Donald Trump ရဲ့ အိမ်ဖြူတော်သို့ ခရီးစဉ် (Part-1)

မိတ်ဆက်

ဒီစာအုပ်ကို ကျွန်တော်နဲ့ တွဲရေးတဲ့ Larry Schweikart က Trump ရဲ့ အောင်ပွဲကို “အမေရိကန်သမိုင်းမှာ အံ့အားသင့်စရာအကောင်းဆုံး ရွေးကောက်ပွဲ”လို့ ပြောပါတယ်။ Larry က သူဘာပြောချင်တယ်ဆိုတာ သူကိုယ်တိုင်နားလည်တဲ့သူပါ။
Larry သည် ကောလိပ်တွေမှာ စာသင်တဲ့၊ တကယ့် အံ့ချီးဘွယ်ရာ သမိုင်းသုတေသနတွေကို လုပ်ခဲ့တဲ့၊ ရောင်းအားအကောင်းဆုံး လူကြိုက်များတဲ့ သမိုင်းစာအုပ်တွေ အများအပြား ရေးခဲ့တဲ့ ပရော်ဖက်ရှင်နယ် သမိုင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။ နောက်သူက အမေရိကန်သမ္မတတွေ၊ အထူးသဖြင့် ၁၉ ရာစုက သမ္မတတွေအကြောင်း အများအပြားရေးခဲ့ပြီး၊ အခုအခါမှာတော့ ၂၀၁၆ ခုနှစ်အတွင်း Donald J. Trump တစ်ယောက် အမေရိကန်ရဲ့ သမ္မတဖြစ်လာစေတဲ့ အံ့အားသင့်စရာ ဖြစ်ရပ်တွေအကြောင်း သမိုင်းဆိုင်ရာ သုံးသပ်ပြတာတွေကို ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။
သူကိုယ်နှိုက်က Trump ရဲ့ အစဉ်အလာတွေကို ချိုးဖျက်ခဲ့တဲ့ ကမ်ပိန်းမှာ လူကိုယ်တိုင် ပါဝင်ခဲ့သူဖြစ်ပြီး၊ စေတနာ့ဝန်ထမ်း လေ့လာဆန်းစစ်သူ အစုအဖွဲ့မှာ တစ်ဦးအနေနဲ့ ပါဝင်ခဲ့ကာ ရွေးကောက်ပွဲညအထိ Trump organization အတွက် အဓိကကျတဲ့ပြည်နယ်တွေ က အချက်အလက်တွေကို လေ့လာဆန်းစစ်ပေးတဲ့သူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ Larry နဲ့ သူ့မိတ်ဆွေတွေဟာ ရွေးကောက်ပွဲနေ့မတိုင်ခင် ရက်သတ္တပတ်ပေါင်း များစွာကတည်းကကိုပဲ၊ Trump အေနနဲ့ ဖေလာ်ရီဒါ၊ ပင်ဆယ်ဗေးနီးရား၊ Midwest မှာရှိတဲ့ အဓိကပြည် နယ်တွေမှာ အနိုင်ရဖို့ရှိနေပြီး အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတဖြစ်လာလိမ့်မယ်ဆိုတာကို ကြိုသိနေခဲ့ကြပါတယ်။
ရွေးကောက်ပွဲညမှာတော့ အဲဒီအချိန်က Trump မဲဆွယ်မှုအဖွဲ့ရဲ့ CEO အနေနဲ့ တာဝန်ယူထားတဲ့ Breitbart News သတင်းဌာနက ကျွန်တော့်ဆရာဟောင်းဖြစ်တဲ့ Stephen K. Bannon ဆီကို Larry တို့ ရောက်လာကြပါတယ်။ အဲဒီအချိန်က အစောပိုင်းမဲရလဒ်တွေကို ရေတွက်နေချိန်ဖြစ်ပြီး Hillary Clinton က အသာစီးရနေချိန်ပါ။ Larry က Stephen ကို ဒီမဲရလဒ်တွေက ဒီမိုကရက်တွေကပဲ အဓိကစုပြုံပေးနေတဲ့ အစောပိုင်းရလဒ်တွေပဲဖြစ်ပြီးတော့ ရွေးကောက်ပွဲနေ့မှာမှပေးတဲ့ အနီရောင်မဲတွေ တပြုံကြီးရလာဖို့ ရှိသေးတယ်လို့ ခိုင်ခိုင်မာမာကိုပဲ ပြောခဲ့ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာကို သူ့တို့ခန့်မှန်းနိုင်ခဲ့တာ၊ လေ့လာဆန်းစစ်နိုင်ခဲ့တာဟာ လူတွေသိရကြားရတဲ့ ပြင်ပရွေးကောက်ပွဲသတင်းမျိုး မဟုတ်ပါဘူး။ ဒါဟာ ပြည်ဖုံးကားနောက်ကွယ်မှာ ရှိနေတဲ့ အခြေအနေမျိုးဖြစ်ပြီး သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။
Trump မဲဆွယ်ပွဲကန်ပိန်းရဲ့ နောက်ဆုံးနှစ်ပတ်လောက်မှာ အမေရိကန်တခွင် လှည့်ပြီးတော့ မဲဆွယ်ပွဲတွေကို တောက်လျှောက် သတင်းပေးနေရင်းမှာ Trump ရဲ့ မဲဆွယ်လှုပ်ရှားမှုသည် သမ္မတ Reagan လက်ထက်ကတည်းက ကွန်ဆာဗေးတစ်ပါတီ ထောက်ခံသူတွေ မျှော်လင့်နေတဲဲ့၊ ရင်ထဲအသည်းထဲက တောင့်တနေတဲ့ ကွန်ဆာဗေးတစ်ဝါဒ၊ တစ်ခါကျွန်တော်တို့ အတော်များများက Tea Party လှုပ်ရှားမှုကနေ ပေါ်ပေါက်လာမယ်လို့ ထင်ခဲ့ဖူးတဲ့ တကျော့ပြန်ကွန်ဆာဗေးတစ်ဝါဒတွေနဲ့ တူညီတာလည်းရှိ၊ ကွဲပြားသည်လည်းရှိတဲ့ လှုပ်ရှားမှုမျိုးကို ဘယ်လိုပေါ်ပေါက်လာစေခဲ့သလဲဆိုတာကို အသေအချာစဉ်းစားနေမိပါတယ်။ Larry ရဲ့ လေ့လာဆန်းစစ်ချက်ဟာ ဒီမေးခွန်းနဲ့ ပတ်သက်လို့ အဖြေအချို့ကို ပေးပါတယ်။ သူက Donald Trump သည် ခေတ်ဟောင်းအေမရိကန် ကွန်ဆာဗေးတစ်ဝါဒကို ခေတ်မီဆန်းသစ်ထားတာပဲ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ ဒီခေတ်ဟောင်းအေမရိကန် ကွန်ဆာဗေးတစ်ဝါဒဆိုတာဟာ သမ္မတ Reagan က ဖော်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ကျွန်တော်တို့လို အမျိုးသားရေးဝါဒီခေတ်လွန် မျိုးဆက်တွေက အစပြုပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ကွန်ဆာဗေးတစ်ဝါဒကို ဆိုလိုတာပါပဲ။ လက်ရှိရှိနေတဲဲ့ ပါတီစနစ်ဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီးကြာနေအောင် နိုင်ငံရေးအရ အရေးပါတဲ့ ပြဿနာတွေမှာ ဆွေးနွေးငြင်းခုန်မှုတွေကို ပိတ်ပင်ထားတဲ့၊ အမေရိကန်ပြည်သူတွေကို မိမိကိုယ်မိမိ အုပ်ချုပ်ထိန်းကြောင်းနိုင်စွမ်းကို ပိတ်ပင်ထားတဲ့ စနစ်မျိုးဖြစ်နေပြီး၊ Trump ရဲ့ အောင်မြင်မှုဟာ ဒီစနစ်ကို ဖယ်ရှားပစ်မယ့် တတိယမြောက် အေမရိကန် ပါတီစနစ်မျိုး ဖြစ်လာနိုင်ချေ ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ အချက်တွေကိုလည်း Larry က ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ မဲဆွယ်ပွဲရဲ့ နောက်ဆုံးနေ့တွေမှာ ကျွန်တော်လေ့လာခဲ့တဲ့ သိန်းနဲ့ချီတဲ့ Trump ထောက်ခံသူတွေ၊ ဒါဇင်နဲ့ချီတဲ့ ကျွန်တော်အင်တာဗျူးလုပ်ခဲ့သူတွေက မြင်နေတဲ့ အချက်လည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်နဲ့ဆုံခဲ့တဲ့ Trump ထောက်ခံ သူတွေကို မေးကြည့်တဲ့အခါ သူတို့ထောက်ခံနေတဲ့ သမ္မတလောင်းဟာ ပြီးပြည့်စုံသူ မဟုတ်ဘူးဆိုတာကို လက်ခံထားကြပါတယ်။ မီဒီယာတွေက တစ်ခုပြီးတစ်ခု ပြောနေတဲ့ မကောင်းသတင်းတွေ အများအပြားကိုလည်း သူတို့သိနေနှင့်ပြီးသား ဖြစ်သလို၊ တစ်ခါပြိုပျက်လိုက်၊ ပြန်ပေါ်ပေါက်လာလိုက် ဖြစ်နေရတဲ့ မျှော်လင့်ချက်ဟာလည်း မဲဆွယ်ပွဲကို အတွင်းကနေ လှိုက်စားပြီး ပြိုလဲတော့မလို ဖြစ်နေတာကို သဘောပေါက်ထားကြပါတယ်။ ဒါပေမယ့် Trump ဟာ လူထုအနေနဲ့ သူတို့ကိုယ်ပိုင် ကံကြမ္မာကို သူတို့ဖန်တီးနိုင်မယ့်၊ အကျင့်ပျက် အီလိတွေရဲ့ လက်အောက်ကနေ ရုန်းထွက်ပြီး သူတို့အစိုးရကို သူတို့ကိုယ်တိုင် ထိန်းချုပ်ထားနိုင်မယ့် သမိုင်းဝင်အခွင့်အလမ်းမျိုး ကို ကမ်းလှမ်းခဲ့သလို၊ Trump ထောက်ခံသူတွေဘက်ကလည်း ဒါကိုကျေကျေနပ်နပ်ပဲ ဖမ်းဆုပ်ယူခဲ့ကြပါတယ်။
—Joel Pollak

***

၂၀၁၆ ရွေးကောက်ပွဲကာလရဲ့ နောက်ဆုံးရက်သတ္တပတ်တွေမှာ Breitbart News သတင်းဌာနအတွက် Donald Trump ရဲ့ လေယာဉ်မှာ လိုက်ပါသတင်းယူခဲ့တဲ့ Joel Pollak ဟာ သမိုင်းမှာ ထူးခြားတဲ့ ရှေ့ဆုံးတန်းခုံကို ရထားခဲ့သူပါ။
Trump ရဲ့ မဲဆွယ်ပွဲ နောက်ဆုံးအချိန်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသူတွေ အနည်းငယ်ထဲက တစ်ယောက်ဖြစ်သလို၊ ခရီးသွားသတင်းယူသူတွေရဲ့အဖွဲ့မှာ ပါဝင်သူတစ်ဦးအနေနဲ့ ကျွန်တော်တို့ လေ့လာဆန်းစစ်သူတွေ အဝေးကခန့်မှန်းနေခဲ့သမျှကို အတည်ပြုပေးတဲ့ အတွင်းလူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ကွန်ဆာဗေးတစ်မီဒီယာတွေအပါအဝင် ကျန်တဲ့မီဒီယာတွေက Trump ကို ထိုးနှက်နေချိန်မှာ သူ့ကိုတိုက်ခိုက်တာမျိုး မလုပ်တဲ့ တစ်ခုတည်းသော မီဒီယာရဲ့ အယ်ဒီတာဖြစ်တဲ့ Joel ဟာ သတင်းထောက်လေယာဉ်ပေါ်မှာ Trump ဘာလုပ်နေတာဆိုတာကို အမှန်တကယ် စိတ်ဝင်စားတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ Joel ဟာ Trump ကို လိုက်နိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မီဒီယာသမားအများစုကတော့ Trump ကို ဆော်ဖို့ပဲ စိတ်ဝင်စားနေကြတာပါ။ သတင်းထောက်အများစုက Trump လူလုံးထွက်ပြတဲ့အချိန်ကို ကတွတ်ပေါက် ဗျိုင်းစောင့်သလို စောင့်နေချိန်၊ အချီကြီးမိလိုက်တဲ့အချိန်တွေကို မျှော်နေကြရင်း သမ္မတလောင်းနဲ့ သူ့ရဲ့ထောက်ခံသူတွေကို ထိတွေ့ခွင့်ရမယ့် အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ သမ္မတလောင်းရဲ့ ထောက်ခံသူတွေက မဲဆွယ်ပွဲတွေကို အလာကျဲသွားချိန်မှာ သူတို့လုပ်တဲ့အလုပ်က သမ္မတလောင်းနဲ့ သူ့ထောက်ခံသူတွေကို အူကြောင်ကြောင်တွေလို့ ပုံပေါ်လာအောင် ပုံဖော်ပေးနေတာပါပဲ။ Joel ကတော့ ဒီအင်မတန်ထူးခြားတဲ့ အခွင့်အရေးကို အရယူပြီး Trump ရဲ့ မဲဆွယ်ပွဲကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာနိုင်ခဲ့ပါတယ်။ Trump ဟာ နိုင်ငံရေးနယ်ပယ်နဲ့ အလှမ်းဝေးတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်သလို မီဒီယာတွေ၊ ပွဲလမ်းသဘင်တွေမှာ အစဉ်အလာမဟုတ်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်တတ်သူဖြစ်ပြီး၊ သူ့ရဲ့သစ်လွင်တဲ့ သတင်းစကားနဲ့ အကြောင်းပြချက်တွေဟာ ထူးထူးခြားခြားကို ကျယ်ပြန့်တဲ့ လူထုလက်ခံမှု ရခဲ့ပါတယ်။ အဓိကအချက်က Joel ဟာ သတင်းမီဒီယာတွေအများစုနဲ့ လိုက်လျောညီထွေ မရှိတဲ့သူပါ။ တစ်ခါတုန်းကများဆိုရင် သမ္မတလောင်းရဲ့ သတင်းလိုက်ယူတဲ့ လေယာဉ်ပေါ်ကနေ ကန်ချခံရလုနီးနီး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့သတင်းထောက်တွေနဲ့ အဆင်ပြေအောင် ပြန်ချော့မော့ ပေါင်း နိုင်ခဲ့ပြီး မရမကကို သတင်းဆက်ယူနိုင်ခဲ့ပါတယ်။
Joel ဟာ အနောက်ဘက်ကမ်းခြေဒေသကနေပြီး မဲဆွယ်ပွဲသတင်းတွေကို ဟိုးအစကနဦးတည်းက ရယူနေခဲ့တာပါ။ Hillary Clinton ရဲ့ပွဲတွေ၊ Bernie Sanders ရဲ့ မဲဆွယ်ပွဲတွေ၊ အစောပိုင်း ရီပတ်ဘလစ်ကန်ပါတီရဲ့ အကြိုပါတီကိုယ်စားလှယ် ရွေးကောက်ပွဲတွေ အားလုံးကို သူသတင်းပေးခဲ့တာပါပဲ။ ဒါပေမယ့် Trump ရဲ့ မီဒီယာလေယာဉ်ပေါ်ကိုတော့ သမ္မတရွေးကောက်ပွဲရဲ့ တကယ့်အရေးကြီးတဲ့အချိန်မှ ရောက်လာတာ ဖြစ်ပါတယ်။ Access Hollywood ဗီဒီယိုအခွေ ထွက်လာပြီးတဲ့နောက်ပိုင်း လက်စ်ဗီးဂတ်စ်မှာလုပ်ခဲ့တဲ့ Trump ရဲ့ စကားစစ်ထိုးပွဲတွေမှာ မျက်မြင်ကိုယ်တွေ့ သတင်းယူနေချိန်မှာ သမ္မတလောင်းကိုယ်နှိုက်က ရွေးကောက်ပွဲမှာ သူရှုံးပါပြီလို့ ကြေညာရတော့မယ့် အနေအထားမျိုး ဖြစ်နေခဲ့တာပါ။ တကယ့်ကို သုတ်သီးသုတ်ပျာနိုင်တဲ့ နေ့တွေမှာဆိုရင် တစ်ရက်တည်းကို ပြည်နယ် ၇ ခုလောက်သွားပြီး မဲဆွယ်ရတာမျိုးတွေ ရှိခဲ့တာမို့ Joel အတွက် အကောင်းဆုံးအတွေ့အကြုံတွေပါပဲ။
Joel အနေနဲ့ မြေပြင်ပေါ်ကွင်းဆင်းပြီး Trump ရဲ့ နောက်ဆုံးအဆင့် အံ့အားသင့်ဖွယ် မဲဆွယ်ပွဲရဲ့ သတင်းတွေကို နေ့စဉ်နဲ့အမျှ သတင်းပေးရင်း Trump ထောက်ခံသူတွေဖြစ်တဲ့ ယောက်ျား၊ မိန်းမတွေ၊ လက်တင်အမေရိကဖွားတွေ၊ လူမည်းတွေ၊ လိင်ကွဲချစ်သူ၊ လိင်တူချစ်သူတွေ အားလုံးကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ကာ ကျွန်တော့်ရဲ့ သမိုင်းဆိုင်ရာအမြင်တွေ၊ ရွေးကောက်ပွဲမဲဆွယ်မှုဆိုင်ရာ အတွင်းသတင်းလှုပ်ရှားမှုတွေကို ပြည့်ပြည့်ဝဝ ဖြည့်စွက်ပေးနိုင်ခဲ့သလို၊ Trump ရဲ့ အောင်ပွဲကိုသေချာစေမယ့် အချက်အလက်တွေကိုလည်း ပေးနိုင်ခဲ့ပါတယ်။
Trump ရဲ့ အိမ်ဖြူတော်ကို သွားဖို့အတွက် သမိုင်းဝင်တဲ့ မဲဆွယ်မှုအကြောင်းကို ပြန်ပြောတဲဲ့အခါမှာ ရုပ်ရှင်လောကသားတွေ ပြောလေ့ရှိတဲ့ cold open ဆိုတာမျိုးနဲ့ စပါမယ်။ ပရိတ်သတ်ကို ဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး တိုင်းပြည်တည်နေတာနဲ့တင် မိုးလင်းအောင် သွေးပူလေ့ကျင့်ခန်း လုပ်မယ့်အစား အဓိကဇာတ်ကြောင်းကို တိုက်ရိုက်ဖွင့်လိုက်တဲ့ ပုံစံပါ။ တတိယမြောက် သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးမှု မတိုင်ခင်လေးတင် Joel က လက်စ်ဗီးဂတ်စ်ကို ရောက်လာပြီး Trump ရဲ့ မီဒီယာအဖွဲ့နဲ့ စတင်ပူးပေါင်းတဲ့အချိန်ကနေ စပါမယ်။ အထွေထွေရွေးကောက်ပွဲစဖို့အတွက် ရက်သတ္တပတ်အနည်းငယ်ပဲ ကျန်တော့တဲ့ အချိန်ပါ။ အဲဒီကနေစလို့ ကျွန်တော်တို့ဟာ ပိုပြီးပြည့်စုံတဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းပြန် သွားပါမယ်။ Donald Trump တစ်ယောက် အမေရိကန်သမ္မတသမိုင်းမှာ အံ့အား သင့်စရာအကောင်းဆုံး အောင်မြင်မှုကို ဘယ်လိုရခဲ့တယ်ဆိုတာကို ကျွန်တော်က အသေးစိတ်ပြောပြပေးမှာပါ။ အဲဒီနောက်မှာတော့ မဲဆွယ်ပွဲရဲ့ သုတ်သီးသုတ်ပျာ အနိုင်ဆုံး ရက်သတ္တပတ်တွေ အကြောင်းဖြစ်တဲ့ မီဒီယာအဖွဲ့လေယာဉ်ပေါ်က Joel ရဲ့ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေအကြောင်းကို ဆက်ပြောပါမယ်။
ဒီစာအုပ်တစ်အုပ်လုံးမှာ Trump အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သမိုင်းဆိုင်ရာအမြင်တွေ၊ အတွင်းကျကျ ပါဝင်ပတ်သက်ခဲ့သူတစ်ဦးရဲ့ အမြင်တွေကို တင်ပြသွားမှာပါ။ ၂၀၁၅ နွေရာသီကစလို့ Trump တစ်ယောက် သမ္မတဖြစ်လာဖို့ ကြိုးစားခဲ့တဲ့ ခရီးစဉ်တစ်ခုလုံးကို ကျွန်တော်မြင်ခဲ့ရပြီး၊ “စိတ်ပျက်စရာသင်းကွဲတွေ (Renegade Deplorable)”လို့ နောက်ပိုင်းမှာ နာမည်ရလာမယ့် လေ့လာသူအနည်းငယ်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ GOP ပါတီရဲ့ ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်းမှုမှာ ပါဝင်လာတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်တဲ့ Donald Trump သည် ထူးခြားတဲ့သူလို့ မြင်ခဲ့တဲ့ လေ့လာသူ အနည်းငယ်ထဲမှာ ကျွန်တော်ပါခဲ့ပါတယ်။ Trump ဟာ အာဏာကို အသေမိမိရရ ဖမ်းဆုပ်ထားတဲ့ လက်ရှိရှိရင်းစွဲ အစိုးရအဖွဲ့အစည်းတွေက လျစ်လျူရှုတာကို ခံထားရရင်း သူတို့မဲတွေအပေါ် ယုံကြည်မှုကင်းလာလုဆဲဆဲ ဖြစ်လာတဲ့ မဲဆန္ဒရှင်တွေကို မျှော်လင့်ချက်တွေ အသက်ဆက်ပေးဖို့ တိုက်ခိုက်သွားမယ့်သူဆိုပြီး ကျွန်တော်တို့ ယုံကြည်ခဲ့ကြပါတယ်။
Trump ရဲ့ မဲဆွယ်ပွဲမှာ အတက်အကျတွေ အများကြီးကြုံခဲ့ရရင်း ဘဝမှာစိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်တွေကို ကျွန်တော်တို့ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို Joel ရဲ့ မှတ်တမ်းမှာ ဖတ်ရမှာပါ။ ဒါပေမယ့် စာဖတ်သူတွေအဖို့ ပိုကျေနပ်စရာကောင်းတာက အဲဒီလို အသည်းတယားယားဖတ်နေရချိန်မှာ တစ်ချိန်တည်းမှာပဲ နောက်ဆုံးဘယ်သူက နိုင်သွားတယ်ဆိုတာကို သိနေရတာပါပဲ။
—Larry Schweikart

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s