟာ သိပ်ကိုရှုပ်ထွေးပြီး သိပ်ကြောက်ဖို့ ကောင်းတယ်။”

“ခင်ဗျားပြောတာ၊ ကျွန်တော်ဖြင့် နားကိုမလည်ဘူး။”

“ဒီလိုဗျာ၊ ကိုအုန်းဖေပြောတာက အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ မိန်းမတစ်ယောက်၊ ဓါးနဲ့အချက်ပေါင်းများစွာထိုးခံရတဲ့အပြင် မျက်နှာကို အက်ဆစ်နဲ့ အပက်ခံရတယ်။ ဒါမျိုးအမှုမျိုး အရင်က ၂ ခါဖြစ်ဖူးတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်က အထက်တန်း ကျောင်းသားဘဝလောက်တုန်းက ကြားဖူးတဲ့ အမှုတစ်ခုရှိတယ်။ တပ်မတော်က ဗိုလ်ကြီးတစ်ယောက်က သူ့အမျိုးသမီးကို အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ထင်ပြီး ဓါးနဲ့ထိုး မျက်နှာကို အက်ဆစ်နဲ့လောင်းပြီး သတ်တဲ့အမှုတစ်ခု ဖြစ်သွားတယ်။ အမျိုးသမီးလည်း သေသွားတယ်၊ သတ်တဲ့ဗိုလ်ကြီးလည်း ထောင်ကျသွားတယ်။ နှစ်တွေတော်တော်ကြာပြီးတော့ အဲဒီဗိုလ်ကြီး ပြန်လွတ်လာတယ်။ ပြန်လွတ်လာပြီးတော့ ကလောဘက်မှာ အိမ်တစ်အိမ်ဝယ်ပြီး သွားနေတယ်။ သူနေတဲ့အိမ်နားမှာ မိသားစုတစ်စုကလည်း ရှိနေတယ်။ အဲဒီမိသားစုမှာ ယောက်ျားက ကုန်သည်လုပ်တယ်၊ မိန်းမက အိမ်မှာပဲနေတယ်။ ယောက်ျားက ကုန်သည်ဆိုတော့ ခရီးတွေ ထွက်တဲ့အချိန်ကြရင် မိန်းမက တခြားယောက်ျားတစ်ယောက်ကို အိမ်ခေါ်ထားပြီး ဖောက်ပြန်နေတယ်။ တစ်နေ့တော့ အဲဒီထောင်ထွက်ဗိုလ်ကြီးက ဖောက်ပြန်နေတဲ့ မိန်းမကို ဓါးနဲ့အချက်ပေါင်းများစွာထိုး မျက်နှာကို အက်ဆစ်နဲ့လောင်းလိုက်လို့ တစ်ခါထပ်အဖမ်းခံရပြန်တယ်။ ပြီးခဲ့တဲ့ တစ်ခေါက် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတော့ နောက်ထပ်တစ်ခါ အဲဒီဗိုလ်ကြီးက ပြန်လွတ်လာပြီး အခုဒီစမ်းချောင်းထဲမှာ နေနေတာပဲ။”

“ခင်ဗျားပြောတဲ့ ဗိုလ်ကြီးဆိုတာက…”

“အခု ခင်ဗျားတွေ့လိုက်တဲ့ လူပဲ။ ဗိုလ်ကြီးမင်းမင်းထွန်းတဲ့၊ သူ့နာမည်က။ သနားဖို့ကောင်းတဲ့သူပါဗျာ။ အတိတ်အကုသိုလ်ကံ ဝဋ်ကြွေး အင်မတန်ကြီးတဲ့သူပဲ။ စိတ်ကျရောဂါကို အပြင်းအထန် ခံစားနေရတဲ့သူ။ သူ့မိန်းမကို အထင်လွဲပြီး သတ်မိတဲ့အခါကြတော့ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူးဖြစ်နေတယ်။ အဲဒီကနေမှတဆင့် အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမတွေဆိုရင် မုန်းလာတယ်။ စိတ်ရောဂါက ဖောက်လာတဲ့အခါကြရင် ဆင်ခြင်တုံတရားပျောက်သွားပြီး အခုလိုပြစ်မှုကျူးလွန်တာတွေ ဖြစ်လာတာပဲ။ တကယ်တမ်း လူသတ်တဲ့အချိန်မှာ ဒီလူဟာ ပုံမှန်အသိတရား၊ ပုံမှန်စိတ်မျိုးတောင် ရှိရဲ့လားပဲ။ အမှန်တော့ဗျာ၊ ဥပဒေက ဒီလိုလူမျိုးတွေကို အကာအကွယ်ပေးထားတယ်။ အသိဉာဏ်ကင်းမဲ့နေတဲ့အချိန်မှာ လုပ်မိတဲ့အမှုတွေအတွက် လူတစ်ယောက်ဟာ တာဝန်ယူစရာမလိုဘူးပေါ့။ ရူးသွပ်နေတဲ့သူတို့၊ အရက်အမူးလွန်ပြီး ဘာလုပ်မိလို့ လုပ်မိမှန်းမသိတာတို့တွေမှာ သက်သာခွင့်တွေရှိတယ်ပေါ့။ ဒါကြောင့်နဲ့တူပါတယ်။ ကလောမှာ လူသတ်မှုဖြစ်တော့ ဒီလောက်မြန်မြန်နဲ့ ပြန်လွတ်လာတာ။ အမှန်ကတော့ဗျာ ဒီလိုလူမျိုးတွေကို စောင့်ကြည့်တာတွေ ဘာတွေလုပ်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာက တရားဥပဒေစိုးမိုးရေး လုပ်ကြတဲ့နေရာမှာ ဝန်နဲ့အားနဲ့ မမျှဘူးဖြစ်နေတော့ လှစ်ဟာတာလေးတွေ ရှိတာပေါ့လေ။ ဒါတောင်မှပဲ CID က မှတ်တမ်းတွေထဲမှာ ဒီလူဘယ်ရောက်နေတယ်၊ လက်ရှိဘယ်မှာနေနေတယ်ဆိုတာကို မှတ်တမ်းလုပ်ထားတယ်။ ဒါကြောင့်မို့လည်း ဒီစမ်းချောင်းမှာ သူနေနေတယ်ဆိုတာကို ကျွန်တော်သိတာပေါ့ဗျာ။”

“ဒါဖြစ်ရင် မြတ်နိုးခင်ကို သတ်တာ၊ မင်းမင်းထွန်းပေါ့။”

“အင်း၊ ဟုတ်တယ်။ သူသတ်တာပဲ။ ကိုအုန်းဖေကို ကျွန်တော်ပြောထားတယ်။ မြတ်နိုးခင်အခန်းမှာတွေ့တဲ့ ကတ်ကြေးက သွေးနဲ့ မင်းမင်းထွန်းရဲ့သွေးနဲ့ ယှဉ်ကြည့်ဖို့။ အဲဒီကြရင်အတိအကျ သိရမှာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်သေချာပါတယ်။ သူသတ်တာပါပဲ။”

“မြတ်နိုးခင်အသတ်ခံရတဲ့ပုံစံကိုကြည့်ပြီးတော့ ခင်ဗျားက မင်းမင်းထွန်းကို ခြေရာခံလိုက်နိုင်တာပေါ့လေ။”

“အင်း၊ အဲဒီလိုပဲ ပြောရမှာပေါ့။ ဒါပေမယ့် ဒီအမှုမှာ ကျွန်တော်မရှင်းတာတွေ အများကြီး ကျန်သေးတယ်ဗျ။”လို့ ပြောရင်း ကိုစံရှားက သက်ပြင်းချတယ်။ ရေသန့်ဗူးထဲကရေကို တစ်ငုံမော့သောက်လိုက်ရင်း ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးညှိတယ်။ ပြီးတော့မှ

“ကဲ… ကိုသိန်းမောင်ရေ။ ဒီကပဲပြန်လိုက်တော့ဗျာ။ ခင်ဗျားလည်း ဒီနေ့ဟိုပြေးဒီပြေးနဲ့ မောနေလောက်ပြီ။ ကျွန်တော်လည်း အိမ်နဲ့နီးနီးလေး ဖြစ်နေပြီပဲ။ အာရှတော်ဝင်ရှေ့ကဖြတ်၊ ဟုမ်းလမ်းကဖြတ်ပြီး ပြန်လိုက်ရင် ကျွန်တော့်အိမ်ရောက်နေပြီ။ ဟိုရှေ့နေကြီးရဲ့ ကွန်ပျူတာကိစ္စကလည်း စဉ်းစားရဦးမယ်။ ဒီနေ့တော့ နားတော့မယ်ဗျာ။”လို့ပြောရင်း ပိုက်ဆံရှင်းပြီးတော့ လက်ဖက်ရည်ဆိုင်ထဲက ထထွက်သွားတယ်။

♦♦♦

ဒီနေ့တစ်နေကုန် ကိုစံရှားဆီကရော၊ ကိုအုန်းဖေဆီကပါ ဖုန်းမလာဘူး။ ညနေ ၄ နာရီလောက်အထိကို သူတို့ဆီက အသံမကြားရတော့ ဘာတွေဖြစ်နေသလဲဆိုပြီး သိချင်လာတယ်။ ဒါပေမယ့် ၄ နာရီခွဲလောက်ရောက်တဲ့အချိန်မှာ ကိုစံရှားဆီကနေ ဖုန်းဝင်လာတယ်။

“ပွဲကြီးပွဲကောင်းပဲ… ကိုသိန်းမောင်ရေ။ တာမွေစခန်းကိုသာ လာခဲ့လိုက်တော့။ အဲဒီကြမှ အသေးစိတ်ပြောတော့မယ်”ဆိုပြီး ကိုစံရှားက သူပြောချင်တာပြီး လောလော, လောလောနဲ့ပဲ ဖုန်းပြန်ချသွားတယ်။

ကျွန်တော်လည်း ရေမိုးချိုး၊ အင်္ကျီအဝတ်အစားလဲပြီး၊ တက္ကစီးငှား၊ တာမွေရဲစခန်းကို အပြေးအလွှားသွားရပြန်တယ်။ စခန်းကိုရောက်တော့ ကိုစံရှားကိုမတွေ့ပဲ၊ ကိုအုန်းဖေကိုပဲ တွေ့တယ်။ ကိုအုန်းဖေက ကျွန်တော့်ကိုတွေ့တာနဲ့

“လာဗျို့၊ ကိုသိန်းမောင်။ ကိုစံရှားရော၊ ကျွန်တော်ရော ခင်ဗျားကိုမျှော်နေတာ။ တကယ့်အချိန်ကောင်းပဲဗျို့။ ဟိုဘက်အစွန်ဆုံးက အခန်းထဲမှာ ကိုစံရှားရှိတယ်။ ခဏနေရင် ကျွန်တော်လိုက်လာခဲ့မယ်”လို့ ပြောတယ်။ ကျွန်တော်လည်း ကိုစံရှားရှိတယ်ဆိုတဲ့ အခန်းထဲကို ဝင်သွားလိုက်တော့ ကိုစံရှားက ဆေးလိပ်သောက်ရင်း မျက်နှာမှာ အင်မတန်ကျေနပ်တဲ့ အမူအရာမျိုးနဲ့

“လာလာ၊ ကိုသိန်းမောင်။ ဒီအမှုကို အစကကျွန်တော်က ဒီလောက်ရှုပ်မယ် ထင်မထားတာ။ အခုတော့ အတော်လေး ကျေနပ်စရာ ကောင်းတယ်ဗျို့။ အမှုက အတော်လေးကို ရှုပ်ထွေးတာဗျ။ ကျွန်တော့်အကြိုက်ပဲဗျာ။ ဒီလိုဒုစရိုက်မှုမျိုးကို တွေးနိုင်၊ စီစဉ်နိုင်တဲ့ ဒုစရိုက်သမားတွေကို ချီးကျူးရမယ်ဗျ။ တောင်းကောင်းတဲ့ ဆုမျိုးမဟုတ်ပေမယ့်၊ ဒီလိုလူမျိုး များများပေါ်ပါစေလို့ ဆုတောင်းရမယ့် ပုံပဲဗျာ။”လို့ ကျွန်တော့်ကို ဆီးပြီးနှုတ်ဆက်တယ်။

ကိုစံရှားဘေးက ခုံမှာ ဝင်ထိုင်လိုက်ရုံပဲရှိသေးတယ်၊ ကိုအုန်းဖေက မြတ်နိုးခင်အခန်းကို လာလာရှင်းပေးနေတယ်ဆိုတဲ့ အဒေါ်ကြီးနဲ့ မြတ်နိုးခင်ယောက်ျား စိတ်ရောဂါကုဆရာဝန်တွေကို အခန်းထဲခေါ်သွင်းလာတယ်။ ကိုစံရှားနဲ့ ကျွန်တော့်ကို မြင်တယ်ဆိုရင်ပဲ မြတ်နိုးခင်ရဲ့ယောက်ျားက

“ကဲ… ဒီတစ်ခေါက်က ဘာကြောင့်ခေါ်တာလဲဗျာ။ ကျွန်တော်က အလုပ်များတဲ့သူ။ ဆေးခန်းကို ပိတ်ပြီးလာခဲ့ရတာ။ မြတ်နိုးကို သတ်တဲ့တရားခံလည်း ပေါ်ပြီပဲ။ ဘာလို့ ကျွန်တော့်ကို ခဏခဏခေါ်နေကြတာလဲဗျာ။”လို့ တန်းမေးတော့ ကိုစံရှားကပဲ

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဒီအမှုမှာ တရားခံက ပေါ်နေပါပြီ။ တစ်ခုလေး ကျွန်တော်သိချင်တာ ကျန်နေလို့ပါ။”လို့ ပြန်ဖြေလိုက်တယ်။

“ဘာတွေသိချင်သေးတာလဲဗျာ။ တရားခံပေါ်ပြီပဲဟာ။”ဆိုပြီး နေဦးလွင်က စိတ်ပျက်လက်ပျက်နဲ့ ပြောလာတယ်။

“ဒီလိုပါ။ မမြတ်နိုးခင်မှာ ညီအစ်မတွေ ဘာတွေများ ရှိလားလို့ပါ။”လို့ ပြောလိုက်ချိန်မှာတော့ နေဦးလွင်ဆိုတဲ့သူရဲ့ မျက်နှာမှာ သွေးဆုပ်ပြီး ဖြူဖတ်ဖြူလျော်ဖြစ်သွားတယ်။ ပြီးတော့မှ စိတ်မသက်သာတဲ့လေသံနဲ့

“ရှိတယ်ဗျ။ ညီမပါ။ မြတ်နိုးရဲ့ညီမပေါ့။ သက်ထားခင်ဆိုတာ ရှိတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ မရင်းနှီးဘူး။ မြတ်နိုးနဲ့ သက်ထားခင်နဲ့က ညီအစ်မဆိုပေမယ့် သူတို့နှစ်ယောက်က အကျင့်၊ စရိုက်ချင်းမတူကြဘူး။ မြတ်နိုးက ခေတ်ဆန်တယ်၊ ပေါ့ပေါ့ပါးပါးနေတတ်တယ်။ သက်ထားခင်က မြတ်နိုးလိုမဟုတ်ဘူး။ လူကြီးလိုပဲ၊ တက္ကသိုလ်မှာ စာတော်လို့ မဟာတန်းအထိ တက်ရတယ်။ မဟာတန်းအောင်လို့ ဘွဲ့ရပြီးတာနဲ့ အိမ်မှာမနေတော့ပဲ၊ တစ်နိုင်ငံလုံးက ဝိပဿနာတရားစခန်းတွေမှာ လှည့်ပြီးတော့ တရားလိုက်ထိုင်တယ်။ ကျွန်တော်နဲ့က မြတ်နိုးနဲ့ မင်္ဂလာဆောင်တုန်းက တစ်ကြိမ်ပဲ သက်ထားခင်ကို ကောင်းကောင်းတွေ့ဖူးလိုက်တယ်။ သူကကျွန်တော်တို့အိမ်ကိုမလာဘူး။ သူတို့ညီအစ်မနှစ်ယောက် တွေ့စရာကိစ္စရှိတယ်ဆိုရင်တောင် အပြင်မှာချိန်းတွေ့ကြတာ။ အိမ်ကိုလာမတွေ့ဘူး။”လို့ ပြောနေရင်းမှာပဲ ကိုစံရှားက ကြားဖြတ်ပြီး

“ကျွန်တော်သိရသလောက်ဆိုရင် မမြတ်နိုးခင်တို့၊ မသက်ထားခင်တို့က အတော်လေးကို ငွေကြေးပြည့်ပြည့်စုံစုံ ရှိကြတယ်ကြားတယ်။ အဲဒါကရော။”

“ခင်ဗျားဘာလို့ မဆိုင်တာတွေ မေးနေတာလဲဗျာ။”ဆိုပြီး စိတ်အိုက်နေတဲ့ အသံမျိုးနဲ့ နေဦးလွင်က ပြန်ပြောတော့ ကိုအုန်းဖေက

“ကျေးဇူးပြုပြီးတော့ ကိုစံရှားမေးတာကို ဖြေလိုက်စမ်းပါဗျာ။ ကျွန်တော်တို့လည်း ဒီအမှုကို မြန်မြန်လက်စသပ်ချင်လို့ပါ။”လို့ ဝင်ပြောလိုက်တယ်။

“ကဲ… ဘယ်လိုလဲ။ ကျွန်တော်သိထားတာ မှန်တယ် မဟုတ်လားဗျ။”

“အေးဗျာ။ မြတ်နိုးနဲ့ သက်ထားခင်တို့မှာ အမွေဆိုင်ခြံတစ်ခုရှိတယ်။ အင်းလျားမြိုင်ထဲမှာ တစ်ဧကရဲ့ လေးပုံတစ်ပုံလောက် ရှိတယ်။ ဘိုးဘွားပိုင်ပေါ့။ ကာလတန်ဖိုးနဲ့ဆိုရင် သိန်း ၆ သောင်း၊ ၇ သောင်းလောက် တန်လိမ့်မယ်။ အခုနိုင်ငံခြားကုမ္ပဏီတစ်ခုကို ငှားထားတာတင် တစ်လ၊ တစ်လကို ဒေါ်လာသောင်းဂဏန်းနဲ့ချီရတယ်။ အဲဒီခြံလခကို စာချုပ်တစ်ခါချုပ်တိုင်း ညီအစ်မနှစ်ယောက် ခွဲယူကြတယ်။”

“ဒါဆိုခင်ဗျားမိန်းမက တစ်လတစ်လကို သိန်းရာနဲ့ချီပြီး ဝင်ငွေရှိတာပဲ။”

“အင်း၊ ဟုတ်တယ်။ အဲဒါနဲ့ ဒီအမှုနဲ့ ဘာဆိုင်လို့လဲ။”

“ကိုနေဦးလွင်၊ ခင်ဗျားသိမလားပဲ။ အခုမမြတ်နိုးခင်ကို သတ်သွားတဲ့ ကိုမင်းမင်းထွန်းက စိတ်ကျရောဂါဝေဒနာရှင်ဆိုတာကို။”

“မနေ့က ရဲတွေလာပြောတုန်းက အဲဒီလိုကြားလိုက်တာပဲ။ အဲဒါဘာဖြစ်လဲဗျာ။ စိတ်ဝေဒနာသည်ဆိုတာ ဒါမျိုးလုပ်တတ်တာပဲဟာ။”

“ဟုတ်ပါတယ်ဗျာ။ ဒါနဲ့ ခင်ဗျားကလည်း စိတ်ရောဂါကုဆရာဝန်ဆိုတော့ ကိုမင်းမင်းထွန်းကိုများ ဆုံမိဖူးလားလို့ပါ။ ခင်ဗျားဆေးခန်းကို လာကုတာတို့ ဘာတို့ပေါ့။”

“ဒီမှာ၊ ကျွန်တော်… အဲဒီမင်းမင်းထွန်းဆိုတဲ့သူကို မြင်ကိုမမြင်ဖူးတာ၊ ကြားလည်းမကြားဖူးဘူး။ ဒါကတိုက်ဆိုင်မှုပဲ။ မင်းမင်းထွန်းဆိုတဲ့သူက ဖောက်ပြန်တဲ့မိန်းမတွေကိုမုန်းတဲ့ စိတ်အခံရှိတယ်။ ကျွန်တော့်မိန်းမဖောက်ပြန်နေတာကို တနည်းနည်းနဲ့ သိသွားမယ်။ ပြီးတော့ စိတ်ဖောက်လာတဲ့အချိန်မှာ ကျွန်တော့်မိန်းမကို သတ်လိုက်တာပဲ။ ဒါပဲ။ စိတ်ဖောက်နေတဲ့လူဆိုတာ လုပ်ချင်တာလုပ်တာပဲ။”

“ဟုတ်ပြီဗျာ။ နောက်တစ်ခု ထပ်မေးချင်တာက မမြတ်နိုးခင် အသတ်ခံရတာက ၂၉ ရက်နေ့ကနော်။ တနင်္ဂနွေပေါ့။ အဲဒါဆိုရင် အဲဒီနေ့မတိုင်ခင် ၃ ရက်၊ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ ကိုနေဦးလွင် ဘယ်မှာရောက်နေလဲ။”

“၂၆ ရက်နေ့က ဘာနေ့ကျလဲဗျ။”

“ကြာသပတေးနေ့”

“ဒါဆိုရင်တော့ မပြောတတ်ဘူးဗျ။ အိမ်မှာပဲ ရှိမှာပေါ့။ ကျွန်တော်မမှတ်မိဘူး။”

“ကဲပါ… ကောင်းပါပြီ။ ဒါနဲ့ ဒီဘက်က အစ်မကြီးကို နည်းနည်းမေးချင်တာ ရှိသေးတယ်။ အစ်မကြီး အသက်ဘယ်လောက် ရှိပြီလဲ မသိဘူး။”လို့ ကိုစံရှားက အဒေါ်ကြီးဘက်ကို လှည့်ပြီးမေးလိုက်တော့

“၆၀ နားနီးနေပါပြီဆရာရယ်။”လို့ ပြန်ဖြေတယ်။

ကိုစံရှားက ဘာမှပြန်မပြောပဲ အသာပြုံးနေလိုက်တယ်။ ပြီးတော့မှ

“ခင်ဗျားတို့ တကယ်တော်တဲ့သူတွေဗျာ၊ တကယ်ပါ။ တကယ့်ကို ထူးချွန်တာပဲ။ ခင်ဗျားတို့ တစ်ခုပဲမှားသွားတယ်။ အဲဒါက တရားဥပဒေဘက်မှာ ခင်ဗျားတို့နဲ့ ဉာဏ်ချင်းယှဉ်နိုင်တဲ့ စံရှားဆိုတဲ့ ကျွန်တော်ရှိနေသေးတာကို မေ့သွားတာပဲ။ ကဲ… ကိုအုန်းဖေရေ၊ ခင်ဗျားလူတွေကို ခေါ်လိုက်တော့ဗျာ။”လို့ ပြောလိုက်တယ်ဆိုရင်ပဲ၊ ကိုအုန်းဖေက အခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။ အဲဒီအချိန်မှာပဲ အပြင်ဘက်မှာစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခန်းထဲကို အပြေးဝင်လာကြပြီး ကိုနေဦးလွင်ကိုရော၊ အိမ်ဖော်အဒေါ်ကြီးကိုပါ ဖမ်းချုပ်ထားလိုက်ရင်း တာမွေစခန်းမှူးက

“ကိုနေဦးလွင်နဲ့ မမြတ်နိုးခင်… ခင်ဗျားတို့နှစ်ယောက်ကို မသက်ထားခင်ကို သတ်တဲ့အမှုမှာ သံသယရှိတဲ့ တရားခံတွေအနေနဲ့ ကျွန်တော်တို့ ဖမ်းလိုက်ပါပြီ။”လို့ ပြောလိုက်တော့တယ်။

♦♦♦

တရားခံတွေကို အခန်းထဲက ခေါ်ထုတ်သွားပြီးတဲ့အခါမှာတော့

“ဘယ်လိုလဲဗျာ။ ကိုစံရှား ကျွန်တော့်ကိုလည်း ရှင်းပြစမ်းပါဦး။ ဘယ်လိုဖြစ်ရတာလဲ။ နေဦးလွင်က သူ့မိန်းမကို သတ်တာလား။ ဟိုအိမ်ဖော်ဆိုတဲ့ မိန်းမကြီးက မြတ်နိုးခင်လား။ အခုသေသွားတာ မြတ်နိုးခင်ပဲ မဟုတ်ဘူးလား။ မင်းမင်းထွန်းသတ်လိုက်တဲ့သူက သက်ထားခင်ဆိုတဲ့ မြတ်နိုးခင်ရဲ့ညီမလား။ ဘာတွေလဲဗျာ။ ကျွန်တော့်လည်း နည်းနည်းလောက် ရှင်းပြစမ်းပါဦး။”

“ထိုင်ပါဦး ကိုသိန်းမောင်ရယ်။ ကျွန်တော်ဆေးလိပ်လေး သောက်ပါရစေဦး။”လို့ ကိုစံရှားက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောရင်း ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးညှိတယ်။ ဆေးလိပ်ငွေ့တွေကို လေထဲမှုတ်ထုတ်ရင်း အင်မတန်ကျေနပ်သွားတဲ့ အမူအရာကို ကိုစံရှားရဲ့မျက်နှာမှာ မြင်နေရတယ်။ အတော်လေးကြာတော့မှ

“သဘောကျစရာ အရမ်းကောင်းတယ်ဗျာ။ ကျွန်တော်က ဒီလိုအမှုမျိုးကိုမှ ဖော်ချင်တာ။ ရိုးရိုးလေးနဲ့ ဆန်းတဲ့အမှုမျိုးပဲ။ နေဦးလွင်ရော၊ မြတ်နိုးခင်ရောက တကယ့်ကိုတော်တဲ့ ဒုစရိုက်သမားတွေပဲ။ ဒီလောက်ဉာဏ်ကောင်းတဲ့လူမျိုးတွေနဲ့ ရင်ဆိုင်ရတာ ကျွန်တော်တော့ ကံကောင်းတာပဲဗျာ။ လာဗျာ… ခင်ဗျားကို အမှုဖြစ်သွားပုံလေး စပြောပြမယ်…”လို့ပြောရင်း ဆေးလိပ်ကို မီးသတ်လိုက်တယ်။ ရေဘူးထဲက ရေတစ်ခွက်ငှဲ့ပြီး တစ်ငုံသောက်တယ်။ ပြီးတော့မှ

“ဒီလိုဗျ၊ ကျွန်တော်ပြောပြမယ်။ ဒီအမှုထဲမှာ စစချင်း ကျွန်ေတာ်မသင်္ကာဆုံး အချက်နှစ်ချက်ရှိတယ်။ ပထမအချက်က ကျွန်တော်တို့ အရမ်းကံကောင်းပြီး သိရတာပဲ။ ဘာလဲဆိုတော့ ဗိုလ်ကြီးမင်းမင်းထွန်း အိမ်ကိုသွားတဲ့အခါမှာ ကျွန်တော်တွေ့လိုက်တာက သူ့ပိုက်ဆံအိတ်ထဲက receipt စာရွက်ပဲ။”

“ဘာအတွက် receipt လဲဗျ။”

“တော်တော်ထူးခြားတဲ့ဟာဗျ။ ကျွန်တော်လည်း အဖြေမရခင်တုန်းက တော်တော်စဉ်းစားရကျပ်သွားတယ်။ စိတ်ကျရောဂါဖြစ်တဲ့သူတွေကို ပေးတဲ့ဆေးတွေထဲမှာ Prozac ဆိုတဲ့ ဆေးကိုကြားဖူးလား။”

“အင်း၊ ကြားဖူးသားပဲ။ Fluoxetine ကို အခြေခံပြီးထုတ်တဲ့ဆေးပဲ။ အဲဒါက ဘာဖြစ်လို့လဲ။”

“ဗိုလ်ကြီးမင်းမင်းထွန်းက အဲဒီဆေးကို အတော်ကြီးစွဲသောက်နေရတဲ့သူ။ ဒီဆေးသောက်နေတဲ့သူက အရက်သောက်မိရင် ဘာဖြစ်နိုင်လဲ ပြောပါဦး။”

“Prozac မှမဟုတ်ဘူး။ Anti-depress ဆေးတွေ တော်တော်များများက အရက်နဲ့မတည့်ဘူး။ ဆေးအာနိသင်ရှိနေတုန်း အရက်သောက်မိရင် သွေးပေါင်ချိန်အရမ်းတက်လာပြီး၊ သေတဲ့အထိ ဖြစ်နိုင်တယ်။”

“အခင်းမဖြစ်ခင် ၃ ရက်အလို ညဘက်ကြီး ၁၁ နာရီလောက်မှာ ဗိုလ်ကြီးမင်းမင်းထွန်းက သူ့အသက်ကို အန္တရာယ်ပေးမယ့် ပစ္စည်းတစ်ခု ဝယ်လာတယ်။ အဲဒါဘာဖြစ်မယ်ထင်လဲ။”

“အရက်လား။”

“ဒါပေါ့ဗျာ။ ခင်ဗျားစဉ်းစားကြည့် လူတစ်ယောက်ဟာ သူ့အတွက် အသက်ကိုတောင် ခြိမ်းခြောက်စေမယ့် ပစ္စည်းမျိုးကို ဘာလို့ဝယ်မှာလဲ။ ပြီးတော့ ဝယ်တာကလည်း များများစားစားမဟုတ်ဘူး။ လေးပတ်ပြားလေးတစ်ပုလင်း။”

“ဘာကြောင့်လဲဗျ။”

“ဒဏ်ရာရလာလို့ပဲ။ အဲဒီနေ့က ဗိုလ်ကြီးမင်းမင်းထွန်းက အပြင်သွားနေလိမ့်မယ်။ လမ်းမှာတစ်ခုခုကြောင့် ဒဏ်ရာရမယ်။ အဲဒီတော့ နီးစပ်ရာ convenience store တစ်ခုထဲကို ဝင်လိုက်လိမ့်မယ်။ ဝင်သွားတုန်းကတော့ အရက်ပြန်တို့၊ ပလာစတာတို့ တစ်ခုခုဝယ်ဖို့ပေါ့ဗျာ။ ဒါပေမယ့် ဆိုင်မှာက ဆေးပစ္စည်းတွေ မရဘူးဖြစ်နေမယ်။ မရောင်းတာလား၊ ကုန်နေတာလား တစ်ခုခုပဲပေါ့ဗျာ။ အဲဒါနဲ့ အရက်တစ်ပုလင်းဝယ်ပြီးတော့ အရက်ပျံအစားသုံးလိုက်တာပဲ။ convenience store တွေက ည ၁၀ နာရီကျော်ရင် အရက်မရောင်းတော့ဘူး။ ဒဏ်ရာအတွက် သုံးမယ်ဆိုပြီး ပြောလို့သာ ရောင်းလိုက်တာနဲ့တူတယ်။”

“အင်း၊ ဟုတ်ပါပြီ။ အဲဒီတော့။”

“ကျွန်တော်က သူဘာကြောင့် ဒဏ်ရာရလဲဆိုတာ သိချင်လာတယ်။ အဲဒါနဲ့ သူအရက်ပုလင်းဝယ်တဲ့ convenience store ကိုသွားပြီး အဲဒီဆိုင်က CCTV ကို ယူကြည့်လိုက်တော့ အင်မတန်ထူးခြားတဲ့ အချက်ကို အဲဒီမှာ ထပ်တွေ့ရတာပဲ။”

“ဘာတုန်းဗျ၊ ပြောပါဦး။”

“ခင်ဗျားမှတ်မိလား၊ မြတ်နိုးခင်… အဲ… ထားပါတော့ သက်ထားခင်ရဲ့ အလောင်းဘေးမှာ တွေ့တယ်ဆိုတဲ့ ကက်ကြေးလေ။ CCTV ထဲမှာ ကြည့်လိုက်တော့ ဗိုလ်ကြီးမင်းမင်းထွန်း အရက်လာမဝယ်ခင် ဆယ့်ငါးမိနစ်လောက်အလိုမှာပဲ လူတစ်ယောက်က အဲဒီကတ်ကြေးနဲ့ ချွတ်စွတ်တူတဲ့ ကတ်ကြေးတစ်လက်ကို ဆိုင်ကနေဝယ်သွားတယ်။ ဘယ်သူလို့ထင်လဲ။”

“လုပ်စမ်းပါဦး၊ ဘယ်သူလဲဗျ။”

“ဘယ်သူရှိရမလဲ၊ နေဦးလွင်ပေါ့။”

“ဟာ…”

“ကျွန်ေတာ်လည်း တွေ့တွေ့ချင်းမှာ အံ့အားသင့်သွားတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတာက။ နေဦးလွင်ရယ်၊ မင်းမင်းထွန်းရယ်၊ ကတ်ကြေးရယ်။ ဒီသုံးခုဘယ်လိုဆက်စပ်လဲပေါ့။”

“ဘယ်လိုဆက်စပ်လဲဗျ။ လုပ်စမ်းပါ။”

“နေဦးလွင်က ဗိုလ်ကြီးမင်းမင်းထွန်းကို အဲဒီကတ်ကြေးနဲ့ ဒဏ်ရာရအောင် လုပ်တယ်။ ပြီးတော့ အဲဒီကတ်ကြေးကို သက်ထား… အဲ… မြတ်နိုးခင်ပဲထားဗျာ… မြတ်နိုးခင်အလောင်းဘေးကို ရောက်နေအောင် တစ်နည်းနည်းနဲ့ သွားထားလိုက်တယ်။ ဘာကြောင့်လဲ၊ သူဘယ်လိုလုပ်လိုက်တာလဲ။”

“ကျွန်တော်တော့ ခေါင်းတွေကို ပူလာပြီဗျာ။ ကဲ… ပြောပါဦး၊ ဘာကြောင့်လုပ်လဲ၊ ဘယ်လိုလုပ်လဲဆိုတာ။”

“အဲဒီအချိန်က ကျွန်တော်လည်း ဘယ်လိုမှ စဉ်းစားလို့မရဘူး။ အဲဒါနဲ့ နောက်ထပ်ကိစ္စတစ်ခုကို ဆက်စဉ်းစားတယ်။”

“ကဲ… ပြောပါဦး၊ ဘယ်ကိစ္စကို ဆက်စဉ်းစားတာလဲ”

“ဗိုလ်ကြီးမင်းမင်းထွန်းဆီက ရလိုက်တဲ့သဲလွန်စထဲမှာ receipt စာရွက်တစ်ခုတည်း မဟုတ်ဘူး။ သူ့ဖုန်းလည်း ပါတယ်ဗျ။ သူ့ဖုန်းကို ကျွန်တော်ယူကြည့်တော့ အခင်းမဖြစ်ခင် နာရီဝက်လောက်အလိုမှာ ဆရာဆိုပြီး နာမည်ပေးထားတဲ့ ဖုန်းနံပါတ်တစ်ခုကို ခေါ်ထားတယ်ဗျ။ အခင်းဖြစ်ပြီးတော့ သိပ်မကြာဘူး။ အဲဒီနံပါတ်ကိုပဲ တစ်ခါထပ်ခေါ်ထားသေးတယ်။ ည ၈ နာရီလောက်ကြတော့လည်း အဲဒီဆရာဆိုတဲ့သူဆီကိုပဲ တစ်ခါထပ်ခေါ်သေးတယ်။ ဒီတစ်ခါတော့ တော်တော်ကို ကြာအောင် စကားပြောတာဗျ။ ည ၈ နာရီလောက်က စပြောလိုက်တာ၊ ည ၁၂ နာရီလောက်အထိကို ဆက်တိုက်ပြောတာပဲ။ အဲဒါနဲ့ ကျွန်တော်လည်း အဲဒီဆရာဆိုတာ ဘယ်သူလဲဆိုပြီး သိချင်လာရော။ ဒါနဲ့ပဲ ဖုန်းကုမ္ပဏီကို ဆက်သွယ်ပြီးတော့ အဲဒီဖုန်းနံပါတ်အကြောင်း စုံစမ်းကြည့်တယ်။ မှတ်ပုံတင်ထားတာ ဘာညာ ဘာတစ်ခုမှ မရှိဘူး။ ဒါနဲ့ပဲ အဲဒီလူက ဘယ်ကနေ ဆက်နေတာလဲဆိုတာကို ထပ်ပြီးမေးကြည့်တော့ ကျွန်တော်အံ့အားသင့်သွားတယ်။ အဲဒီဆရာဆိုတဲ့သူက နေပြည်တော်ကနေ စကားပြောနေတာ။ စဉ်းစားကြည့်၊ ဆရာလို့လည်းခေါ်တယ်၊ ဆရာဝန်တွေဘာတွေမို့လို့ အဲဒီလိုခေါ်တာနေမှာပေါ့။ နေပြည်တော်မှာလည်း ရှိနေတယ်။ တိုက်ဆိုင်တယ်ဆိုရင်တောင် တော်တော်ကြီးကို တိုက်ဆိုင်လွန်းတယ်လို့ မထင်ဘူးလား။”

“ခင်ဗျားပြောချင်တာက ဆရာဆိုတာ နေဦးလွင်ပဲလား။”

“ဒါပေါ့ဗျာ။ အခင်းဖြစ်တဲ့နေ့က ၂၉ ရက်နေ့။ အခင်းမဖြစ်ခင်တစ်ရက်၊ ၂၈ ရက်နေ့မှာ နေဦးလွင်က နေပြည်တော်ကို ရောက်နေပြီ။”

“ဟာဗျာ၊ ဘယ်နှယ့်ဟာကြီးလဲ။”

“အဲ့ဒါကြောင့်ပြောပါတယ်။ ဒီအမှုက ရိုးရိုးလေးလို့ ထင်ရပေမယ့် တော်တော်ရှုပ်တယ်လို့။ ကဲ… ဆက်နားထောင်ဦး။ အဲဒါနဲ့ အဲဒီဆရာဆိုတဲ့သူက ဆက်ထားတဲ့၊ လက်ခံထားတဲ့ ဖုန်းနံပါတ်တွေ အကုန်လုံးကို ကျွန်တော်တောင်းကြည့်လိုက်တယ်ဆိုရင်ပဲ ထပ်ပြီးထူးခြားတာကို သွားတွေ့ရတယ်။”

“ဘာထူးခြားတာလဲဗျ။”

“အခင်းမဖြစ်ခင်နဲ့၊ အခင်းဖြစ်ပြီးချိန်တွေမှာ ဗိုလ်ကြီးမင်းမင်းထွန်းက နေဦးလွင်ဆီကို ဖုန်းခေါ်တယ်လို့ ကျွန်တော်ပြောတယ် မဟုတ်လား။ ဒါပေမယ့် နေဦးလွင်ကလည်း မင်းမင်းထွန်းနဲ့ ဖုန်းပြောပြီးတဲ့ အချိန်တိုင်း ရန်ကုန်မှာရှိတဲ့ ဖုန်းနံပါတ်တစ်လုံးကို ဖုန်းပြန်ခေါ်တယ်ဗျ။”

“အင်း၊ ဆက်ပြောပါဦး။”

“အခင်းမဖြစ်ခင်၊ မြတ်နိုးခင်တို့အိမ်နားကို သူရောက်သွားတဲ့အချိန်မှာ ဗိုလ်ကြီးမင်းမင်းထွန်းက ဆရာလို့ သူခေါ်နေတဲ့ နေဦးလွင်ဆီကို ဖုန်းဆက်တယ်။ မင်းမင်းထွန်းဖုန်းချသွားတာနဲ့ နေဦးလွင်က ရန်ကုန်က ဖုန်းနံပါတ်တစ်ခုကို ချက်ချင်းဆက်တယ်။ အခင်းဖြစ်ပြီးသွားတဲ့နောက်မှာ မင်းမင်းထွန်းက တစ်ခါနေဦးလွင်ကို ဖုန်းထပ်ဆက်တယ်။ နေဦးလွင်ကလည်း ရန်ကုန်ကဖုန်းကို တစ်ခါထပ်ဆက်ပြန်တယ်။ အဲဒီတော့ ရန်ကုန်မှာ ရှိနေတဲ့သူက ဘယ်သူလဲဆိုပြီး ကျွန်တော်စဉ်းစားရပြန်ရော။”

“ဟူး…။ ခင်ဗျားဟာ တဖြည်းဖြည်း ပိုပိုရှုပ်လာတယ်။”

“အခင်းမဖြစ်ခင်လေးမှာ တစ်ခါဆက်တယ်၊ အခင်းဖြစ်ဖြစ်ပြီးချင်းလောက်မှာ တစ်ခါဆက်တယ်ဆိုကတည်းက ဒီရန်ကုန်ကလူဟာ အခင်းဖြစ်တဲ့နေရာနားမှာရှိနေပြီး အခင်းဖြစ်တဲ့အချိန်မှာ အခင်းဖြစ်တဲ့နေရာကနေ ရှောင်ထွက်သွားနိုင်ဖို့ နေဦးလွင်က လှမ်းသတိပေးနေတာလားဆိုပြီး ကျွန်တော်သံသယဖြစ်လာတယ်။”

“အင်း၊ ခင်ဗျားစဉ်းစားတာ အဓိပ္ပာယ်တော့ ရှိသားပဲ။”

“ဒီမှာတင် ကျွန်တော်နောက်ထပ် ဒီအမှုနဲ့ ပတ်သက်ပြီး မသင်္ကာဖြစ်နေတဲ့ နောက်ထပ်အချက်တစ်ချက်က ထပ်ပေါ်လာတာပဲ။”

“ဘယ်အချက်လဲဗျ။”

“ခင်ဗျားမှတ်မိမယ်။ ကျွန်တော်ရယ်၊ ခင်ဗျားရယ်၊ ကိုအုန်းဖေရယ်၊ အခင်းဖြစ်တဲ့အခန်းကို သွားကြည့်တုန်းက သွားတိုက်တံတွေ ကျွန်တော်ယူလာခဲ့တာ။”

“အင်း၊ မှတ်မိတယ်။”

“အဲဒါက ဒီလိုဗျ၊ မြတ်နိုးခင်တို့ အခန်းကို ကျွန်တော်သွားတော့ အိပ်ခန်းထဲက ပစ္စည်းတွေထားတဲ့ပုံစံတို့၊ နောက်ရေခဲသေတ္တာထဲက အစားအသောက်တွေတို့ကိုကြည့်ပြီးတော့ ဒီအိမ်မှာလတ်တလောနေသွားတဲ့သူတွေမှာ မြတ်နိုးခင်တစ်ယောက်တည်း မဟုတ်လောက်ဘူးလို့ ကျွန်တော်ထင်မိတယ်။ အဓိကကတော့ အိပ်ခန်းထဲမှာ ခရီးဆောင် luggage တစ်လုံး ရှိနေတာပဲ။ တစ်ယောက်ယောက်လာပြီးနေသွားတယ်။ စစချင်းကျွန်တော်မှန်းမိတာက မြတ်နိုးခင်နဲ့ဖောက်ပြန်နေတယ်ဆိုတဲ့ သူပဲဖြစ်ရမယ်လို့ ထင်ထားတာ။ အဲဒါနဲ့ပဲ သွားတိုက်တံတွေယူလာတယ်၊ ရေချိုးခန်းရေဆင်းပိုက်မှာ ကပ်နေတဲ့ဆံပင်တွေကို ယူလာလိုက်တယ်။”

“ဘယ်သူလဲဆိုတာ DNA စစ်ကြည့်လို့ရအောင်ပေါ့။”

“အင်း၊ ဟုတ်တယ်။ ဒါပေမယ့် မနေ့ညက အဲဒီပစ္စည်းတွေကနေ DNA ကို စစ်လိုက်တော့၊ ရလာတဲ့ရလဒ်က အံ့အားသင့်စရာ ဖြစ်နေတယ်။”

“ဘယ်လိုဖြစ်လို့လဲ။”

“ဘယ်လိုဖြစ်လဲဆိုတော့ DNA ရလဒ်ကိုကြည့်ရင် အခုအသတ်ခံရတဲ့လူနဲ့ အင်မတန်ကို နီးစပ်တဲ့ဆွေမျိုးရင်းချာတစ်ယောက်ရဲ့ DNA ဆိုတာ သွားတွေ့တယ်။ ရင်းတာမှာ မောင်နှမအရင်းလိုမျိုးကို ဖြစ်ရမယ်ဆိုတဲ့အထိ ရင်းတာပဲ။ ကျွန်တော်က အဲဒီအချိန်အထိကို သတ်ခံရတဲ့သူက မြတ်နိုးခင်ပဲလို့ ယူဆထားတုန်းပဲ။ အဲဒီတော့ သူနဲ့ညီအစ်ကို မောင်နှမတော်နိုင်တဲ့သူတွေကို လိုက်လေ့လာကြည့်တော့ သက်ထားခင်ဆိုတဲ့ အမျိုးသမီးကို သွားတွေ့တာပဲ။”

“အော်၊ အဲဒီနည်းနဲ့ ခင်ဗျားက သက်ထားခင်အကြောင်း သိလာတာပေါ့။”

“အေးပေါ့ဗျာ။ အဲဒီကနေမှတဆင့် သူတို့နှစ်ယောက်ကြားက ပတ်သက်မှုကို ပိုသိလာတယ်။ နောက်တော့ အင်လျားမြိုင်ထဲက ခြံအကြောင်းရောပေါ့။ အဲဒီကနေမှ အမှုက တဖြည်းဖြည်း ရုပ်လုံးပေါ်လာတယ်။”

“ဘယ်လိုပေါ်လာတာတုန်းဗျ။”

“ကျွန်တော်စဉ်းစားကြည့်တယ်။ ဘာလို့နေဦးလွင်နဲ့ မြတ်နိုးခင်တို့ ကွဲနေကြတာလဲပေါ့။ တကယ်ပဲ မြတ်နိုးခင်က ဖောက်ပြန်နေတာလားပေါ့။ ခင်ဗျားသိတဲ့အတိုင်းပဲ၊ မြတ်နိုးခင်ကို သူ့ယောက်ျားက သမုတ်နေတယ်ဆိုတဲ့ ကောင်းကောင်းက ဂေးဖြစ်နေတယ်လေဗျာ။ အဲဒါဆို တကယ်ပဲ မြတ်နိုးခင်က ဖောက်ပြန်နေတာလားပေါ့။ နောက်တစ်ခု ထူးခြားတာက မြတ်နိုးခင် မော်ဒယ်လုပ်တုန်းက သူနဲ့ပတ်သက်ပြီး ထူးခြားချက်တစ်ခုရှိတယ်။ အဲဒါက မြတ်နိုးခင်က ဆံပင်အရမ်းကောင်းတာပဲ။ သူ့ဆံပင်က တော်တော်ကိုလှတယ်၊ ရှည်တယ်။ အဲဒါကြောင့် ဓါတ်ပုံတွေ ရိုက်ပြီဆိုရင် မြတ်နိုးခင်က သူ့ဆံပင်ကို အသားပေးရိုက်တယ်ဗျ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၆ လလောက်မှာ ဆံပင်တွေညှပ်ပစ်ပြီး ပုံပြောင်းလိုက်တယ်။ ပထမတော့ သတိမထားမိပေမယ့်၊ သက်ထားခင်ရဲ့ပုံကို Facebook မှာ မြင်လိုက်ရတော့မှ မြတ်နိုးခင်ညှပ်လိုက်တဲ့ပုံက သက်ထားခင်ညှပ်ထားတဲ့ ဆံပင်ပုံနဲ့ ချွတ်စွတ်ကို တူနေတယ်။ မထူးဆန်းဘူးလား။ ဘာလို့ အစ်မလုပ်တဲ့သူက ညီမလုပ်တဲ့သူရဲ့ ဆံပင်ပုံစံကို လိုက်ညှပ်တာလဲပေါ့။”

“အင်း။ ထူးဆန်းသားပဲ။”

“အဲဒီမှာတင် ကျွန်ေတာ်က ဗိုလ်ကြီးမင်းမင်းထွန်းရဲ့ လူသတ်တဲ့ပုံစံကို သွားသတိရတယ်။ သတ်ပြီးရင် မျက်နှာကို အက်ဆစ်နဲ့ ပက်တတ်တဲ့အကျင့်လေ။ ဘယ်သူဘယ်ဝါရယ်လို့ ခွဲဖို့ခက်သွားတာပေါ့။ အဲဒီမှာတင် ကျွန်တော်စပြီး သံသယဝင်လာတယ်။ အခုအသတ်ခံရတဲ့သူက မြတ်နိုးခင်မှ ဟုတ်ရဲ့လားဆိုပြီးတော့။”

“အဲဒီတော့ ခင်ဗျားဘာလုပ်လဲ။”

“လက်ရှိရှိထားပြီးသား အချက်အလက်တွေကိုပဲ တစ်ခေါက်ပြန်စစ်ကြည့်ပြီး ကိုက်ကြည့်ရတာပေါ့ဗျာ။ အခု DNA ရလဒ်အရဆိုရင် အသတ်ခံရတဲ့သူက ညီအစ်မနှစ်ယောက်တည်းက တစ်ယောက်ဖြစ်မယ်။ ကျွန်တော်တို့ သိထားတဲ့ ဇာတ်ညွှန်းအတိုင်းပြန်ကြည့်ရင် မြတ်နိုးခင်က အသတ်ခံရတာ၊ ကျန်ခဲ့တဲ့သူက သက်ထားခင်ဖြစ်မယ်။ အဲဒီအချက်က ကျွန်တော်တို့ နောက်ထပ်သိထားတဲ့ အချက်တွေဖြစ်တဲ့ နေဦးလွင်က မင်းမင်းထွန်းကို ကတ်ကြေးနဲ့ထိုးတဲ့ကိစ္စ၊ အဲဒီကတ်ကြေးက အခင်းဖြစ်တဲ့အခန်းထဲကိုရောက်နေတာ၊ မြတ်နိုးခင်က သက်ထားခင်ညှပ်တဲ့ဆံပင်ပုံစံမျိုး လိုက်ညှပ်တာ၊ အခင်းမဖြစ်ခင်နဲ့ ဖြစ်ပြီးတဲ့အချိန်တွေမှာ ဗိုလ်ကြီးမင်းမင်းထွန်းက နေဦးလွင်ဆီကို ဖုန်းတွေဆက်တာ၊ နေဦးလွင်ကလည်း ရန်ကုန်မှာရှိတဲ့သူကို ဖုန်းတွေခေါ်တာ၊ ဒီအချက်တွေဟာ စောစောကပြောတဲ့ မြတ်နိုးခင်အသတ်ခံရပြီး၊ သက်ထားခင်ကျန်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရဘူးဖြစ်နေတယ်။”

“အင်း… ဟုတ်တယ်ဗျ။”

“ဒါဖြင့်ပြောင်းပြန်စဉ်းစားကြည့်မယ်။ သေတဲ့သူက သက်ထားခင်ပေါ့။ နေဦးလွင်တို့က သက်ထားခင်ကို သေစေချင်တယ်။ ဒါဆိုရင်တော့ အချက်အလက်တော်တော်များများကိုက်နေတယ်။ ဗိုလ်ကြီးမင်းမင်းထွန်းရဲ့ လူသတ်တဲ့ပုံစံ၊ မြတ်နိုးခင်က သက်ထားခင်ရဲ့ ဆံပင်ပုံစံကို လိုက်ညှပ်တာ၊ ညီအစ်မနှစ်ယောက် အတူရှိနေတဲ့အချိန်မှာ မင်းမင်းထွန်းက သူတို့ဆီလာနေပြီဆိုတာကို မြတ်နိုးခင်ကို နေဦးလွင်က လှမ်းပြီးသတိပေးတာ၊ သက်ထားခင်သေပြီးတဲ့အချိန်မှာ မင်းမင်းထွန်းကို ထိုးလိုက်တဲ့ကတ်ကြေးကို မြတ်နိုးခင်က အခင်းဖြစ်တဲ့နေရာမှာ ပြန်လာထားတာ၊ သက်ထားခင်သေရင် မြတ်နိုးခင်တို့လင်မယားက အင်းလျားမြိုင်ထဲက ခြံကြီးကို အပိုင်ရမယ့်ကိစ္စ။ ဒါတွေအားလုံးက fit ဖြစ်သွားတယ်။”

“အာ… ဟုတ်သားပဲ။”

“နောက်တစ်ခုရှိသေးတာက၊ မြတ်နိုးခင်အခန်းကို ကျွန်တော်စရောက်သွားတော့ ဖုန်တွေတော်တော်များများတက်နေတာ သတိထားမိတယ်။ အထူးသဖြင့် TV စင်ပေါ်မှာတို့၊ ဆက်တီစားပွဲအောက်မှာတို့လို ချောင်ကြိုချောင်ကြားနေရာတွေမှာပေါ့။ အိပ်ခန်းထဲမှာလည်း မလျှော်ရသေးတဲ့အဝတ်တွေက တပုံကြီးပဲ။ အဲဒီတော့ တစ်ပတ်ကို ၃ ရက်၊ သန့်ရှင်းရေးလာလုပ်တဲ့သူ ရှိပါတယ်ဆိုတာတောင်မှ ဒီလောက်ညစ်ပတ်နေရလားပေါ့။ ဒီမှာတင် အိမ်ဖော်လာလုပ်တယ်ဆိုတဲ့ အဒေါ်ကြီးကို ကျွန်တော်သံသယဝင်လာတယ်။ ဗိုလ်ကြီးမင်းမင်းထွန်းကို နေဦးလွင်က ထိုးလိုက်တဲ့ ကတ်ကြေးက ဘယ်လိုပုံစံနဲ့ ရောက်လာတာလဲပေါ့။ ဖြစ်နိုင်ချေအရှိဆုံးက ဒီအဒေါ်ကြီးကပဲ ရက်ကွက်ထဲကလူတွေကို အော်မခေါ်ခင် အလောင်းနားမှာ ချထားခဲ့တာပဲ ဖြစ်နိုင်တယ်။ အခင်းမဖြစ်ခင်က မရှိခဲ့တဲ့ အိမ်ဖော်အဒေါ်ကြီးဆိုတာက အခင်းလည်းဖြစ်ပြီးရော ကျွန်မဒီအိမ်မှာ အိမ်ဖော်လုပ်ပါတယ်ဆိုပြီး ဘွားခနဲပေါ်လာတယ်ဆိုခဲ့ရင် အဲဒီအိမ်ဖော်ဆိုတဲ့သူဟာ မြတ်နိုးခင်ပဲဖြစ်ရတော့မယ်။”

“ဟာဗျာ၊ ခင်ဗျားတွေးတော့လည်း ဟုတ်နေတာပဲ၊ ကိုစံရှားရယ်။”

“ကိုသိန်းမောင်ရယ်၊ ကျွန်တော်ခင်ဗျားကိုပြောသားပဲ။ အမှုတစ်ခုကို စဉ်းစားပြီဆိုရင် အချက်အလက်တွေ အားလုံးကိုစုလိုက်။ ပြီးသွားရင် အဲဒီအချက်တွေထဲကမှ ၁၀၀% မဖြစ်နိုင်တဲ့အချက်တွေကို ဖယ်ထုတ်လိုက်။ အဲဒီလိုဖယ်ထုတ်ပြီးလို့မှ ကျန်နေသေးတဲ့ အချက်တွေဟာ ဘယ်လောက်ပဲ ဖြစ်တန်ချေနည်းနေပါစေ၊ အမှန်တရားဖြစ်ကိုဖြစ်ရမယ်လို့ ကျွန်တော်ပြောခဲ့ပါရောလား။”

“ကဲဗျာ… အဲဒါဆိုရင် အစအဆုံး စီကာပတ်ကုံးဖြစ်အောင် ကျွန်တော့်ကို အစီအစဉ်တကျ ပြန်ပြောပါဦး။ ကျွန်တော့်ခေါင်းထဲ မရှင်းဘူးဖြစ်နေလို့။”

“ဒီလိုဗျ၊ နေဦးလွင်ဖွင့်ထားတဲ့ ၄၆ လမ်းက ဆေးခန်းက သူတစ်ယောက်တည်းအပိုင် မဟုတ်ဘူး။ သူနဲ့တခြားသူတွေ စပ်တူဖွင့်ကြတဲ့ ဆေးခန်းပဲ။ နောက်ပိုင်းကြတော့ ဆေးခန်းမှာ ပြဿနာဖြစ်လာတယ်။ အဓိကကတော့ ဝေစုမတည့်တာပေါ့ဗျာ။ ကျန်တဲ့သူတွေက ထွက်မယ်ဆိုပြီးလုပ်တော့ နေဦးလွင်က အဲဒီလူတွေ စိုက်ထားတဲ့ပိုက်ဆံတွေကို ပြန်ပေးပြီးတော့ ဆေးခန်းကို အမ်းယူရမယ့် အဖြစ်မျိုး ဖြစ်လာတယ်။ အဲဒီတော့ လတ်တလောမှာ ပိုက်ဆံတွေပြန်အမ်းနိုင်ဖို့ အနည်းဆုံးအဆင့် ဘဏ်မှာငွေချေးချင်တယ်ဆိုရင် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း အပေါင်ပြဖို့လိုတယ်။ သူတို့ကျောက်မြောင်းတိုက်ခန်းကို ပေါင်ရုံလောက်နဲ့တော့ ဒီငွေကို မလောက်ဘူး။ အဲဒီအခါမှာ နေဦးလွင်ရော၊ မြတ်နိုးခင်ဆီမှာပါ အကြံတစ်ခုရလာတယ်။ မြတ်နိုးခင်နဲ့ အမွေဆိုင်ဖြစ်နေတဲ့ သက်ထားခင်ကို ရှင်းပစ်လိုက်နိုင်ရင် ဒီအင်းလျားမြိုင်ထဲကခြံကို သူတို့အပိုင်စီးရနိုင်မယ်လို့ မြင်လာကြတယ်။”

“အား… တယ်ကြောက်ဖို့ကောင်းတာပဲ။”

“သက်ထားခင်ကိုသာ ရှင်းလိုက်နိုင်ရင် တစ်လတစ်လ အိမ်ခလချည်းပဲ သိန်းရာချီရနေတဲ့ ခြံကြီးကိုလည်း အပိုင်ရမယ်။ အဲဒီခြံကို ပေါင်ပြီးတော့ အစုစပ်ဝင်ထားတဲ့သူတွေကို ငွေပြန်အမ်းနိုင်ရင် ဆေးခန်းကိုလည်း အပိုင်ရမယ်။ ဘယ်လိုနည်းနဲ့မဆို သပိတ်ဝင်၊ အိတ်ဝင်ချည်းပဲ။ ဒါပေမယ့် ပြဿနာက သူတို့ကိုယ်တိုင် သူတို့လက်နဲ့ မသတ်ပဲ၊ သက်ထားခင်ကို ရှင်းပစ်ရမယ့် ကိစ္စဗျ။ ဒီနေရာမှာ ဗိုလ်ကြီးမင်းမင်းထွန်းက ဝင်လာတယ်။ ကလောလူသတ်မှုကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ဗိုလ်ကြီးမင်းမင်းထွန်းက သူ့ရဲ့စိတ်ရောဂါကြောင့် ဒီလိုပြစ်မှုတွေ ကျူးလွန်မိနေတယ်ဆိုတာကိုသိလို့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်နဲ့ ပြဖြစ်သွားတယ်။ အဲဒီဆရာဝန်က နေဦးလွင်ရဲ့ သူငယ်ချင်းဖြစ်နေတယ်။ နေဦးလွင်က သူ့သူငယ်ချင်းကနေတဆင့် ဗိုလ်ကြီးမင်းမင်းထွန်းအကြောင်းတွေကို သိလာတဲ့အခါမှာ အကြံရသွားတယ်။ သက်ထားခင်ကို သူတို့ကိုယ်တိုင်သတ်မယ့်အစား၊ မင်းမင်းထွန်းကို ကြားကနေသတ်ခိုင်းမယ်ဆိုပြီး ဖြစ်လာတယ်။”

“တော်တော်ဆိုးတဲ့လင်မယားပဲဗျာ။”

“ဗိုလ်ကြီးမင်းမင်းထွန်းသည် အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးတွေကို မုန်းတယ်။ နောက်သူ့ရဲ့ လူသတ်တဲ့အလေ့အထကလည်း ဟိုလင်မယားကောင်းစားဖို့ ဖြစ်သွားတာပေါ့။ ဒီလူက လူကိုဓါးနဲ့ထိုးပြီးရင် မျက်နှာကို အက်ဆစ်နဲ့ပက်လိုက်တော့ ရုတ်တရက်၊ ဘယ်သူဘယ်ဝါဆိုပြီး ခွဲဖို့ခက်သွားတာပေါ့ဗျာ။ အဲဒါကြောင့် သူတို့လင်မယားက နေဦးလွင် မသိအောင် မြတ်နိုးခင်က အပြင်မှာ ဖောက်ပြန်နေတယ်ဆိုပြီး ပတ်ဝန်းကျင်မှာ သတင်းလွှင့်လိုက်တယ်။ ကောင်းကောင်းဆိုတဲ့ ဂေးကောင်လေးကို အသုံးချပြီး သူတို့ရဲ့ လုပ်ကြံဇာတ်လမ်းကို လူတွေပိုယုံလာအောင်လုပ်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ သက်ထားခင်နဲ့တူလာအောင် မြတ်နိုးခင်က လုပ်ထားတယ်။ နေဦးလွင်ကလည်း သာမန်လူပုံစံနဲ့ ဗိုလ်ကြီးမင်းမင်းထွန်းကို ချဉ်းကပ်တယ်။ နောက်ပိုင်းပိုပိုပြီး ရင်းနှီးလာချိန်မှာ သူကစိတ်ရောဂါကုဆရာဝန်ပါဆိုပြီး ထုတ်ပြောမယ်။ မင်းမင်းထွန်းကလည်း နေဦးလွင်ကို ပိုပြီးကြည်ညိုလာမယ်။ အစပိုင်းမှာတော့ နေဦးလွင်က မင်းမင်းထွန်းအတွက် တကယ့်ကုထုံးဆေးတွေ ပေးလိမ့်ဗျ။ ဒါပေမယ့်နောက်ပိုင်းမှာတော့ သူ့အပေါ်မှာ မြတ်နိုးခင်က သစ္စာဖောက်တဲ့အကြောင်း၊ ကောင်လေးငယ်ငယ်လေးနဲ့ တွဲနေတဲ့အကြောင်းတွေ မင်းမင်းထွန်းအရှေ့မှာ ပြောပြတယ်။ သက်ထားခင်ရဲ့ဓါတ်ပုံကိုလည်း မြတ်နိုးခင်ဓါတ်ပုံဆိုပြီးတော့ ပြထားသေးတယ်။”

“အင်း၊ ဆက်ပြောပါဦး။”

“အခင်းမဖြစ််ခင် တစ်ပတ်လောက်မှာ မင်းမင်းထွန်းရဲ့ စိတ်ရောဂါက တော်တော်လေး ပြန်ဖောက်လာပုံပဲ။ အဲဒီအချိန်ကတည်းက နေဦးလွင်က မင်းမင်းထွန်းကို နောက်ယောင်ခံလိုက်နေလိမ့်မယ်။ အခင်းဖြစ်ဖို့ ၃ ရက်အလိုကြတော့ နေဦးလွင်က အကြံရသွားတယ်။ မြတ်နိုးခင်ကို သတ်တဲ့သူဟာ မင်းမင်းထွန်းပဲဆိုတာ လုံးဝကျိန်းသေသွားစေမယ့် အကြံမျိုးပေါ့။ မင်းမင်းထွန်းက ညဘက်အိပ်မရလို့ လမ်းထွက်လျှောက်တယ်။ အဲဒီမှာ နေဦးလွင်က နောက်ကနေလိုက်သွားတယ်။ လူပြတ်တဲ့နေရာနားလည်းရောက်ရော၊ နေဦးလွင်က အနားရှိမှာရှိတဲ့ convenience store ထဲကိုဝင်ပြီး ကတ်ကြေးတစ်လက် ပြေးဝယ်တယ်။ မင်းမင်းထွန်းက လူသတ်လက်နက်အနေနဲ့ ဓါးကိုသုံးမယ်ဆိုတာသိထားတော့ သူကကတ်ကြေးကိုဝယ်တာပဲ။ ပြီးသွားတော့ အမှောင်ရိပ်ခိုပြီး မင်းမင်းထွန်းကို နောက်ကနေ ကတ်ကြေးနဲ့ထိုးပြီးတော့ ထွက်ပြေးသွားတယ်။ အဲဒါကြောင့် မင်းမင်းထွန်းက သူ့အနာကိုဆေးဖို့ အဲဒီဆိုင်ထဲကိုပဲပြန်ဝင်ပြီး အရက်ပုလင်းသွားဝယ်တာ။”

“ဪ… အဲဒီလိုလား။”

“ဗိုလ်ကြီးမင်းမင်းထွန်းရဲ့ ရောဂါကအတော်လေး ရင့်လာတယ်ဆိုတာကိုသိတော့ မြတ်နိုးခင်က သူ့ညီမဖြစ်တဲ့ သက်ထားခင်ကို ရန်ကုန်ကို ပြန်ခေါ်လိုက်တယ်။ ယောက်ျားနဲ့ကွဲသွားလို့ ခဏအဖော်လာလုပ်ပေးပါ ဆိုပြီးတော့ပေါ့။ ဒီနေရာမှာလည်း အဲဒီလင်မယား ကံကောင်းတာက သက်ထားခင်ကို မြင်ဖူးတဲ့သူက လူနည်းစုပဲ။ အင်မတန်ရင်းနှီးတဲ့သူတွေလောက်ပဲ မြင်ဖူးကြတယ်။ သက်ထားခင်က များသောအားဖြင့် တရားရိပ်သာတွေမှာလှည့်ပြီး တရားအားထုတ်နေတတ်တဲ့သူ။ ညီအစ်မတွေကလည်း အတော်လေးရုပ်ချင်းဆင်တယ်၊ ကိုယ်လုံးကိုယ်ပေါက်လည်း တူကြတယ်။ သက်ထားခင်ရောက်လာတဲ့အချိန်မှာ နေဦးလွင်က မင်းမင်းထွန်းကို ပိုပြီးစိတ်ဓါတ်တွေ ကျလာအောင်၊ ပိုပြီးဒေါသတွေ ဖြစ်လာအောင် ဆွပေးနေတယ်။ မင်းမင်းထွန်းရဲ့ အလောင်းကို autopsy လုပ်ကြည့်တော့ သူ့ကိုယ်ထဲမှာ စတီးရွိုက်တွေ တော်တော်မြင့်နေတယ်။

“စိတ်ကျရောဂါသမားက စတီးရွိုက်နဲ့ တည့်မှမတည့်တာ။”

“ဒီနေရာမှာ အတိအကျ မပြောနိုင်ပေမယ့် ကျွန်တော်မှန်းကြည့်လို့ရတာ တစ်ခုက ဗိုလ်ကြီးမင်းမင်းထွန်းက သူ့ကိုကတ်ကြေးနဲ့ ထိုးသွားတဲ့သူဟာ နေဦးလွင်ဆိုတာကို မသိဘူး။ အဲဒီအချိန်တုန်းက အပြင်မှာအတော်လေး လူပြတ်ပြီး မှောင်နေလိမ့်မယ်နဲ့တူတယ်။ အဲဒီတော့ ဗိုလ်ကြီးမင်းမင်းထွန်းက ဒဏ်ရာရလာမယ်။ ဒဏ်ရာကို အရက်နဲ့ဆေးထားပြီး နောက်နေ့အထိ စောင့်မယ်။ ပြီးတော့မှ နေဦးလွင်က သူ့ကိုလာတွေ့တဲ့အခါကြမှာ သူ့အနာကို ပြမယ်ပေါ့။ နေဦးလွင်နဲ့ သူနဲ့တွေ့တဲ့ အချိန်မှာ နေဦးလွင်က အနာကိုအကြောင်းပြပြီး ဗိုလ်ကြီးမင်းမင်းထွန်းကို Anabolic steroid တစ်မျိုးမျိုးကို ထိုးပေးခဲ့ပုံပဲ။ ခင်ဗျားလည်း သိတာပဲ။ စိတ်ကျရောဂါသမားတွေအတွက် စတီးရွိုက်တွေက ဘယ်လောက်ပိုဆိုးအောင် လုပ်နိုင်လဲဆိုတာ။ လူကပိုပြီး ဒေါသတွေထွက်လာမယ်၊ မကျေနပ်တာတွေ ပိုများလာမယ်ပေါ့။”

“ဟာဗျာ၊ အတော်ကိုဆိုးတာပဲ။ ဆေးပညာဟာ လူဆိုးတွေလက်ထဲရောက်သွားရင် လူသတ်လက်နက်အနေနဲ့ကို သုံးလို့ရတာပဲဗျာ။”

“နေဦးလွင် နေပြည်တော်ရောက်ပြီး နောက်တစ်နေ့မှာပဲ၊ မင်းမင်းထွန်းက လုံးဝအသိတရားမဲ့သွားပြီ။ နေဦးလွင်ဆီကို ဖုန်းဆက်ပြီး၊ မြတ်နိုးခင်ကို သူသတ်မယ်လို့ ပြောလိုက်တယ်။ မင်းမင်းထွန်းဆီက ဖုန်းရပြီးတဲ့အခါကြတော့ နေဦးလွင်က မြတ်နိုးခင်ကို လှမ်းအကြောင်းကြားတယ်။ အဲဒီမှာပဲ မြတ်နိုးခင်က သက်ထားခင်ကို သူကိစ္စရှိလို့ ခဏအပြင်သွားမယ်၊ မကြာဘူး၊ သူ့ယောက်ျားနဲ့ ပတ်သက်တဲ့ မိတ်ဆွေတစ်ယောက် အိမ်လာဖို့ရှိတယ်၊ ပြန်မလွှတ်ပဲနဲ့ ခဏစောင့်ခိုင်းထားပါလို့ ပြောခဲ့ပြီး သူကရှောင်ထွက်သွားတယ်။ တကယ်တမ်း မင်းမင်းထွန်းလာတဲ့အခါမှာ သက်ထားခင်က မြတ်နိုးခင်ပြောထားတဲ့ လူပဲလို့ထင်ပြီး အေးအေးဆေးဆေးပဲ တံခါးဖွင့်ပေးတယ်၊ ရေတွေဘာတွေတောင် တိုက်လိုက်သေးတယ်။ ဒါပေမယ့် သက်ထားခင်ကို မြတ်နိုးခင်လို့ ထင်နေတဲ့ မင်းမင်းထွန်းက သက်ထားခင်ကို သတ်လိုက်တော့တာပဲ။”

“ဝဋ်ကြွေးပေါ့ဗျာ။ အတိတ်က အကုသိုလ်ပေါ့။ သက်ထားခင်က ဒါတောင်ဒီဘဝမှာ ဒီလောက်တရားတွေ အားထုတ်ပြီး နေလာခဲ့လို့သာရယ်ပဲ။”

“မင်းမင်းထွန်းက သက်ထားခင်ကို သူသတ်ပြီးပြီလို့ နေဦးလွင်ကို ဖုန်းဆက်ပြီးပြောတော့ နေဦးလွင်ကလည်း မြတ်နိုးခင်ကို ဖုန်းပြန်ဆက်ပြီး သက်ထားခင် သေသွားပြီဆိုတာကို ပြောလိမ့်မယ်။ မြတ်နိုးခင်က အဲဒီနေ့က ချက်ချင်းအိမ်မပြန်ဘူး။ အဲဒီနေ့ညက ဟိုတယ်တို့ဘာတို့မှာ သွားအိပ်တယ်နဲ့တူတယ်။ နောက်တစ်နေ့မနက်ကြတော့မှ အိမ်ဖော်အဒေါ်ကြီးလို ပြင်ဆင်ပြီး သူ့အိမ်ကိုပြန်တယ်။ မြတ်နိုးခင်က အရင်တုန်းက ရုပ်ရှင်တွေဘာတွေ ရိုက်ဖူးတာ ရှိတယ်လေ။ ခင်ဗျားမှတ်မိလား။ အဲဒီတော့ဗျာ၊ မိတ်ကပ်သုံးပြီး ရုပ်ချတာတို့၊ အသက်ကြီးအောင်လုပ်တာတို့က သူ့အတွက် သိပ်မဆန်းဘူးပေါ့။ အိမ်ရောက်ပြီလည်းဆိုရော၊ နေဦးလွင် နေပြည်တော်မသွားခင် သူ့ကိုပေးသွားတဲ့ ဗိုလ်ကြီးမင်းမင်းထွန်းရဲ့ သွေးတွေစွန်းနေတဲ့ ကတ်ကြေးကို သက်ထားခင်အလောင်းဘေးမှာ ချထားလိုက်တာပဲ။ အဲဒီလိုဆိုတော့ မြတ်နိုးခင်လို့ သူတို့လိမ်ထားတဲ့ သက်ထားခင်ကို သတ်တဲ့သူဟာ မင်းမင်းထွန်းပဲလို့ ငြင်းမရအောင် ဖြစ်သွားတယ်။ အမှန်တော့ ကျွန်တော်တို့လို စုံထောက်တွေ၊ ရဲတွေကို တရားခံတစ်ယောက် ပေးလိုက်တာပဲ။ ဒီကတ်ကြေးကြောင့်မို့လို့ လူသတ်တရားခံဟာ မင်းမင်းထွန်းဖြစ်တယ်၊ အသတ်ခံရပြီးမှ မျက်နှာကို အက်ဆစ်နဲ့ ပက်ခံရတာတို့၊ ညီအစ်မနှစ်ယောက် ချွတ်စွပ်တူတဲ့ ဆံပင်ပုံစံတို့၊ သက်ထားခင်ကို လူတော်တော်များများက ရင်းရင်းနှီးနှီး မမြင်ဖူးကြတာတို့ ပေါင်းလိုက်ပြီး၊ အခုအသတ်ခံရတာက မြတ်နိုးခင်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံသွားပြီဆိုရင် သူတို့အကြံက လုံးဝအောင်မြင်သွားပြီပဲ။”

“တော်တော်ကို အကွက်စေ့တာပဲဗျ။ လူသတ်မှုမလုပ်ပဲ တခြားကောင်းရာကောင်းကျိုး လုပ်မယ်ဆိုရင်တောင် ဒီလောက်ကောင်းတဲ့ အကြံမျိုး ဒီလူတွေ ထွက်ပါ့မလားဗျာ။”

“သက်ထားခင်လည်း မြတ်နိုးခင်အဖြစ်နဲ့ သေသွားပြီ။ တရားခံဖြစ်တဲ့ မင်းမင်းထွန်းကိုလည်း အခင်းဖြစ်တဲ့ညက နေဦးလွင်က brain wash လုပ်လိုက်လို့ နောက်တနေ့ကြတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီ။ သူတို့စီစဉ်ထားတဲ့အတိုင်း အားလုံးကွက်တိဖြစ်သွားတယ်ပေါ့ဗျာ။ အသတ်ခံရတဲ့သူလည်းသေ၊ သတ်တဲ့သူလည်းသေ၊ ကျွန်တော်တို့လည်း အမှုပိတ်လိုက်ရရောပေါ့။ အဲဒီအချိန်ကြမှ အခုအိမ်ဖော်အဒေါ်ကြီးဆိုပြီး ရုပ်ဖျက်ထားတဲ့ မြတ်နိုးခင်က သူ့ညီမ သက်ထားခင်ပါဆိုပြီး လူကြားထဲ ပြန်ထွက်လာမယ်။ လူတွေကလည်း သက်ထားခင်ကို ကောင်းကောင်းမမြင်ဖူးကြတာရော၊ နောက်တစ်ခါ မြတ်နိုးခင်က ဟန်ေဆာင်ကောင်းတာရောကြောင့် သူတို့ပြောတာကို ယုံကြလိမ့်မယ်။ အဲဒီအခါကြရင် ဒီအင်းလျားမြိုင်ခြံရဲ့ ပိုင်ဆိုင်မှုတစ်ဝက်က သေသွားတဲ့မြတ်နိုးခင်ရဲ့ယောက်ျားဖြစ်တဲ့ နေဦးလွင်ကရမယ်။ ကျန်တဲ့တစ်ဝက်ကိုတော့ သက်ထားခင်ကပဲဆက်ပိုင်မှာဖြစ်တဲ့အတွက် သက်ထားခင်အယောင်ဆောင်ထားတဲ့ မြတ်နိုးခင်က ပိုင်သွားမယ်။ ပြီးရင်ခဲအိုကို ညီမက ပြန်ယူတယ်ဆိုပြီး သက်ထားခင်အယောင်ဆောင်ထားတဲ့ မြတ်နိုးခင်က နေဦးလွင်ကို ပြန်ယူလိုက်ရင် ၃ နှစ်လောက်အတွင်းမှာ သူတို့လင်မယားက ဘာဆိုဘာမှမလုပ်လိုက်ရပဲ သိန်းပေါင်း ၆ သောင်း၊ ၇ သောင်းရှိတဲ့ မြေကွက်ကြီးကို ပိုင်သွားကြလိမ့်မယ်။”

“အာပါပါး… တယ်လည်း အကြံပိုင်တဲ့ လင်မယားပါလားဗျာ။ ကိုစံရှားရေ ခင်ဗျားလိုလူမျိုးသာ မရှိလို့ကတော့ ဒီလိုအမှုမျိုးကို ဘယ်သူမှဖော်နိုင်မှာမဟုတ်ဘူး။ အင်မတန်အကြံကြီးသလောက် ပိရိတဲ့လင်မယားပဲဗျာ။ ခင်ဗျားရှိလို့သာရယ်ပဲ။”

“ကျွန်တော်ပြောပါတယ်။ ဒုစရိုက်ဉာဏ်မှာ အင်မတန်တော်တဲ့ လင်မယားပါလို့။ မနေ့ကတောင် ကြည့်ပါလား။ မြတ်နိုးခင်က အိမ်ဖော်အဒေါ်ကြီးပုံမျိုး လုပ်လာတာ ကျွန်တော်လိုလူမျိုးကိုတောင် လှည့်စားလိုက်နိုင်တယ်။ ဒုစရိုက်မှုမှာတော့ အင်မတန်ထူးချွန်တဲ့သူတွေပဲ။ အမှုက ကျွန်တော်ပြောခဲ့သလို ရှင်းရှင်းလေးလို့ ထင်ရပေမယ့် အင်မတန်တွေးရတဲ့ အမှုမျိုးပဲ။ ဒါပေမယ့်လည်းလေ ကျွန်တော်ကလည်း ဒါမျိုးအမှုမျိုးမှ လိုက်ချင်တာကိုး။”

“သတင်းစာတွေကတော့ ဒီအမှုဖော်နိုင်လို့ ခင်ဗျားကို ဝိုင်းချီးကျူးကြမှာပဲ။”

“နေပါစေဗျာ၊ ကိုအုန်းဖေကို အမှုအကြောင်း စောစောက ခင်ဗျားကို ပြောသလိုပဲ ပြောပြပြီးသွားပြီ။ သတင်းထောက်တွေကို ဖြေတာတော့ သူပဲလုပ်ပါလိမ့်။”

“ဟင်… ဒါဖြင့်၊ လူတွေက ဒီအမှုကို ခင်ဗျားဖော်လိုက်နိုင်တယ်ဆိုတာ ဘယ်သိကြတော့မလဲ။”

“မသိလည်း ဘာဖြစ်လဲဗျာ။ ကျွန်တော်က နာမည်လိုချင်လို့ လုပ်နေတာမှ မဟုတ်တာ။ အခုလိုဉာဏ်ကလေးသုံးပြီး နေလိုက်ရမှ နေသာထိုင်သာရှိပြီး အယားပြေသွားလို့သာရယ် လုပ်နေတာ။ ကဲ… ကိုသိန်းမောင်ရေ၊ တစ်မှုတော့ ပြတ်ပြီဗျာ။ ကျွန်တော့်အစ်ကိုကြီးကိစ္စကို လုပ်ဦးမှပဲ။ လောလောဆယ်တော့ နည်းနည်းဉာဏ်ရွှင်သွားအောင် အစားကောင်း၊ အသောက်ကောင်းလေးစားရမယ်။ ခင်ဗျားအိမ်နားက လှည်းတန်းလမ်းထဲမှာ ဆီချက်ဆိုင်ရှိတယ်ဗျ။ အဲဒီမှာ ကော်ရည်ခေါက်ဆွဲတို့၊ ဘဲသားသုပ်တို့ ကောင်းကောင်းရတယ်။ ကံလမ်းက လျှာဂျွမ်းပြန်လောက် မကောင်းဘူးဆိုပေမယ့် သူလည်းသူ့ဟာနဲ့သူတော့ လမ်းမတော်တစ်ဝိုက်မှာ အကောင်းဆုံးပဲ။ ပြီးတော့မှ Junction Mawtin က ရွှေပုလ္လင်မှာ လက်ဖက်ရည်လေးဘာလေး သွားသောက်ကြတာပေါ့။”လို့ပြောပြီး ထိုင်ရာကထ၊ အခန်းထဲကနေ ထွက်သွားတာမို့ ကျွန်တော့်မှာ သူ့ကိုနောက်ကနေ အမီလိုက်ရပြန်တာပါပဲ။

♦♦♦

လှည်းတန်းလမ်းက ဆီချက်ဆိုင်မှာထိုင်စားရင်း နေဦးလွင်တို့လင်မယားအမှုအကြောင်းကို ကိုစံရှားနဲ့ပြန်ပြီး စမြုံ့ပြန်ပြောဖြစ်ကြတယ်။ ဆိုင်ပိုင်ရှင်အစ်မကြီးက အရမ်းသဘောကောင်းတာပဲ။ ကော်ရည်စားရင်း အရည်ကုန်သွားရင် အဆစ်ထပ်ထည့်ပေးသေးတယ်။ ကော်ရည်ခေါက်ဆွဲစားပြီးလို့ Junction Mawtin က ရွှေပုလ္လင်မှာ လက်ဖက်ရည်သောက်ကြမယ်ဆိုပြီး အနော်ရထားလမ်းအတိုင်းလျှောက်လာရင်း လမ်းသစ်လမ်းကို ဖြတ်ကူးကြတယ်။

လမ်းကူးနေရင်းမှာကိုပဲ ကိုစံရှားက ဆေးလိပ်ကိုမီးညှိနေလို့ ကျွန်တော့်နောက်မှာ ခြေလှမ်း ၅ လှမ်းစာလောက် ပြတ်ကျန်ခဲ့တယ်။ ဝူးခနဲအသံတစ်ချက်ကြားလိုက်လို့ ကမ်းနားလမ်းဘက်ကို လှမ်းကြည့်လိုက်တော့ အနက်ရောင်ကားတစ်စီးက ကမ်းနားလမ်းဘက်ကနေ လမ်းသစ်လမ်းအတိုင်း အရှိန်နဲ့မောင်းတက်လာပြီး လမ်းကူးရင်း ဆေးလိပ်မီးညှိနေတဲ့ ကိုစံရှားဆီကို တည့်တည့်ကြီး ဦးတည်လာနေတယ်။

အန္တရာယ်တစ်ခုခုဆိုရင် အူထဲ၊ အသည်းထဲကကို သိနေအောင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့ အတွေ့အကြုံတွေက ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားကို ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေကို ပိတ်ဆို့ပစ်လိုက်ပြီး ကျင့်သားကိုက်လုပ်ဆောင်မှုတွေ၊ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေရဲ့ အလိုလျောက်တုံ့ပြန်မှုဆိုင်ရာ အစိတ်အပိုင်းတွေဆီကို လျှပ်စစ်အချက်ပြမှုတွေ ရောက်ရှိသွားချိန်မှာတော့ Adrenaline က ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး နှလုံးက ရှိသမျှအင်အားနဲ့ သွေးတွေကို သွေးလွှတ်ကြောတလျှောက် အင်တိုက်အားတိုက်ကို ညှစ်လွှတ်လိုက်တယ်။

လက်ထဲကိုင်ထားတဲ့ တုတ်ကောက်ကို လွှင့်ပစ်လိုက်ပြီး ကိုစံရှားရှိတဲ့ဆီကို တန်းတန်းမတ်မတ် ပြေးသွားလိုက်ရင်း ရှိသမျှအားအကုန်နဲ့ ဝင်ဆောင့်ပစ်လိုက်တယ်။ တစ်စက္ကန့်ရဲ့ အပုံတစ်သန်းပုံတစ်ပုံဟာ တစ်ကမ္ဘာလောက်ကြာတယ်ကို ထင်ရတဲ့ အခိုက်အတန့်ပဲ။ နောက်တော့ ခန္ဓာကိုယ်တစ်ခုလုံး သိမ့်သိမ့်တုန်သွားတဲ့ ခံစားချက်တစ်ခုကို ရလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အရာရာက မည်းမှောင်သွားတော့တယ်။

♦♦♦

မျက်လုံးကိုဖွင့်ဖို့ ကြိုးစားပေမယ့် မျက်စိရှေ့တည့်တည့်ရောက်နေတဲ့ အလင်းရောင်စူးစူးကြောင့် အတင်းကို မျက်လုံးပြန်မှိတ်ထားလိုက်ရတယ်။ လည်ချောင်းထဲ ပူပူလောင်လောင်ကြီး ဖြစ်နေလို့ ရေတစ်ခွက်လောက် သောက်ရရင် ကောင်းမှာပဲလို့ တွေးမိပြီး လက်တွေကို ရေခွက်ရှိမယ်လို့ ထင်တဲ့ဆီ လှမ်းမိတော့…

“ဟေ့လူ၊ သတိရပြီလား။ သိပ်မလှုပ်နဲ့ဦး။”ဆိုတဲ့ အင်မတန်မှ ဩဇာသံပါတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။ အစွမ်းကုန်အားယူပြီး မျက်လုံးကို ဖွင့်ကြည့်တော့ အလင်းရောင်စူးစူးထဲမှာ ခပ်ဝါးဝါး လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

“ကျွန်တော်ပါးစပ်မှာ ပိုက်တပ်ပေးမယ်။ ဖြည်းဖြည်းချင်းစုပ်သောက်။”လို့ အသံရှင်က ပါးစပ်မှာ ပိုက်တစ်ခုလာတပ်ပေးတယ်။ ရေကိုတဖြည်းဖြည်းချင်းစုပ်သောက်ရင်း ခေါင်းထဲမှာပြန်ပြီး မူးနောက်နောက်ဖြစ်လာတယ်။ မျက်လုံးကို ဖွင့်ဖို့ကြိုးစားပေမယ့် ဘာကိုမှ သည်းသည်းကွဲကွဲ မမြင်ရဘူး။ အလင်းရောင်တွေချည်းပဲ မျက်လုံးထဲမှာ ဝေဝေဝါးဝါး မြင်နေရတယ်။ မျက်လုံးကို ပြန်မှိတ်ပြီး အသက်ကို ကြိုးစားပြီး မှန်မှန်ရှူနေရင်းကနေ အရာအားလုံးက နောက်တစ်ကြိမ် မှောင်မိုက်သွားပြန်တယ်။

♦♦♦

နားထဲမှာ “ဝူးဝူး”ဆိုတဲ့အသံတွေ ကြားလာရပြန်တယ်။ အားယူပြီးမျက်လုံးကိုဖွင့်တော့ ဝိုးတိုးဝါးတားအရိပ်တွေထဲမှာ ကိုစံရှားရဲ့ အရိပ်ကို မြင်လိုက်ရတယ်။

“ဟေ့လူ၊ ကိုသိန်းမောင်။ သတိရပြီလား။ အရမ်းမလှုပ်နဲ့။ ခင်ဗျားဆီးပိုက်တပ်ထားရတယ်။ ခဏလေး ငြိမ်နေဦး”လို့ပြောတာနဲ့ အိပ်ယာကနေ ကုန်းပြီးထလိုက်ချင်တဲ့စိတ်ကို မနည်းထိန်းထားလိုက်ရတယ်။ မျက်စိကိုမှိတ်၊ အသက်မှန်မှန်ရှူရင်း၊ စိတ်ကိုအတတ်နိုင်ဆုံး ငြိမ်အောင်ထားရတယ်။ ပြီးတော့မှ

“ရေ… ရေ…။” တကယ်ကတော့ “ရေပေးပါ”လို့ ပြောချင်တာပဲ။ ဒါပေမယ့် ရေဆိုတဲ့တစ်လုံးကလွဲပြီး ဘာမှမပြောနိုင်ဘူး ဖြစ်နေတယ်။ ခဏနေတော့ ပိုက်တစ်ချောင်းက နှုတ်ခမ်းဝကိုရောက်လာပြီး အမျိုးသမီးအသံတစ်သံက

“ပိုက်နဲ့တပ်ပေးထားတယ်။ ဖြည်းဖြည်းစုပ်သောက်။ မသီးစေနဲ့။”လို့ပြောလာလို့ ဖြည်းဖြည်းပဲ စုပ်သောက်ရတယ်။ ဒီတစ်ခါတော့ ပါးစပ်ထဲ ရေဝင်သွားတဲ့အချိန်မှာ ခေါင်းကနည်းနည်းကြည်လာတယ်။ မျက်လုံးထဲမှာ ဝေဝါးနေတာတွေက တဖြည်းဖြည်း ပြတ်ပြတ်သားသားဖြစ်လာတယ်။ ခဏနေတော့ ကျွန်တော့်ကို ရေတိုက်နေတဲ့ သူနာပြုဆရာမလေးကိုရော၊ အနားမှာရပ်ပြီး စောင့်နေတဲ့ ကိုစံရှားရဲ့ မျက်နှာကိုပါ ထင်ထင်ရှားရှား မြင်လာရတယ်။ ရေသောက်လို့ဝလို့ ပါးစပ်ထဲကပိုက်ကို လျှာနဲ့တွန်းထုတ်လိုက်တယ်ဆိုရင်ပဲ သူနာပြုဆရာမလေးက

“တော်ပြီလား၊ သောက်ဦးမလား။”လို့မေးတယ်။ ခေါင်းခါပြဖို့ ကြိုးစားတော့ ခေါင်းထဲက ရိတ်ခနဲဖြစ်ပြီး နားထင်က တဆစ်ဆစ်နာလာတယ်။

“ခဏလေး၊ ဒီအတိုင်းနေဦးနော်။ ဆရာဝန်ကြီးကို သွားခေါ်လိုက်ဦးမယ်”လို့ပြောရင်း သူနာပြုလေးက အနားက ထွက်သွားတော့မှ ကိုစံရှားက

“ကိုသိန်းမောင်ရာ၊ မသေကောင်းမပျောက်ကောင်း။ ဘယ်လိုလုပ်လိုက်တာလဲဗျာ။ ခင်ဗျားဗျာ။ ကျွန်တော့်ကိုယ်စားဝင်ပြီး ကားတိုက်ခံရတယ်လို့”ဆိုပြီး အားမလိုအားမရဖြစ်တဲ့လေသံနဲ့ ပြောတာကို ကြားလိုက်တယ်။

ကျွန်တော်ဘာမှပြန်မပြောနိုင်ဘူး။ ကိုစံရှားရဲ့ မျက်နှာကိုပဲ ငေးကြည့်နေမိတယ်။

♦♦♦

“ကဲ… ဘယ်လိုလဲဗျ။ ဒီနေ့တော့ အတော်ကြီးကို လန်းလန်းဆန်းဆန်း ဖြစ်နေတာပဲ။”လို့ပြောရင်း ကိုစံရှားက အခန်းထဲကို ပြုံးပြုံးရွှင်ရွှင်နဲ့ဝင်လာတယ်။ ဆေးလိပ်နံ့တွေ တထောင်းထောင်းနံနေတဲ့ ကိုစံရှားတစ်ယောက် အခန်းထဲဝင်လာပြီဆိုတာနဲ့ ထုံးစံအတိုင်းပဲ သူနာပြုလေးက နှာခေါင်းကိုရှုံ့ပြီး အခန်းထဲက ကမန်းကတမ်းကို ထွက်သွားလေရဲ့။

“အေးဗျာ၊ လူတွဲနဲ့ဆိုရင်တော့ ကိုယ့်ဟာကိုယ် အိမ်သာသွားလို့ရနေပြီ။ ဆီးပိုက်ဖြုတ်လိုက်ပြီ။”

“တော်သေးတာပေါ့ဗျာ။ ခေါင်းလေးနည်းနည်းအက်သွားရုံလောက်မို့လို့။ နောက်ဆိုအဲဒါမျိုးတွေ မလုပ်စမ်းပါနဲ့။ ကျွန်တော့်မှာ အိပ်လို့တောင်မရဘူး။ ငါ့အတွက် ငါ့မိတ်ဆွေတစ်ယောက် ဒီလိုဖြစ်ရတယ်ဆိုပြီး တနုံ့နုံ့နဲ့ ဒေါသထွက်လွန်းလို့။”ဆိုပြီး ကိုစံရှားက အပြစ်တင်တဲ့လေသံနဲ့ ပြောနေပေမယ့် သူ့နှုတ်ခမ်းတွေက ပြုံးနေတယ်။

“ထားပါဗျာ။ ခင်ဗျားကို ကျွန်တော်မေးစရာရှိတယ်။ အဲဒီလူတွေက ခင်ဗျားကို အသေဆိုပြီးတော့ကို လုပ်တာဗျ။ ကျွန်တော်သာ ခင်ဗျားကို အချိန်မီတွန်းမထုတ်လိုက်ရင် သူတို့မောင်းလာတဲ့ အရှိန်နဲ့ဆို ခင်ဗျားအသေပဲ။”

“တကယ်ဆို ကျွန်တော်မှ မဟုတ်ဘူး။ ခင်ဗျားလည်း သေသွားနိုင်တယ်။ ကိုသိန်းမောင်၊ ကျွန်တော့်ကို ကတိပေးစမ်းပါ။ နောက်ကို ဒါမျိုး မလုပ်ပါဘူးလို့။”

“အေးပါဗျာ။ ခင်ဗျားက ကတိပေးဆိုလည်း ပေးပါတယ်။ ဒါနဲ့ အဲဒီလူတွေက ဘယ်သူတွေလဲဗျ။”

“ခင်ဗျားကို ကျွန်တော်အေးအေးဆေးဆေး ရှင်းပြမယ်။”ဆိုပြီး နီးစပ်ရာ ခုံတစ်လုံးကိုဆွဲပြီး ဝင်ထိုင်တယ်။

“ဟိုကားက အရှိန်နဲ့ မောင်းချလာတော့ ခင်ဗျားက ကျွန်တော့်ကို အရှိန်နဲ့လှမ်းတွန်းဖို့လုပ်တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း ဂျပန်အာခီဒိုကို နည်းနည်းပါးပါး လေ့လာထားတဲ့သူဆိုတော့ ကိုယ့်ကိုအရှိန်နဲ့လာတွန်းတယ်ဆိုတာနဲ့ ရုတ်တရက် သတိဝင်ပြီး ခင်ဗျားကိုချုပ်ပြီး အလိုက်သင့်လဲချလိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး လုံးထွေးပြီး လဲကျသွားလို့ ကားက ကျွန်တော်တို့ကို မတိုက်မိတော့ဘူး။ ခင်ဗျားကတော့ ကိုယ့်အရှိန်ကိုယ်လွန်ပြီး ကတ္တရာလမ်းနဲ့ဆောင့်မိလို့ ဦးခေါင်းခွံအက်သွားတယ်ပေါ့ဗျာ။ ခင်ဗျားလဲကျကျသွားချင်းချင်း ခင်ဗျားကိုခေါ်ကြည့်တော့ ခင်ဗျားကသတိမေ့နေပြီ။ အဲဒါနဲ့ ကျွန်တော်လည်း အနီးဆုံးမှာရှိတဲ့ ဗဟိုရ်စည်ဆေးရုံကို ပို့ရတယ်။ ဟိုကြတော့မှ ဓါတ်မှန်ရိုက်ကြည့်တော့ ခေါင်းကအက်နေတယ်။ အဲဒါနဲ့ ဆေးရုံကြီး အရေးပေါ်ကို တင်ရတာပေါ့ဗျာ။ ဆေးရုံကားရဖို့တို့ ဘာတို့က ကိုအုန်းဖေတို့ ဝိုင်းကူညီကြတယ်။ ခင်ဗျားကို ဆေးရုံမှာထားခဲ့ပြီး ကျွန်တော်လည်း လမ်းမတော်ရဲစခန်းသွား၊ အမှုတွေဘာတွေ ဖွင့်ရတယ်ပေါ့။”

“ဘယ်သူလုပ်တယ်ဆိုတာ သိပြီလားဗျ။ ခင်ဗျားကို သေစေချင်လောက်အောင် ဘယ်သူတွေက လုပ်တာလဲ။”

“ကျွန်တော်လည်း စဉ်းစားကြည့်တယ်။ နောက်တော့မှ သတိရတာက ကျွန်တော့်အစ်ကိုကြီး ကိုစံထွားခိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်နေမလားလို့ သံသယဖြစ်လာတယ်။ အဲဒီအချိန်မှာ ခင်ဗျားက သတိလုံးဝမရဘူးဖြစ်နေတယ်။ ကျွန်တော်လည်း ပိုပြီးဒေါသထွက်လာတယ်။ ခင်ဗျားကို လုပ်တဲ့ကောင်တွေကို မမိမိအောင် ဖော်မယ်ဆိုပြီး တတ်ထားမှတ်ထားသမျှ နည်းလမ်းအကုန်လုံးနဲ့ အဲဒီဟိုရှေ့နေကြီးရဲ့ ကွန်ပျူတာကို ကလိတော့တာပဲ။”

“ဖော်လို့ရော ရပြီလားဗျ။”

“အမှန်က ကျွန်တော်တို့က မျက်စိလျှမ်းနေတာဗျ။ ရှေ့နေကြီးက အင်မတန်ဉာဏ်ပြေးတဲ့လူပဲ။ သူဖွက်ချင်တာကို ကျွန်တော်တို့ မျက်စိအောက်ကလေးမှာတင် ဖွက်ထားတာ။”

“ဘယ်လိုလဲဗျ။”

“Exif ဆိုတဲ့ နည်းပညာတစ်ခုကို ခင်ဗျားကြားဖူးလား။”

“ဟင့်အင်း၊ မကြားဖူးဘူး။”

“အခုခေတ်ကင်မရာတွေ၊ အထူးသဖြင့်တော့ ဖုန်းကင်မရာတွေပေါ့။ သူတို့မှာက GPS ပါလာတတ်တယ်။ ခင်ဗျားဓါတ်ပုံတစ်ပုံ ရိုက်လိုက်ရင် ဘယ်နေရာမှာ ရိုက်ထားတယ်ဆိုတာကို လောင်ဂျီတွဒ်၊ လတ္တီတွဒ် coordinates တွေနဲ့ ထည့်မှတ်ထားတယ်။ ဓါတ်ပုံထဲမှာကိုပဲ ရိုက်လိုက်တဲ့ ကင်မရာအမျိုးအစား၊ ရိုက်တဲ့အချိန်၊ ရိုက်တဲ့နေရာ၊ ရိုက်တဲ့ Angle ထောင့်တွေ စသဖြင့်ပေါ့ဗျာ။ အချက်အလက်တွေ မှတ်ထားပေးတယ်။ အဲဒီလိုမှတ်ပေးတဲ့ နည်းပညာကို Exchangeable image file format ဆိုပြီး အတိုကောက် Exif လို့ခေါ်တယ်ဗျ။”

“အင်း၊ ဆက်ပြောဦးဗျာ။”

“အဲဒီလို Exif နဲ့ information တွေကို သိမ်းထားခြင်းအားဖြင့် ဘာကောင်းလဲဆိုတော့ ဥပမာ ခင်ဗျားက ၃ နှစ်လောက်အတွင်းမှာ မန္တလေးကို အကြိမ်ကြိမ်သွားဖြစ်တယ်၊ ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်ဆိုရင် အခုနောက်ပိုင်းထွက်တဲ့ Gallery တွေမှာက location အလိုက် စီလို့ရတာတွေပါတယ်။ အဲဒီတော့ မန္တလေးမှာ ရိုက်ထားတဲ့ပုံဆိုရင် ဘယ်အချိန်တုန်းကပဲ ရိုက်ထားထား၊ မန္တလေးမှာရိုက်ထားသမျှ ပုံအားလုံးကို တစ်နေရာထဲမှာ မြင်ရတယ်ပေါ့။ သူ့အလိုလျောက်ကို စီပေးနိုင်တာ။”

“တော်တော်ဆန်းတာပဲဗျ။ အဲဒါနဲ့ ရှေ့နေ့ကြီးကိစ္စနဲ့က ဘယ်လိုပတ်သက်တာလဲ။”

“ရှေ့နေကြီးရဲ့ laptop ထဲက ပုံတွေက ရိုက်ချင်တိုင်း ရိုက်ထားတဲ့ပုံတွေမဟုတ်ဘူး။ ဒီနေရာမှာ ရိုက်ကိုရိုက်ရမယ်ဆိုပြီး စနစ်တကျ သတ်မှတ်ထားတဲ့ပုံတွေ။ သူရဲ့ လောင်ဂျီတွဒ်၊ လတ္တီတွဒ်တွေအတိုင်း အတိအကျရိုက်ရထားတာ။ ဥပမာဗျာ၊ Folder တစ်ခုထဲကို ဝင်လိုက်လို့ ထိပ်ဆုံးနံပါတ်တစ်ပုံသည် ပါကစ္စတန်က လာဟိုးမြို့နားက တက္ကသိုလ်တစ်ခုနားမှာ ရိုက်ထားတာ။ သူ့ရဲ့ လတ္တီတွဒ်၊ လောင်ဂျီတွဒ်ကိုကြည့်လိုက်ရင် 31 25 2 N / 74 10 39 E ဆိုပြီး ဖြစ်နေမယ်။ ၃၁ နဲ့ ၇၄ ပေါင်းရင် ၁၀၅ ရမယ်။ ၂၅ နဲ့ ၁၀ ပေါင်းရင် ၃၅ ရမယ်။ ၂ နဲ့ ၃၉ ပေါင်းရင် ၄၁ဆိုပြီးရမယ်။ အဲဒီတော့ ပြန်စဉ်လိုက်ရင် 105 35 41 ဆိုပြီး ထွက်လာမယ်။ ဒုတိယတစ်ပုံကိုကြည့်ရင် 29 41 13 N / 81 14 29 E ဆိုပြီး ဖြစ်နေမယ်။ ၂၉ နဲ့ ၈၁ ပေါင်းရင် ၁၁၀ ရမယ်။ ၄၁ နဲ့ ၁၄ ပေါင်းရင် ၅၅ ဆိုပြီးရမယ်။ ၁၃ အပေါင်း ၂၉ ဆိုရင် ၄၂ ဖြစ်မယ်။ အဲဒီတော့ ပြန်စဉ်လိုက်ရင် 110 55 42 ဆိုပြီး ရလာမယ်ပေါ့။”

“အဲဒီဂဏန်းတွေက ဘာလုပ်လို့ရလဲဗျ။”

“ကျွန်တော်လည်း အစကတော့ မမှန်းတတ်ဘူး။ ဒါပေမယ့် ဘာထူးခြားတာသွားတွေ့လဲဆိုတော့ ရှေ့နေကြီးရဲ့ Email ကို ကျွန်တော်ဖွင့်လို့ရသွားတယ်။ အဲဒီမှာ ရှေ့နေကြီးက သူနိုင်ငံခြားမှာရှိနေတုန်း စာအုပ်တစ်အုပ်ဝယ်တယ်။ စာအုပ်ဆိုင်ကနေ ငွေရှင်းပြီးကြောင်းပြေစာနဲ့ delivery note ပို့ပေးလိုက်တယ်။ သူဝယ်တာက The Encyclopaedia of Islam Index ဆိုတဲ့စာအုပ်။ စာမျက်နှာ ၅၀၀ ကျော်နဲ့ အထူကြီးပဲ။ အမှန်တော့ဗျာ ဒီ The Encyclopaedia of Islam ဆိုတာ တကယ့်ကို ထူထဲလေးနက်တဲ့ စွယ်စုံကျမ်းစာအုပ်ကြီးဗျ။ အတွဲပေါင်း ၁၂ တွဲရှိတယ်။ တစ်တွဲတစ်တွဲမှာ စာမျက်နှာ ထောင်နဲ့ချီပြီပါတယ်။ အဲဒီစွယ်စုံကျမ်းနဲ့ တွဲဖက်လေ့လာဖို့ဆိုပြီး နောက်ထပ်စာအုပ်အတွဲ ၃ တွဲထပ်ထွက်တယ်။ supplement တွေ၊ ရှင်းလင်းချက်တွေ၊ နောက်အနှစ်ချုပ်စွယ်စုံကျမ်းတွေပေါ့ဗျာ။ အဲဒီထဲမှာ ဒီ The Encyclopaedia of Islam မှာပါတဲ့ မူလပုဒ်ရင်းတွေကို ဘယ်ပုဒ်ရင်းနဲ့ ပတ်သက်ပြီးလေ့လာချင်ရင် ဘယ်ပုဒ်တွေမှာ သွားကြည့်ရမယ်ဆိုတဲ့ အညွှန်း Index ကို သပ်သပ် ကျမ်းအတွဲတစ်တွဲအနေနဲ့ထွက်ထားတယ်ဗျ။”

“ဟာ… အဲဒါဆို ဒီစွယ်စုံကျမ်းက အတော်ကို ရှုပ်ထွေးတာပဲ။”

“ရှုပ်ထွေးတာလဲ မပြောနဲ့ဗျ။ အစ္စလမ်ဘာသာနဲ့ ပတ်သက်လို့ ပညာရပ်နယ်ပယ်မှာ ခိုင်ခိုင်မာမာ ကိုးကားချင်ရင် ဒီကျမ်းကပဲ ကိုးကားရတာ။ စကော်လာတွေ၊ ပညာရှင်တွေ အသုံးအများဆုံးကျမ်းပဲ။ ဒါပေမယ့် ဒီကျမ်းက အင်မတန်စျေးကြီးတယ်ဗျ။ တစ်စုံစာ အပြည့်အစုံဝယ်မယ်ဆိုရင် ဒေါ်လာသောင်းဂဏန်းရှိတယ်။ သောင်းဂဏန်းမှ တော်တော်များတဲ့ သောင်းဂဏန်း။ လူတစ်ယောက်က သူ့ကိုယ်ပိုင်အနေနဲ့ ဝယ်စုထားဖို့ဆိုတာ စျေးကြီးလွန်းတယ်။ စာကြည့်တိုက်တို့ဘာတို့လောက်မှာပဲ ရည်ညွှန်းစာပေအနေနဲ့ ထားတတ်တာမျိုး။ အဲဒါနဲ့ ကျွန်တော်လည်း ရှေ့နေကြီးအိမ်ကို လိုက်သွား၊ သူ့မိသားစုဆီမှာ ခွင့်တောင်းပြီး ရှေ့နေကြီးရဲ့ စာအုပ်တွေကို သွားကြည့်တော့၊ ကျွန်တော်ထင်တဲ့အတိုင်းပဲ ဒီစွယ်စုံကျမ်းတွေ ရှေ့နေကြီးဆီမှာ ရှိမနေဘူး။ ဒါဆိုရင်ဗျာ။ မူရင်းပုဒ်ရင်းဖွင့်ဆိုချက်တွေ မရှိမှတော့ အညွှန်းစာအုပ်ကြီးပဲသပ်သပ် ဘာလုပ်ဖို့ ဝယ်တာလဲပေါ့။”

“အေးဗျ။ စိတ်ဝင်စားစရာပဲ။”

“အဲဒီမှာ ကျွန်တော် ဘာသွားသတိရလဲဆိုတော့ ကျွန်တော့်အစ်ကို ပြောခဲ့တာရှိတယ်။ ဒီကွန်ပျူတာထဲမှာ ရှိတာက အကြမ်းဖက်အဖွဲ့အစည်းတွေက လူတွေရဲ့ နာမည်တွေဆိုတာပဲ။ စွယ်စုံကျမ်းဆိုတာမျိုးက နာမည်တွေ အများကြီး ပါနေတာမျိုးလေ။ ဒါပေမယ့် နာမည်တွေချည်းပဲ သိရဖို့က ခင်ဗျားစွယ်စုံကျမ်း တစ်အုပ်လုံး ဝယ်စရာမလိုဘူး။ အညွှန်း Index လောက်ကို ဝယ်ထားရုံပဲ။ ဥပမာဗျာ၊ မြန်မာပြည်နဲ့ဆိုင်တဲ့ စွယ်စုံကျမ်းဆိုပါတော့။ ခင်ဗျားက ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကို ရှာချင်တယ်ဆိုရင် အညွှန်းမှာ ရှာလိုက်ရုံပဲ။ အဲဒီတော့မှ စွယ်စုံကျမ်းထဲမှာ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုတို့၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတို့၊ ဗမာပြည်ကွန်မြူနစ်ပါတီတို့၊ တို့ဗမာအစည်းအရုံးတို့၊ ဖဆပလတို့၊ အဲဒီလို ဆောင်းပါးတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပါတယ်ဆိုပြီး အညွှန်းကျမ်းထဲမှာ ညွှန်းထားလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်းတို့၊ ဖဆပလပါတီအကြောင်းတို့ သိစရာမှမလိုတာ။ အဲဒီတော့ အညွှန်းကိုဖတ်ရုံပဲ၊ စွယ်စုံကျမ်းအပြည့်အစုံဝယ်စရာမလိုတော့ဘူး။”

“အင်း… အဲဒီတော့ ဒီစာအုပ်နဲ့က ဘယ်လိုပတ်သက်လဲ။”

“ခင်ဗျားကို ကျွန်တော်စောစောက ပြောခဲ့တဲ့နံပါတ်အတွဲတွေ ရှိတယ်မဟုတ်လား။ 105 35 41 တို့၊ 110 55 42 တို့။ ထိပ်ဆုံးနံပါတ်က စာမျက်နှာနံပါတ်ပဲ၊ ဒုတိယက စာကြောင်းရေ၊ တတိယက စာလုံးအရေအတွက်ပဲ။ ဥပမာ 105 35 41 ဆိုရင် စာမျက်နှာ ၁၀၅၊ စာကြောင်းရေ ၃၅၊ စာလုံးရေ ၄၁ ကို ပြောတာပဲ။ အဲဒီစာလုံးက ဥပမာ Muhammad ဆိုပါတော့၊ 110 55 42 ဆိုရင် စာမျက်နှာ ၁၁၀ စာကြောင်းရေ ၅၅ စာလုံးရေ ၄၂ ကို ပြောတာပဲ။ ဥပမာ Yunus ပဲ ထားပါတော့။ ဒါဆိုရင် ပုံနံပါတ် ၁ သည် မိုဟာမတ်ဆိုတဲ့ စာလုံးကို ရည်ညွှန်းတယ်။ ပုံနံပါတ် ၂ သည် ယူနွတ်ဆိုတာကို ရည်ညွှန်းတယ်။ ပုံနံပါတ် ၃ ကကြတော့ အဲဒီလူရှိနေတဲ့ အနီးစပ်ဆုံးနေရာကို ရည်ညွှန်းတယ်။ ဥပမာ လာဟိုးမြို့က ပုံဆိုရင် ဒီမိုဟာမတ်ယူနွတ်သည် ပါကစ္စတန်၊ လာဟိုးမြို့မှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။”

“ဒါဆိုရင် ခင်ဗျား၊ အဲဒီလူတွေ အားလုံးကို ဖော်နိုင်သွားပြီပေါ့။”

“အဲဒီလိုပဲ ပြောပါတော့ဗျာ။ ဒါပေမယ့် တကယ်တန်းမှာ ပုံစုစုပေါင်းက ၁ သောင်းခွဲလောက်ရှိတဲ့။ ပုံတိုင်းကိုတော့ ကျွန်တော်ဘယ်ဖော်နိုင်မလဲ။ အဲဒီတော့ ကျွန်တော့်အစ်ကိုကို ဖော်နည်းပြောပြလိုက်တာပေါ့။ သူတို့ရုံးကလူတွေက အခုအဲဒါတွေကို ဖော်ထုတ်နေကြမယ်ပေါ့။ ဒါကအချိန်အရမ်းယူတယ်ဗျ။”

“ဒါပေမယ့်လည်းဗျာ၊ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံကို ဖျက်လိုဖျက်ဆီးလုပ်မယ့်လူတွေ၊ ဒီလူတွေ ဘယ်မှာရှိနေတယ်ဆိုတာတွေကို သိထားရတယ်ဆိုရင် လောလောဆယ်မှာ စောင့်ကြည့်ထားပြီး တစ်ခုခုဆို ကိုယ်က လက်ဦးမှုရအောင် ယူလို့ရတာပေါ့။ အရမ်းကောင်းတာပဲဗျာ။ ခင်ဗျားဒီကိစ္စကို ဖော်နိုင်လိုက်လို့သာပဲ။”

“အေးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲတော့ တကယ်မကျေနပ်သေးဘူးဗျ။”

“ဘာကို မကျေနပ်တာလဲ။”

“ကျွန်တော်တို့ကို ကားနဲ့တိုက်တဲ့သူကို ဖမ်းလို့မမိသေးတာကို မကျေနပ်တာပေါ့ဗျာ။”

“အဲ… အဲဒါနဲ့ပြောပါဦး။ အဲဒီလူက ဘယ်သူလဲဗျ။ ခင်ဗျားကို ဘာလို့ကားနဲ့ တိုက်သတ်ရတာလဲ။”

“ဒီကိစ္စကို ကျွန်တော်ဖော်နေတယ်ဆိုတာလည်းသိရော၊ ကျွန်တော်ကို အပြတ်ရှင်းဖို့ လုပ်တာပေါ့ဗျာ။ ခင်ဗျားက ဝင်ကူလိုက်တော့ သူတို့လုပ်လို့မရဘူး ဖြစ်သွားတယ်။ ဒါကိုလုပ်တဲ့သူက ဓာတုဗေဒပါမောက္ခကြီး ဦးထွန်းဖေဆိုတာပဲဗျ။ ဒီလူက အင်မတန်တော်တဲ့သူ။ ဥရောပတို့၊ အရှေ့အလယ်ပိုင်းတို့၊ အိန္ဒိယတို့၊ တရုတ်ပြည်တို့က နာမည်ကြီးတက္ကသိုလ်ကြီးတွေမှာတောင် ဧည့်ပါမောက္ခအနေနဲ့ သုတေသနတွေ လုပ်ဖူးတဲ့သူ။ ဓာတုဗေဒပညာနယ်ပယ်မှာတော့ အရမ်းနာမည်ကြီးပဲ။ ဒါပေမယ့် တစ်ဘက်ကမှာက ဒုစရိုက်မှုမှန်သမျှ အကုန်လုပ်တယ်။ ရှေးဟောင်းပစ္စည်းတွေ၊ မူးယစ်ဆေးဝါး၊ သစ်တွေ၊ ကျောက်မြတ်ရတနာတွေကို မှောင်ခိုလုပ်တယ်။ လက်နက်တွေကို အိန္ဒိယတို့၊ မြန်မာတို့၊ ဖိလစ်ပိုင်တို့၊ ဘင်္ဂလားဒေ့ရှ်တို့မှာ အရောင်းအဝယ်လုပ်တယ်။ ကမ္ဘာပေါ်မှာ တရားမဝင်လက်နက်အများဆုံး ကိုင်တဲ့နိုင်ငံက လက်ဘနွန်ပဲဗျ။ ဦးထွန်းဖေက အရှေ့အလယ်ပိုင်းမှာ သူ့လူတွေရှိတဲ့အခါကြတော့ လက်နက်ငယ်တွေ အများကြီး အဲဒီဘက်မှာ အရောင်းအဝယ်လုပ်တယ်။ အာဖရိကမှာလည်း ဆင်စွယ်တွေကို နိုင်ငံခြားခိုးထုတ်တာတွေ လုပ်သေးတယ်။ အခုလည်း ကျွန်တော်တို့ နိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို လက်နက်တွေ အရောင်းအဝယ်လုပ်ပေးနေတာက ဒီဦးထွန်းဖေဆိုတဲ့လူရဲ့ လက်ချက်ပဲ။ ဘာသာရေးအစွန်းရောက် မဟုတ်ဘူးဆိုပေမယ့် ပိုက်ဆံသာရမယ်ဆိုရင် ဘနဖူးသိုက်တူးရမယ်ဆိုရင်တောင် မျက်နှာတစ်ချက် မရွံ့တဲ့ တကယ့်ဒုစရိုက်သမားကြီးပဲ။ အစိုးရထဲမှာလည်း သူ့သူလျှိုတွေ၊ ဒလံတွေဆိုတာ ခြေချင်းကိုလိမ်နေတာ။ ကျွန်တော့်အစ်ကို ကိုစံထွားတို့လည်း ဒီလူ့ကို နောက်ကြောင်းလိုက်ပြီး အပိုင်မိအောင် စောင့်ဖမ်းနေတာဆိုပေမယ့် အခုအထိ ပိုင်ပိုင်နိုင်နိုင် မကိုင်နိုင်သေးဘူး ဖြစ်နေတယ်။”

“အား… အတော်ကြီးကြောက်ဖို့ကောင်းတဲ့သူပဲဗျာ။”

“တကယ်လို့ ကျွန်တော်သာ သူတို့ကွန်ယက်တွေက လူတွေကို ဖော်ထုတ်နိုင်လိုက်ရင်၊ နောက်ပိုင်း လက်နက်တွေ တရားမဝင် သွင်းဖို့၊ ရောင်းဖို့ ဆိုတဲ့နေရာမှာ အခက်အခဲတွေ ရှိလာမယ်ဆိုတာ သိထားလို့ ကျွန်တော့်ကို အသေပဲဆိုပြီး လုပ်တာပေါ့ဗျာ။ ဒီလူနဲ့ ကျွန်တော်နဲ့ တွေ့ဦးမှာပါ။ တစ်ကွေ့မကြုံ၊ တစ်ကွေ့တော့ ကြုံဦးမှာပဲ။ ကဲ… ခင်ဗျားလည်း နားဦးဗျာ။ ကျွန်တော်လည်း အပြင်ထွက်ပြီး ဆေးလိပ်သောက်လိုက်ဦးမယ်”လို့ ပြောပြီး ကိုစံရှားတစ်ယောက် အခန်းထဲက ထွက်သွားပေမယ့် ကျွန်တော်ကတော့ သူ့ကျောကို လှမ်းကြည့်နေမိတယ်။ ဆံပင်တွေ ကို့ရို့ကားယားနဲ့ ခေါင်းထဲက ၃ ပေါင်လောက်ပဲလေးတဲ့ ဒီလူ့ရဲ့ဦးနှောက်ထဲကနေ ဒီလောက်ရှုပ်ထွေးတဲ့ အမှုတွေကို ဖော်နိုင်ဖို့ အကြံဉာဏ်တွေ ဘယ်လိုထွက်လာတာပါလိမ့်လို့ တစ်ယောက်တည်း စဉ်းစားနေမိတော့တာပါပဲ။

sign

Giacomo

24th. Feb. 2017

fb.com/sithu.giacomo

fb.com/giacomo.writer

maungg.wordpress.com

PDF နဲ့ Offline Download လုပ်ပြီးတော့ ဖတ်ချင်ကြသူတွေအတွက်

goo.gl/MnHQLa

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s