အဆိုတော်ကြီးရဲ့ ချစ်ပုံပြင်

အီရှိဂူရိုဟာ ကျွန်တော့်အကြိုက် ဂျပန်စာရေးဆရာပါ… မူရာကာမီထက် ပိုကြိုက်ရတဲ့သူပါ… ဒီဝတ္ထုမှာဆိုရင် အချစ်အကြောင်း အဖွဲ့ တော်တော်လေးကို ထူးဆန်းစွာ ဖွဲ့ထားပါတယ်… တစ်ယောက်နဲ့တစ်ယောက်နဲ့ ချစ်ကြတယ်ဆိုတာကို သက်သေပြဖို့ ဝေးကွာခြင်းကို အသုံးချခဲ့ကြတဲ့ ချစ်သူတွေရဲ့အကြောင်းက စိတ်ဝင်စားစရာပါ… ခြင်ထောင်ခန်းတွေကို ဇာတ်သရုပ်ပေါ်ဖို့ လိုသလောက်ကလေးပဲ သုံးထားတာက မူရာကာမီလို အဖြူကောင်တွေ မကြိုက်ကြိုက်အောင် မလိုလည်း၊ လိုလည်း နင်းကန်ထည့်ထားသူထက် အများကြီးအဆင့်မြင့်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ အီရှိဂူရိုရဲ့ ဝတ္ထုတွေဟာ တစ်ခေါက်လောက် အပျော်ဖတ်ရုံနဲ့ နားမလည်နိုင်ပါဘူး။ အထပ်ထပ်ပြန်ဖတ်မှ ဘာပြောချင်တယ်ဆိုတာ သဘောပေါက်နိုင်တာမျိုးတွေပါ…

အဲဒီနေ့မနက်က Tony Gardner ကို ခရီးသွားတွေ ကြားထဲထိုင်နေတာ တွေ့လိုက်ရတာပေါ့။ အဲဒီအချိန်က နွေဦးဟာ ဗင်းနစ်မြို့ကို စတင်ဝင်ရောက်တယ်ဆိုရုံရှိသေးတဲ့ အချိန်လေ။ ကျွန်တော်တို့က တစ်ပတ်လုံးလုံး အချိန်ပြည့် ရင်ပြင်မှာထွက်ပြီး ဖျော်ဖြေနေရတာလေ။ အခုတော့ ဒီနေ့အတွက် ကျွန်တော်တို့ ဖျော်ဖြေမှု ပြီးတော့မယ်။ ကော်ဖီဆိုင်နောက်က ကွက်လပ်ကလေးမှာ ဖျော်ဖြေနေတုန်း၊ လာပြီးစားသောက်ကြတဲ့ ဧည့်သည်တွေက နောက်ဘက်လှေကားကနေ ဝင်ချင်ထွက်ချင်လို့ တန်းစီပြီး ကျွန်တေ်ာတို့ကို ကျော်ခွသွားကြတဲ့ အချိန်တွေ ကုန်လွန်သွားပြီ။ တကယ့်ကို စိတ်သက်သာရာ ရစရာပဲ။ မနက်ခင်းလေညှင်းလေးကလည်း တိုက်နေတယ်၊ အသစ်ကျပ်ချွတ် ဆင်ထားတဲ့ ကျွန်တော်တို့ ဂီတဝိုင်းစင်မြင့်လေးက လေတိုက်လိုက်တိုင်း အပေါ်ဘက်ကပေါင်းမိုးက တဖျတ်ဖျတ်နဲ့ လွင့်နေလို့။ ကျွန်တော်တို့အားလုံး အနည်းငယ်လောက်တော့ တက်ကြွလန်းဆန်းနေကြသလို၊ ကျွန်တော်တို့ရဲ့ ဂီတသံစဉ်တွေထဲမှာတောင် လန်းဆန်တက်ကြွမှုတွေ ပါဝင်နေမယ်လို့ ထင်ရတယ်။

ဒါပေမယ့် ဒီနေရာအထိကို ကျွန်တော်က ကျွန်တော့်ကိုကျွန်တော် ဂီတအဖွဲ့ရဲ့ ပင်တိုင် အဖွဲ့ဝင်လိုမျိုး ပြောမိနေသေးတယ်။ တကယ်တမ်းမှာတော့၊ ကျန်တဲ့ အတီးသမားတွေက ကျွန်တော်တို့ကို ခေါ်တဲ့အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က ဂျစ်ပစီတစ်ယောက်ပဲ။ ရင်ပြင်တစ်ခုလုံးမှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်တွေက တီးဝိုင်းတွေမှာ အတီးသမားလိုပြီဆိုရင် ကျွန်တော်က အဖြည့်အနေနဲ့ သွားတီးပေးရတယ်။ ရင်ပြင်ကြီး တစ်ခုလုံးမှာ ကော်ဖီဆိုင် သုံးဆိုင်တောင်မှ ရှိတယ်လေ။ များသောအားဖြင့် ကျွန်တော်က ကဖီးလာဗင်နာမှာ တီးဖြစ်တာများတယ်။ ဒါပေမယ့် လူကျတဲ့ နေ့လည်ခင်းတွေဆိုရင် လေးယောက်တွဲ တီးရတဲ့ အတွဲတစ်တွဲ ဖွဲ့လိုက်ပြီး၊ လာဗင်နာနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ထားတဲ့ ဖလိုရီယံမှာ တီးကြရတယ်။ ကျွန်တော်က ဆိုင်သုံးဆိုင်လုံးနဲ့ အဆင်ပြေတယ်ဗျ။ အဲဒီဆိုင်တွေက စားပွဲထိုးတွေနဲ့ရောပေါ့။ တခြားမြို့တွေမှာဆိုရင် ကျွန်တော့်လိုလူမျိုးက တစ်နေရာမှာ အတည်တကျ ဖြစ်နေမှာပဲ။ ဒါပေမယ့် ဒါက ဗင်းနစ်ဗျ။ မလွယ်ဘူး။ ဒီမှာက ရှေးရိုးဆန်ပြီး အတိတ်သမိုင်းကြောင်းနဲ့ နေကြတာ။ အားလုံးက ဇောက်တိဇောက်ထိုးတွေချည်းပဲရယ်။ ဘယ်နေရာမှာမဆို၊ ဂစ်တာတီးတဲ့သူတွေက လူကြိုက်များတဲ့ သူတွေပေါ့။ ဒါပေမယ့် ဒီမှာတော့၊ ဂစ်တာတဲ့လား၊ ဟွန်း… ကော်ဖီဆိုင်မန်နေဂျာတွေက ကျုပ်တို့ကို ပစားမပေးဘူးဗျ။ သူတို့အတွက်တော့ ဂစ်တာဆိုတာ ခေတ်ဆန်လွန်းနေတယ်။ ခရီးသွားတွေ ကြိုက်မှာ မဟုတ်ဘူးလို့ သူတို့က ထင်နေတာလေ။ ပြီးခဲ့တဲ့ ဆောင်းဦးတုန်းကတော့ဖြင့် ကျွန်တော့်မှာ oval sound-hole နဲ့ ခေတ်ဟောင်းစတိုင် ဂျက်ဇ်မိုဒယ် ဂစ်တာတစ်လုံးရလာတယ်။ Django Reinhardt တို့ တီးတတ်တဲ့ ဂစ်တာပုံစံမျိုးပေါ့ဗျာ။ အဲဒီတော့လည်း လူတွေက ကျွန်တော့်ကို rock n’ roll သမားတွေနဲ့ မမှားကြတော့ဘူးပေါ့။ ဒီခေတ်ဟောင်းဂစ်တာကြီး ကိုင်လိုက်တော့ အလုပ်လုပ်ရတာ နည်းနည်းပိုလွယ်လာသယောင် ရှိပေမယ့် ကော်ဖီဆိုင် မန်နေဂျာတွေက သဘောမကျသေးပြန်ဘူး။ ဒီမှာကတော့ဗျာ ခင်ဗျားက Joe Pass  ဖြစ်နေပါစေဦး၊ ဂစ်တာသမားတစ်ယောက်အဖို့ ဒီရင်ပြင်မှာ ပုံသေအလုပ်တစ်ခု မရနိုင်ဘူး။ ဒါဘယ်လိုမှငြင်းမရတဲ့ အမှန်တရားပဲ။

နောက်ထပ် ခပ်သေးသေး ပြဿနာတစ်ခုက ကျွန်တော်က အီတလျံလူမျိုး မဟုတ်တာပဲ။ ဗင်းနစ်မြို့သားဆိုတာတော့ဝေးရော။ Alto sax မှုတ်တဲ့ လူကောင်ကြီးကြီး ချက်လူမျိုးတစ်ယောက်လည်းပဲ ကျွန်တော်နဲ့ ဘဝတူပဲ။ ကျွန်တော်တို့ကို တခြားအတီးသမားတွေက လိုအပ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့က တရားဝင်လစာစာရင်းမှာ ဘယ်တော့မှ ဝင်မဆန့်နိုင်သူတွေ။ တီးစရာရှိတာတီး၊ ပါးစပ်ပိတ်ထား။ ဒါကကော်ဖီဆိုင်တွေက မန်နေဂျာတွေ အမြဲပြောနေကြပဲ။ ဒီလိုဆိုရင် ခရီးသွားတွေက ကျွန်တော်တို့ဟာ အီတာလျံတွေ မဟုတ်ဘူးဆိုတာ ဘယ်တော့မှ မသိနိုင်တော့ဘူး။ အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်၊ နေကာမျက်မှန်တပ်၊ ဆံပင်ကို နောက်လှန်ဖီး။ ဒါဆိုရင် ကျွန်တော်တို့ကို ဘယ်သူမှ အီတာလျံတွေနဲ့ ခွဲမရတော့ဘူး။ စကားတော့ သွားမပြောမိစေနဲ့ပေါ့။ဒါပေမယ့် ကျွန်တော်က အခြေအနေဆိုးလှတယ်တော့လည်း မဟုတ်ပြန်ဘူး။ ကော်ဖီဆိုင်သုံးဆိုင်လုံးက တီးဝိုင်းတွေက ကျွန်တော့်ကို လိုအပ်နေကြတယ်။ အထူးသဖြင့်တော့ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်တီးနေကြတဲ့ အချိန်မျိုးမှာပေါ့။ အဲဒီအချိန်မျိုးမှာ သူတို့ ဂစ်တာသမားကို လိုတယ်။ နူးညံ့ပြီး ထုထုထည်ထည် ရှိတဲ့ အသံအားကောင်းကောင်း၊ ကော့ဒ်သံမာမာနဲ့ တီးဝိုင်းကို နောက်ကနေ ပံ့ပိုးပေးရမယ့်သူပေါ့။ ခင်ဗျားကတော့ထင်မှာပဲ၊ တီးဝိုင်းသုံးဝိုင်းက ရင်ပြင်တစ်ခုတည်းမှာ တပြိုင်တည်း တီးနေမယ်ဆိုရင် ဘယ်သူက ဘာတီးနေတယ်မှန်းတောင် မသိရပဲ၊ ဗလုံးဗထွေး ဆူညံနေတော့မှာပဲလို့။ ဒါပေမယ့် ဆန်မာကို ရင်ပြင်ဟာ ဒီတီးဝိုင်းသုံးခုအတွက် လုံလောက်တဲ့ အကျယ်အဝန်း ရှိတယ်ဆိုရမယ်။ ခရီးသွားတွေက ရင်ပြင်ကို ပတ်ရင်း လမ်းလျှောက်နေတုန်း တစ်ဝိုင်းက တီးနေတဲ့ အသံတိုးသွားရင် နောက်တစ်ဝိုင်းရဲ့ အသံက သူတို့နားထဲကို ဝင်လာလိမ့်မယ်။ သူတို့အတွက်တော့ ရေဒီယိုမှာ လိုင်းတွေ တစ်လိုင်းပြီးတစ်လိုင်း ပြောင်းနေသလို ဖြစ်နေမှာပေါ့။ ဒါပေမယ့် ခရီးသွားတွေက ကလပ်စစ်သီချင်းကြီးတွေချည်းပဲ တီးနေတာကို မကြိုက်ကြဘူး။ ဒီနာမည်ကြီး ရှေးဟောင်း instrumental တေးသွားတွေကိုချည်းပဲ နားထောင်နေမယ်ဆိုရင် အီသွားတတ်ကြတယ်။ အိုကေ၊ ဒါက ဆန်မာကိုလေ။ သူတို့အနေနဲ့ ဒီနေရာမှာ နောက်ဆုံးပေါ် ပေါ့ပ်တေးသွားတွေ ကြားရမယ်လို့ မျှော်လင့်မထားဘူး။ ဒါပေမယ့် သူတို့သိပြီးသား၊ ရင်းနှီးပြီးသား တေးသွားတစ်ခုခုကိုတော့ မိနစ်နည်းနည်းလောက် ကြားချင်နေမှာပဲ။ ဥပမာ ခေတ်ဟောင်းက Julie Andrews ရဲ့ သီချင်းပဲဖြစ်ဖြစ်၊ နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်သီချင်းပဲ ဖြစ်ဖြစ်ပေါ့လေ။ တစ်နွေတုန်းကဆိုရင် ဝိုင်းတစ်ဝိုင်းပြီးတစ်ဝိုင်းကူးရင်း တစ်ညတည်းမှာကို The Godfather ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းကို ကိုးကြိမ်လောက် တီးလိုက်ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အခုနွေဦးမနက်ခင်းလေးမှာတော့ ကျွန်တော်တို့က ခရီးသွားတွေရှေ့မှာ တီးမှုဖျော်ဖြေနေတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်က Tony Gardner ကို တွေ့လိုက်ရတာ။ ကျွန်တော်တို့ ရှေ့တည့်တည့်မှာတင် တစ်ယောက်တည်းထိုင်ရင်း ကော်ဖီသောက်နေတယ်။ ကျွန်တော်တို့ စင်နဲ့ဆိုရင် ၆ မီတာလောက်ပဲ ဝေးမယ်။ ရင်ပြင်မှာ ကျွန်တော်တို့တတွေ နာမည်ကျော်တွေနဲ့ အမြဲလိုလို တွေ့နေကြပဲ။ အခုလိုမျိုး တွေ့ရရုံနဲ့တော့ ရင်မခုန်တတ်တော့ဘူး။ ပွဲပြီးသွားပြီဆိုရင် တီးဝိုင်းအဖွဲ့ဝင်တစ်ယောက်ယောက်က “ဟေး၊ ဟိုမှာကြည့် Warren Beatty ကွ” ဆိုတာမျိုး၊ “ဟေ့၊ ဟိုမှာ Kissinger ကြီးကွ” ဆိုတာမျိုးတွေ ပြောနေကြပဲ။ “ကြည့်စမ်း၊ ကြည့်စမ်း ဟိုမှာတွေ့လား၊ ဟိုကောင်တွေကွာ၊ မျက်နှာချင်းလဲလိုက်ကြတဲ့ ရုပ်ရှင်လေ၊ ဘာဆိုလား။ အေး၊ ဟိုမှာထိုင်နေတဲ့တစ်ယောက်က အဲဒီရုပ်ရှင်ထဲက မင်းသမီးလေ”ဆိုတာမျိုးတွေပေါ့။ ဆန်မာကိုရင်ပြင်မှာ ဒါထူးဆန်းတဲ့ ကိစ္စ မဟုတ်တော့ဘူး။ ဒါပေမယ့် Tony Gardner ကို အဲဒီမှာ ထိုင်နေတာ မြင်ရတော့၊ အခြေအနေက ပြောင်းသွားပြီ။ ကျွန်တော့်မှာ စိတ်လှုပ်ရှားနေရတယ်။Tony Gardner က ကျွန်တော့်အမေရဲ့ ဖေးဘရိတ်လေ။ ကျွန်တော့်ဇာတိနိုင်ငံက အရင်တုန်း ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံပေါ့။ ဟိုတုန်းကဆို အိမ်မှာ ဓါတ်ပြားတွေ နားထောင်ခွင့်ရဖို့ဆိုတာ သိပ်ခက်တယ်။ ဒါပေမယ့် အမေက Tony Gardner ရဲ့ ဓါတ်ပြားတွေ အစုံလိုက်ကို ဝယ်ထားတာ။ ကျွန်တော်ကလေးတုန်းက အမေ့ရဲ့အဲဒီ အဖိုးတန်လှပါသော ဓါတ်ပြားတွေထဲက တစ်ချပ်ကို ခွဲပစ်လိုက်ဖူးတယ်။ ကျွန်တော်တို့အိမ်လို့ပြောရမယ့် တိုက်ခန်းက သိပ်ကျဉ်းလွန်းတယ်ဗျ။ ကျွန်တော့်အရွယ် ကောင်ငယ်လေး တစ်ယောက်ဖို့ ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားဖို့ နေရာကျယ်ကျယ် လိုလိမ့်မယ်။ အထူးသဖြင့်တော့ အပြင်ထွက်ဆော့လို့ မရတဲ့ ဆောင်းတွင်းလတွေမှာပေါ့။ တစ်နေ့တော့ ကျွန်တော်က ဆိုဖာကုလားထိုင်ပေါ်မှာ တက်ပြီးခုန်ပေါက် နေရင်း၊ ဓါတ်ပြားစက်ကို ဝင်တိုက်လိုက်မိတယ်။ ဓါတ်စက်က အပ်က ဓါတ်ပြားပေါ်မှာ ကန့်လန့်ဖြတ် အစင်းကြီး ထင်သွားအောင်ကို လုပ်ထည့်လိုက်တာ။ အဲဒီအချိန်က CD စက်တွေဆိုတာ ဘယ်ဆီနေမှန်းတောင် မသိဘူး။ သူ့ဓါတ်စက်ပြုတ်ကျသံလည်း ကြားရော၊ အမေက မီးဖိုချောင်ထဲက ထွက်လာပြီး၊ ကျွန်တော့်ကို အော်တော့တာပဲ။ ကျွန်တော် တော်တော်ကို စိတ်မကောင်း ဖြစ်သွားတယ်။ အမေက ကျွန်တော့်ကို အော်လိုက်လို့တင် မဟုတ်ဘူး၊ ကျွန်တော်ဖျက်ဆီးလိုက်တာက Tony Gardner ရဲ့ ဓါတ်ပြားဆိုတာ သိလိုက်ရလို့လည်းပါတယ်။ အမေ့အတွက် သူ့ဓါတ်ပြားတွေက အရမ်းအရေးကြီးတယ်လေ။ အခုတော့ ကျွန်တော့်ကြောင့်မို့ ဓါတ်ပြားကနေ သီချင်းဖွင့်ရင် အပ်ကအစင်းရာကို ဖြတ်သွားတိုင်း ဆူဆူညံညံ အသံကြီးတွေ ထွက်လာနေတော့မယ်။ နောက်ပိုင်းနှစ်တွေကြာလာလို့၊ ဝါဆောမှာ ကျွန်တော်အလုပ်လုပ်နေတဲ့ အချိန်မှာ၊ မှောင်ခိုစျေးထဲကနေ ဓါတ်ပြားတွေ ဝယ်ဖြစ်တယ်။ ဝါဆောကနေ ကျွန်တော့်အိမ်ရှိတဲ့နယ်ကို ပြန်ဖြစ်တဲ့ အချိန်တိုင်း အမေ့အတွက် Tony Gardner ရဲ့ အဲလ်ဘမ်တွေ ဝယ်ပေးဖြစ်တယ်။ အမေ့မှာရှိတာတွေက အပ်ကြောင်းတွေထပ်နေပြီ။ ကျွန်တော်ကလည်း တစ်ချပ်ခွဲလိုက်သေး။ သူ့ရဲ့ဓါတ်ပြားတွေ အစုံလိုက်ရဖို့ ကျွန်တော့်မှာ သုံးနှစ်လောက် စောင့်ရတယ်။ ဒါပေမယ့် ကျွန်တော်က ဝယ်မြဲဝယ်နေတာပဲ။ တစ်ချပ်ပြီးတစ်ချပ်။ ကျွန်တော်အိမ်ပြန်ရောက်တိုင်း အမေ့အတွက် Tony Gardner ရဲ့ တစ်ချပ်တစ်ချပ် ဝယ်ဝယ်သွားတယ်။

အခုဆိုရင် သူ့ကိုမြင်လိုက်လို့ ကျွန်တော်ဘာကြောင့် စိတ်လှုပ်ရှားနေရတယ်ဆိုတာ ခင်ဗျားသိသွားပြီ။ ကျွန်တော်နဲ့သူနဲ့က အခုဆို ၆ မီတာလောက်ပဲ ဝေးတော့တယ်။ စစချင်းတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ ကော့ဒ်ပြောင်းဖို့ စည်းချက်တစ်ချက်စာလောက်တောင် နောက်ကျသွားသလားပဲ။ Tony Gardner ကြီးကွ။ တကယ်လို့ ဒီနေရာမှာ အမေသာ ရှိနေမယ်ဆို ဘယ်လိုများနေမလဲ။ အမေ့အတွက်၊ အမေ့ရဲ့ အတိတ်အမှတ်အသားတွေအတွက်၊ ကျွန်တော်သွားပြီး၊ သူ့ကိုတစ်ခုခု သွားပြောရမယ်။ တခြားတီးဝိုင်းအဖွဲ့ဝင်တွေ ဘယ်လောက်ပဲလှောင်လှောင်၊ ကျွန်တော့်ပုံစံက ဘယ်လောက်ပဲ ဟိုတယ်ဧည့်ကြို bell-boy တစ်ယောက်နဲ့ တူနေနေ။ မဖြစ်မနေသွားတွေ့ပြီး တစ်ခုခု ပြောရမယ်။

အခုချက်ချင်း တီးနေတာကိုရပ်၊ ခုံတွေ၊ စားပွဲတွေကို တွန်းထိုးပြီး ထသွားလို့တော့ ဘယ်ရပါ့မလဲ။ တီးဝိုင်းကိုတော့ ပြီးအောင်တီးပေးရဦးမှာပေါ့။ တကယ့်ကို သည်းမခံနိုင်လောက်တဲ့ အဖြစ်ပဲ။ သီချင်းသုံးလေးပုဒ်လောက် ဆက်တီးနေရသေးတယ်။ တီးမယ့်သာ တီးနေရတာ စိတ်ထဲမှာတော့ အခုအနေများ သူထပြီးထွက်သွားရင် ဘယ့်နှယ့်လုပ်ရပါ့လို့ အချိန်တိုင်း စိုးရိမ်နေရတယ်။ ဒါပေမယ့် သူကဆက်ထိုင်နေတုန်းပဲ။ ကော်ဖီခွက်ကို ငေးစိုက်ကြည့်နေပုံများ စားပွဲထိုးက သူတစ်ခါမှ မမြင်ဖူးတဲ့ အရာတစ်ခုကို ယူလာပေးလိုက်လို့ ဒါဘာများပါလိမ့်ဆိုပြီး ပဟေဠိဖြစ်နေရတဲ့သူ တစ်ယောက်လိုပဲ။ ဝတ်ပုံစားပုံကတော့ သာမန်သူလိုငါလို အမေရိကခရီးသွားတွေလိုပါပဲ။ အရောင်ဖျော့ဖျော့ အပြာရောင်ပိုလိုရှပ်အင်္ကျီရယ်၊ ခပ်ပွပွ မီးခိုးရောင် ဘောင်းဘီရှည်ရယ်ကို ဝတ်ထားတယ်။ ဓါတ်ပြားကာဗာတွေပေါ်က မည်းနက်နေခဲ့ဖူးတဲ့၊ သူ့ဆံပင်တွေက အခုဆိုရင် ဖြူဖွေးနေပြီ။ ဒါပေမယ့် ဆံပင်တွေက အုံကောင်းနေတုန်းပဲ။ ဟိုတုန်းကလိုပဲ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးသင်ထားတယ်။ ကျွန်တော်သူ့ကို ပထမဦးဆုံး သတိထားမိစဉ်က သူ့လက်ထဲမှာ နေကာမျက်မှန်ရှိနေတယ်။ သူသာနေကာမျက်မှန်တပ်ထားရင် ကျွန်တော်သူ့ကို မှတ်မိချင်မှ မှတ်မိမှာ။ ဒါပေမယ့် ကျွန်တော်တို့တီးဝိုင်းက ဆက်တီးနေရင်း ကျွန်တော်ကလည်း သူ့ကိုဆက်ပြီးကြည့်နေတုန်း၊ သူကမျက်မှန်ကို ချွတ်လိုက်၊ တပ်လိုက်၊ ပြန်ချွတ်လိုက်နဲ့ လုပ်နေတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို တွေးနေပုံပဲ။ ကျွန်တော်တို့ တီးနေတာကို သူကအာရုံမစိုက်တာမို့ စိတ်ထဲနည်းနည်းတော့ ကသိကအောင့် ဖြစ်ရတယ်။

နောက်တော့ ကျွန်တော်တို့ ဖျော်ဖြေမှု ပြီးသွားတယ်။ တီးဝိုင်းက တခြားသူတွေကို ဘာမှပြောမနေတော့ပဲ၊ စင်ပေါ်ကနေ ခပ်သွက်သွက် ခုန်ဆင်းလိုက်ပြီး၊ Tony Gardner ရဲ့ စားပွဲဆီတန်းသွားလိုက်တယ်။ ဘာကနေ ဘယ်လိုစပြောရမှန်း မသိပဲ စိတ်ထဲနည်းနည်းတုန်လှုပ်နေမိတယ်။ သူ့နောက်မှာဝင်ရပ်လိုက်ရင်း ကြောင်ငေးနေမိပေမယ့်၊ သူကဆဋ္ဌမအာရုံရနေသူ တစ်ယောက်လို ရုတ်တရက် ကျွန်တော့်ဘက်ကို လှည့်ကြည့်လာတယ်။ နှစ်ပေါင်းများစွာ ကျွန်တော့်လိုမျိုး ပရိသတ်တွေ အများကြီးက အခုလို လာလာပြီး ရပ်နေခဲ့တာကို အတွေ့အကြုံ ရှိလာခဲ့ပြီးတာမို့ ကျွန်တော်ရောက်နေတယ်ဆိုတာ သူသတိထားမိသွားတဲ့ပုံပဲ။ ကျွန်တော်က ကိုယ့်ကိုကိုယ် မိတ်ဆက်ရင်း၊ သူ့ကိုကျွန်တော်ဘယ်လောက်လေးစားတယ်၊ စောစောက တီးနေတဲ့ တီးဝိုင်းမှာ ကျွန်တော်ပါတယ်၊ ကျွန်တော့်အမေက သူ့ကိုဘယ်လောက် သဘောကျတယ်ဆိုတာတွေကို ခပ်သွက်သွက်ပဲ ရှင်းပြလိုက်တယ်။ သူကလည်း လေးလေးနက်နက်နဲ့ နားထောင်နေရင်း၊ စက္ကန့်အနည်းငယ်ကြာတိုင်း ခေါင်းတညိမ့်ညိမ့် လုပ်နေပုံက ဆေးခန်းက ဆရာဝန်တစ်ယောက်လိုပဲ။

ကျွန်တော်က အမျှင်မပြတ်ပြောနေသလို၊ သူကလည်း မကြာခဏဆိုသလို “အဲဒီတော့” ဆိုပြီး စကားထောက်ပေးတတ်တယ်။ နောက်တော့ ကျွန်တော် ထပြန်တော့မှ ကောင်းမယ်လို့ တွေးမိပြီး ထထွက်သွားမလို့ လုပ်နေမိတုန်းမှာပဲ၊ သူက :

“အဲဒီတော့ မင်းက အဲဒီကွန်မြူနစ်နိုင်ငံတွေကနေ လာတာပေါ့၊ ဟုတ်လား။ ဟိုမှာတော်တော်ပင်ပန်းခဲ့မှာပဲ”

“ဒါကအရင်တုန်းကပါ” လို့ ကျွန်တော်က တက်တက်ကြွကြွ ပြန်ပြောလိုက်ရင်း  “အခုတော့ လွတ်လပ်တဲ့ နိုင်ငံဖြစ်နေပါပြီ။ ဒီမိုကရေစီလေ”

“ကြားရတာ ဝမ်းသာစရာပဲ။ စောစောက တီးနေတာက မင်းတို့အဖွဲ့ပေါ့၊ ဟုတ်လား။ ထိုင်ပါဦးကွာ၊ ကော်ဖီရော သောက်ပါဦး”

ကျွန်တော်က သူ့ကိုမနှောက်ယှက်ချင်ပါဘူးလို့ အားနာနာနဲ့ ငြင်းလိုက်ပေမယ့်၊ သူကယဉ်ယဉ်ကျေးကျေးနဲ့ကိုပဲ ထပ်တလည်းလည်း ဖိတ်ခေါ်နေပြန်တယ်။ “မဟုတ်ပါဘူးကွာ၊ ငါ့အတွက် အနှောက်အယှက် မဖြစ်ပါဘူး။ ထိုင်စမ်းပါကွ၊ မင်းအမေက ငါ့သီချင်းတွေ ကြိုက်တယ်ဆို”

အဲဒီတော့ ကျွန်တော့်မှာ ဆက်ပြောရတယ်။ ကျွန်တော့်အမေအကြောင်း၊ ကျွန်တော်တို့ တိုက်ခန်း၊ မှောင်ခိုစျေးကဝယ်လာတဲ့ ဓါတ်ပြားတွေ။ ဓါတ်ပြားနာမည်တွေ ကျွန်တော်မေ့ကုန်ပြီ။ အပြင်ကာဗာမှာပါတဲ့ ပုံတွေကိုပဲ ကျွန်တော်မှတ်မိသလောက် ပြန်ပြောပြရတယ်။ ကျွန်တော်က ဓါတ်ပြားကာဗာတစ်ခု ပြောလိုက်တိုင်း၊ သူကလေထဲမှာ လက်ညှိုးတစ်ထိုးထိုးလုပ်ရင်း “ဟုတ်တယ်၊ အဲဒီလိုပုံမျိုးပါတာက။ ‘တုနှိုင်းမဲ့’ ဆိုတဲ့ ဓါတ်ပြားဖြစ်မယ်။ တုနှိုင်းမဲ့ Tony Gardner ဆိုတဲ့ ဓါတ်ပြားပေါ့ကွာ”ဆိုတာမျိုး သူက ပြန်ပြောတတ်တယ်။ ကျွန်တော်က တစ်ခုပြောလိုက်၊ သူကခန့်မှန်းလိုက်နဲ့ အဲဒီလိုကစားနေရတာကိုပဲ နှစ်ယောက်စလုံး အကျေနပ်ကြီး ကျေနပ်နေမိကြတယ်။ နောက်တော့ မစ္စတာ Gardner ရဲ့ အကြည့်က ကျွန်တော့်ဆီကနေ ဖယ်ထွက်သွားပြီး၊ ကျွန်တော်လည်း လှည့်ကြည့်လိုက်ရော၊ အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ စားပွဲဆီကို ဦးတည်လာနေတာ တွေ့လိုက်ရတယ်။

အဲဒီအမျိုးသမီးက အမေရိကန်အမျိုးသမီး အများစုလိုပဲ၊ ဆံပင်တွေ၊ အဝတ်အစားတွေ၊ အိတ်တွေဘာတွေ ပြင်ဆင်ထားတာ စတိုင်ကျလွန်းတယ်။  အနားသာကပ်မကြည့်ဘူးဆိုရင် သူတို့မငယ်တော့မှန်း ခင်ဗျားသတိထားမိမှာ မဟုတ်ဘူး။ ခပ်လှန်းလှန်းက ကြည့်လို့ကတော့ ဖက်ရှင်မဂ္ဂဇင်းတွေထဲက မိုဒယ်အမျိုးသမီးတွေလားတောင် ထင်ရတယ်။ ဒါပေမယ့် သူကမစ္စတာ Gardner ဘေးမှာ ဝင်ထိုက်လိုက်ပြီး၊ နေကာမျက်မှန်ကို နဖူးပေါ်တွန်းတင်လိုက်တဲ့ အချိန်ကြမှပဲ၊ သူ့အသက်က အနည်းဆုံး ငါးဆယ်၊ ငါးဆယ်ကျော်ကျော်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းမိတော့တယ်။ မစ္စတာ Gardner က

“ဒါကိုယ့်အမျိုးသမီးလေကွာ၊ Lindy တဲ့”

မစ္စ Gardner က မကောင်းတတ်လို့ ညှစ်ပြီးပြုံးတဲ့ အပြုံးနဲ့ ကျွန်တော့်ကို တစ်ချက်ပြုံးပြရင်း၊ သူ့အမျိုးသားဘက်ကိုလှည့်ပြီး “ဒါကဘာလဲရှင့်၊ ရှင့်မှာမိတ်ဆွေတွေရနေပြီလား”

“အေးကွ၊ မိန်းမရ။ ငါတို့ဒီမှာစကားကောင်းနေကြတာ၊ ဒါနဲ့၊ မိတ်ဆွေလေး၊ sorry ကွာ၊ ကိုယ်မင်းနာမည်ကို မသိသေးဘူး”

“Jan ပါ”လို့ ခပ်သွက်သွက်ပဲ ကျွန်တော်ပြန်ဖြေလိုက်တယ်။ “ဒါပေမယ့် ကျွန်တော့်ကို သူငယ်ချင်းတွေက Janeck လို့ ခေါ်ကြတယ်။”

Lindy Gardner ကပဲ “ဒါဆို မင်းနာမည်ပြောင်က တကယ့်နာမည်အရင်းထက်တောင် ပိုရှည်နေပါရောလားကွယ်။ အဲဒါကဘယ်လိုနေလဲကွယ့်”

“မိန်းမရာ၊ မင်းကလည်း၊ လူတွေကို ရင့်ရင့်သီးသီး မလုပ်ချင်စမ်းပါနဲ့”

“ကျွန်မမလုပ်ပါဘူး။”

“လူတစ်ယောက်ရှေ့မှာ သူ့နာမည်ကို မလှောင်ရဘူးလေ။ ဒါကောင်းတာမဟုတ်ဘူး”

Lindy Gardner က စိတ်ပျက်လက်ပျက် အမူအရာနဲ့ ကျွန်တော့်ဘက်ကို လှည့်လာရင်း “ကဲ၊ သူပြောတာကြားလား။ အန်တီကမင်းကို ရင့်ရင့်သီးသီး ပြောလိုက်မိလား”

“ဟင့်အင်း၊ မဟုတ်ပါဘူး”လို့ ကျွန်တော်က ပြန်ပြောရင်း “မဟုတ်ပါဘူးအန်တီ”

“လူကြားသူကြားထဲရောက်ရင် သူကအန်တီ့ကို မင်းကရိုင်းတယ်လို့ ပြောနေကြ။ အန်တီက မရိုင်းပါဘူးကွယ်။ အခုမင်းအပေါ် အန်တီက ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိလို့လား”လို့ ပြောပြန်တယ်။ နောက်တော့ မစ္စတာ Gardner ဘက် လှည့်သွားပြီး၊

“ကျွန်မက လူတွေနဲ့ စကားပြောရင် ဟန်တွေပန်တွေ မလုပ်တတ်ဘူး၊ ယောက်ျားရဲ့။ ဒါကျွန်မပုံစံပဲ။ ကျွန်မရိုင်းတာမဟုတ်ဘူး”

“အေးပါကွာ၊ မိန်းမရာ။ ဒါကြီးကို ရေးကြီးခွင်ကျယ် လုပ်မနေစမ်းပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီမှာထိုင်နေတာက၊ သာမန်ပရိသတ် မဟုတ်ဘူး”

“ပရိသတ် မဟုတ်ဘူးလား။ ဒါဖြစ်ဘာတုန်း။ အကြာကြီး ပျောက်နေတဲ့ ရှင်တူအရင်းလား”

“စကားပြောဆင်ခြင်ပါကွ၊ မိန်းမရ။ ဒါက ငါ့လုပ်ဖော်ကိုင်ဖက်၊ ဂီတသမား၊ ပရိုတစ်ယောက်။ အခုလေးတင်ပဲ သူကငါတို့ကို ဖျော်ဖြေနေတာ”လို့ မစ္စတာ Gardner ကပြောရင်း ကျွန်တော်တို့စင်ရှိရာကို ညွှန်ပြလိုက်တယ်။

“အော်၊ ဟုတ်လား”လို့ ပြောလိုက်ရင်း Lindy Gardner က ကျွန်တော့ဘက်ကို လှည့်လာရင်း “မင်းက အခုနက အဲဒီမှာ တီးနေတာလား။ ကောင်းတာပေါ့ကွယ်။ အကော်ဒီယံတီးတာနော်။ အရမ်းကောင်းတာပဲ။”

“ကျေးဇူးပါပဲဗျာ။ ဒါပေမယ့် တကယ်က ကျွန်တော်က ဂစ်တာတီးတဲ့သူပါ”

“ဂစ်တာတီးတာ၊ မင်းက အန်တီ့ကို နောက်နေပြန်ပြီ။ ခုနကမှတင် မင်းတို့တီးတာကို အန်တီတွေ့လိုက်တာပါ။ ဟို ဒက်ဘယ်ဘေ့စ်ကြီး ဘေးမှာထိုင်ရင်း အကော်ဒီယံတီးနေတာ သိပ်ကြည့်ကောင်းတာပါကွယ်”

“စိတ်မရှိပါနဲ့၊ အဲဒါက Carlo ပါ။ အကော်ဒီယံတီးတဲ့ ခေါင်းတုံးပြောင်ပြောင်နဲ့သူ…”

“ဟုတ်မှဟုတ်ရဲ့လားကွယ်၊ နောက်မနေစမ်းပါနဲ့”

“မိန်းမရေ၊ မင်းကို ကိုယ်ပြောထားတယ်နော်။ လူတွေအပေါ် မရိုင်းစမ်းပါနဲ့လို့”ဆိုပြီး မစ္စတာ Gardner က ဝင်ပြောတယ်။ သူ့မိန်းမကို အော်လိုက်တာတော့ မဟုတ်ပေမယ့် သူ့အသံ မာမာထဲမှာ စိတ်ဆိုးနေတဲ့ အကြောင်းက ပေါ်လွင်နေတယ်။ ခဏတော့ အားလုံးပဲ အံ့အားသင့်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားတယ်။ နည်းနည်းကြာတော့ မစ္စတာ Gardner ကပဲ တိတ်ဆိတ်မှုကို ဖြိုခွဲရင်း၊ အသံအေးအေးနဲ့

“ကိုယ်တောင်းပန်ပါတယ်၊ မိန်းမရယ်။ ကိုယ်ကမင်းကို အော်တာမဟုတ်ပါဘူး”လို့ ပြောရင်း သူ့အမျိုးသမီးရဲ့ လက်ကို လှမ်းကိုင်လိုက်တယ်။ အစကတော့ မစ္စ Gardner က စိတ်ဆိုးမာန်ဆိုးနဲ့ လက်ကို ပုတ်ထုတ်လိုက်မယ် ထင်တာ၊ ဒါပေမယ့် လက်တွေ့မှာတော့ သူက
မစ္စတာ Gardner နဲ့ ပိုနီးသွားအောင် ခုံကိုရွှေ့လိုက်ရင်း နှစ်ယောက်သား ဆုပ်ကိုင်ထားတဲ့ လက်အပေါ်ကနေပဲ ကျန်လက်တစ်ဘက်နဲ့ အသာအုပ်လိုက်တယ်။ စက္ကန့်အနည်းငယ်လောက် နှစ်ယောက်သား ငြိမ်ပြီးထိုင်နေကြတယ်။ မစ္စတာ Gardner က သူ့ခေါင်းကိုငုံ့ထားတယ်။ မစ္စ Gardner ကတော့ သူ့ယောက်ျား ပုခုံးပေါ်ကနေကျော်ပြီး ရင်ပြင်ရဲ့ တစ်ဘက်က ဘက်စ်စီလီကာကို လှမ်းမျှော်ကြည့်နေတယ်။ သူ့အကြည့်ဗလာတွေထဲမှာ ဘာကိုမှ မြင်နေပုံ မရဘူး။ သူတို့နှစ်ယောက်က အဲဒီမှာ ငြိမ်ငြိမ်လေး ထိုင်နေကြရင်း၊ ကျွန်တော်အပါအဝင် ရင်ပြင်တစ်ခုလုံးက လူတွေကို မေ့နေကြပုံပဲ။ နောက်တော့ မစ္စ Gardner ကပဲ အသံခပ်တိုးတိုးနဲ့

“ရပါတယ်၊ ယောက်ျားရယ်။ ကျွန်မအမှားပါ။ ရှင်တို့ကို စိတ်ပျက်သွားအောင် လုပ်မိပြန်ပြီ”

တစ်ယောက်လက်ကို တစ်ယောက် ကိုင်ထားရင်းနဲ့ပဲ သူတို့ခဏငြိမ်ပြီး ထိုင်နေကြသေးတယ်။ နောက်တော့ မစ္စ Gardner က သက်ပြင်းချရင်း မစ္စတာ Gardner ရဲ့လက်ကို လွှတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ကြည့်တယ်။ သူအရင်ကလည်း ကျွန်တော့်ကို ကြည့်ခဲ့ဖူးပေမယ့် သူ့အကြည့်က ဒီတစ်ခါ ကွဲပြားနေတယ်။ ဒီတစ်ခါတော့ သူ့အကြည့်က နှစ်လိုဖွယ်ကောင်းနေတယ်။ သူ့ကြည့်ရတာ မီတာခွက်တစ်ခုလိုပဲ။ သုညကနေ တစ်ဆယ်အထိပါတဲ့ မီတာခွက်ပေါ့။ လက်ရှိအချိန်မှာ သူ့ရဲ့လက်တံက ကျွန်တော့်အတွက် ခြောက်ဒါမှမဟုတ် ခုနှစ်ကို ပြနေတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ တကယ့်ကို နက်နက်ရှိုင်းရှိုင်းနဲ့ ခံစားမိနေတယ်။ တကယ်လို့များ သူကကျွန်တော့်ကို ရင်ပြင်တစ်ခုလုံးဖြတ်ပြီး သူ့အတွက် ပန်းစီးတစ်စီးလောက် သွားဝယ်ပေးပါလားလို့ အခုအချိန် တောင်းဆိုလာရင်တောင် ကျွန်တော်က ကျေကျေနပ်နပ်နဲ့ကို လုပ်ပေးလိုက်မှာပဲ။

“Janeck” လို့ သူကလှမ်းခေါ်တယ်။ “မင်းနာမည် Janeck ဟုတ်တယ်နော်။ အန်တီစိတ်မကောင်းပါဘူးကွယ်။ Tony ပြောတာမှန်တယ်။ မင်းအပေါ် အန်တီ အဲဒီလို မပြောသင့်ခဲ့ဘူး။”

“ရပါတယ်၊ မစ္စ Gardner ရယ်။ ကိစ္စမရှိပါဘူး။ ဘာမှမစိုးရိမ်ပါနဲ့”

“ကဲ၊ ကျွန်မတော့ ရှင်တို့နှစ်ယောက်ကို နှောင့်ယှက်မိနေပြီ။ ဂီတသမားတွေ အချင်းချင်း စကားဝိုင်းဖွဲ့နေတာပဲဖြစ်မယ်။ ရှင်တို့ကို လွတ်လွတ်လပ်လပ် ထားခဲ့ပြီး ကျွန်မတော့ သွားလိုက်ဦးမှပဲ”

“မင်းအဲဒီလို ထွက်သွားစရာ မလိုပါဘူး၊ မိန်းမရာ”လို့ မစ္စတာ Gardner က ပြောပေမယ်လို့

“ကိစ္စမရှိပါဘူး၊ ယောက်ျားရယ်။ ကျွန်မက Prada စတိုးမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ဦးမလို့။ ကျွန်မဝင်လာကတည်းက ရှင်တို့ကို အဲဒီအကြောင်းပြောမလို့ ဝင်လာတာ။ ရှင့်ကိုကျွန်မ နည်းနည်းအချိန်ကြာဦးမယ်လို့ လာပြောတာ”

“ကိစ္စမရှိဘူး၊ အချစ်။ မင်းပျော်သလောက်သာ လျှောက်ကြည့်စမ်းပါ။ ကိုယ်စောင့်နိုင်ပါတယ်။” အခုမှပဲ Tony Gardner ကြီးတစ်ယောက် စိတ်ဖြောင့်ဖြောင့်နဲ့ အသက်ရှူလို့ ရသွားတော့တယ်။

“ကဲ… ကျွန်မတော့ စတိုးဆိုင်ထဲမှာ ပျော်သလောက် လျှောက်ကြည့်လိုက်ဦးမယ်။ ရှင်တို့နှစ်ယောက်တော့ ဒီမှာပဲ စကားကောင်းနေကြဦးပေါ့”လို့ ပြောခဲ့ရင်း သူကမတ်တပ်ထရပ်လိုက်တယ်။ ပြီးမှ ကျွန်တော့် ပခုံးကိုကိုင်ပြီး “Janeck ရေ အန်တီသွားလိုက်ဦးမယ်နော်”လို့ ပြောသွားတယ်။

သူထွက်သွားတာကို ကျွန်တော်တို့နှစ်ယောက် ငေးကြည့်နေရတယ်။ နောက်တော့ မစ္စတာ Gardner က ကျွန်တော့်ကို ဗင်းနစ်မှာ ဂီတသမားတစ်ယောက်ရဲ့ ဘဝအကြောင်းကို မေးတယ်။ လေးယောက်တွဲ အဖွဲ့အကြောင်းမေးတယ်။ ကော်ဖီဆိုင်မှာ ကျန်ခဲ့တဲ့ ကျန်တဲ့အဖွဲ့ဝင်တွေက အခုကိုပဲ ပြန်စပြီး တီးနေကြပြီ။ ကျွန်တော်ပြန်ဖြေတာတွေကို သူသေချာ အာရုံစိုက်မိနေပုံမရဘူး။ ဒါကြောင့်ပဲ၊ ကျွန်တော်ပြန်ပါရစေလို့ သူ့ဆီကနေ ခွင့်တောင်းလိုက်တယ်။ ဒါပေမယ့်သူက ရုတ်တရက်ဆိုသလိုပဲ

“ဒီမှာမိတ်ဆွေလေးရဲ့၊ ကိုယ်မင်းကို အကူအညီတစ်ခု တောင်းချင်တာ ရှိတယ်ကွ။ ကိုယ့်စိတ်ထဲ ဘာတွေးမိတယ်ဆိုတာ မင်းကိုပြောပြမယ်။ ကူညီနိုင်လည်းကူညီပါ။ မကူညီနိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူးကွာ”လို့ပြောရင်း၊ သူ့ခန္ဓာကိုယ်ကို ကျွန်တော့်ဘက်ဆီ ကိုင်းလိုက်ရင်း၊ အသံနိမ့်နိမ့်နဲ့ “ကိုယ်မင်းကို တစ်ခုပြောပြမယ်ကွ၊ Lindy နဲ့ ကိုယ်နဲ့ ဗင်းနစ်ကို ဒါပထမဦးဆုံး အတူလာကြတာ မဟုတ်ဘူး။ ကိုယ်တို့ ပထမဦးဆုံး အကြိမ်လာတုန်းက ကိုယ်တို့ရဲ့ ဟမ်းနီးမွန်းမှာ လာခဲ့ကြတာ။ လွန်ခဲ့တဲ့ ၂၇ နှစ်ကပေါ့။ ဒီနေရာမှာ ကိုယ်တို့အတွက် ပျော်စရာအမှတ်တရတွေ အများကြီးပဲ။ အဲဒီနောက်ပိုင်း နှစ်ယောက်အတူတူ ဒီကိုပြန်မလာ ဖြစ်ကြတော့ဘူး။ ဒါကြောင့်လည်း ကိုယ်တို့ အခုဒီခရီးကို စီစဉ်ခဲ့ကြတာပေါ့။ ဒီကိုလာပြီး နှစ်ယောက်အတူတူ ရက်နည်းနည်းလောက် အချိန်တွေ ကုန်ကြမယ်ပေါ့ကွာ။ ဒါငါတို့နှစ်ယောက်ရဲ့ အထူးခရီးစဉ်ပဲ။”

“ဒါခင်ဗျားတို့ နှစ်ပတ်လည်လား၊ မစ္စတာ Gardner”

“နှစ်ပတ်လည်၊ ဟုတ်လား”လို့ ပြောတဲ့ သူ့မျက်နှာက တုန်လှုပ်နေတယ်။

“ကျွန်တော်စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ခင်ဗျားက ဒါခင်ဗျားတို့ရဲ့ အထူးခရီးစဉ်လို့ ပြောခဲ့လို့ပါ”

သူကခဏလောက်တော့ ဆက်ပြီး တုန်လှုပ်နေသေးတယ်။ နောက်တော့ ရယ်တယ်။ ရယ်တာမှ ကျယ်ကျယ်ပွင့်ပွင့်ကို ရယ်မောတဲ့အသံနဲ့။ ဒီရယ်သံကိုကြားတော့ ကျွန်တော့်အမေ ခဏခဏဖွင့်နေတဲ့ သူ့သီချင်းတစ်ပုဒ်ကို ပြန်သတိရသွားတယ်။ အဲဒီသီချင်းမှာ Tony Gardner က သီချင်းရဲ့အလယ်မှာ သူ့ကိုပစ်သွားတဲ့ ကောင်မလေးကို ဂရုမစိုက်လေဟန်နဲ့ ရယ်တဲ့အသံမျိုးပါတယ်။ သရော်တော်တော်ရယ်သံပေါ့။ အခုဒီရယ်သံကပဲ ကျယ်ကျယ်ပွင့်ပွင့်နဲ့ကို ရင်ပြင်တစ်ခုလုံးမှာ ကြားနေရပြန်ပြီ။ နောက်တော့သူက

“နှစ်ပတ်လည်တဲ့လား။ မဟုတ်ပါဘူးကွာ၊ နှစ်ပတ်လည်တော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့်၊ ကိုယ့်အစီအစဉ်ကလည်း အဲဒါမျိုးဆန်ဆန်ပဲ။ ကိုယ်လုပ်ချင်တာက ရိုမန်းတစ်ဆန်ဆန်လေးပေါ့။ ကိုယ်ကသူ့ကို ဟိုးတုန်းက အဆောင်ရှေ့ သီချင်းသွားဆိုတာလိုမျိုးလေး လုပ်ချင်တာ။ ဗင်းနစ်စတိုင်နဲ့ပေါ့။ အဲဒီတော့ မင်းအကူအညီ ကိုယ်လိုတယ်။ မင်းကဂစ်တာတီး၊ ကိုယ်ကသီချင်းဆိုမယ်။ ကိုယ်တို့ Lindy အခန်းအောက်ကနေ ဂွန်ဒိုလာတစ်စီးငှားပြီး အဲဒီကနေ သွားဆိုကြမယ်။ အကြာကြီးတော့ မဟုတ်ဘူးပေါ့ကွာ။ ဒီမှာက ညနေဆိုရင် အေးတယ်ကွ။ သီချင်းသုံး၊ လေးပုဒ်လောက်ပေါ့ကွာ။ ဒါကိုယ့်ရဲ့အကြံပဲ။ မင်းနဲ့လည်းကိုက်မှာပါ။ ဘယ်လိုသဘောရလဲ”

“ဘယ်လိုပြောလိုက်ပါလိမ့်၊ မစ္စတာ Gardner ရယ်၊ ကျွန်တော့်အရမ်းကို ဂုဏ်ယူရတာပေါ့ခင်ဗျာ။ ကျွန်တော်ပြောပြီးသားမဟုတ်လား၊ ခင်ဗျားက ကျွန်တော့်အတွက် အင်မတန် အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးပါလို့။ ကျွန်တော်တို့ ဘယ်တော့လောက် စပြီးလုပ်ကြမလဲ”

“မိုးမရွာရင်တော့၊ ဒီညနေကို လုပ်လိုက်ချင်တာပဲ။ ၈ နာရီခွဲလောက်ဆို ဘယ်လိုနေမလဲ။ ကိုယ်တို့နှစ်ယောက်က ညစာစောစော စားတတ်ကြတယ်ကွ။ ပြီးတော့ အခန်းပြန်ကြတယ်။ အဲဒီအခါကြရင် ကိုယ်က Lindy ကို အကြောင်းပြပြီး အောက်ဆင်းခဲ့မယ်။ မင်းနဲ့အဲဒီမှာ ပြန်တွေ့မယ်လေ။ ဂွန်ဒိုလာတစ်စီးလည်း ငှားထားမယ်။ တူးမြောင်းထဲ ပတ်စီးနေရင်း၊ ပြတင်းပေါက်အောက်မှာ ရပ်ခိုင်းမယ်။ ဒါဆိုလုံးဝကို ပြည့်စုံခမ်းနား သွားမှာပဲ။ မင်းရောဘယ်လိုထင်လဲ။”

ကဲ… ခင်ဗျားပဲ စဉ်းစားကြည့်။ ကိုယ်တွေးထားတဲ့ အိပ်မက်တွေ အမှန်ဖြစ်လာတာပဲ။ နောက်တစ်ခုက ဒါကတကယ့်ကို ချိုမြိန်တဲ့ အတွေးပဲ။ အသက်ခြောက်ဆယ်ကျော် အဘိုးကြီးနဲ့ အသက် ငါးဆယ်ကျော် အဖွားကြီးတို့က လူငယ်လေးတွေလို အချစ်ကို ပြန်ခံစားကြမယ်။ တကယ့်ကို ချိုမြိန်တဲ့ အိုင်ဒီယာပေါ့။ ကျွန်တော်က အဲဒီအထဲမှာ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်ခွင့်ရမယ်လေ။ သူကသာမန် စကားအဖြစ် ပုံစံလောက် ပြောနေပေမယ့် လက်တွေ့မှာ ဒီလောက်မရိုးရှင်းပဲ အများကြီးလေးနက်မှု ရှိတယ်လို့
ကျွန်တော်ခံစားမိနေတယ်။ ဒါတောင်မှနော် ကျွန်တော်တို့က ကော်ဖီဆိုင်ထဲမှာ ဒီကိစ္စကို ဆွေးနွေးကြတုန်းပဲ ရှိသေးတာ၊ တကယ်ဆိုကြတီးကြတဲ့ အဆင့်မဟုတ်သေးဘူး။

နောက်မိနစ်အနည်းငယ် ထပ်ပြီး ကြာတဲ့အထိ ကျွန်တော်နဲ့ မစ္စတာ Gardner တို့ အသေးစိတ်တွေ ဆက်ပြီးဆွေးနွေးကြတယ်။ ဘယ်သီချင်းတွေဆိုမယ်၊ ဘယ်ကီးတွေနဲ့ဆိုမယ်၊ စသဖြင့်ပေါ့။ နောက်တော့ ကျွန်တော်က စင်ပေါ်ပြန်တက်ရမယ့် အချိန်ရောက်လာတယ်။ သူနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပြီး၊ ညနေဘက်ကြရင် ကျွန်တော် ကျိန်းသေပေါက် လာခဲ့ပါမယ်လို့ ကတိပေးခဲ့လိုက်တယ်။

အဲဒီတုန်းက လမ်းတွေက တိတ်ဆိတ်ပြီး မှောင်နေလို့။ ဆန်မာကို အပြင်ဘက်က လမ်းတွေကို ကျွန်တော်သိပ်မသိဘူး။ မစ္စတာ Gardner ပြောလိုက်တဲ့ တံတားကို ကျွန်တော် သိပေမယ့် လမ်းကပျောက်နေလို့ အချိန်အတော်လင့်သွားသေးတယ်။ ကျွန်တော်အဲဒီကို ရောက်တော့ မိနစ်အနည်းငယ်လောက် နောက်ကျနေရော။

ဓါတ်မီးတိုင်အောက် ရပ်နေရင်း၊ အနက်ရောက် ဝတ်စုံကို ဝတ်ထားတယ်။ အင်္ကျီက ကြယ်သီးကို သုံး၊ လေးလုံးလောက် ဖွင့်ထားလို့ ရင်ဘက်က အမွေးတွေကိုတောင် မြင်နေရတယ်။ နောက်ကျသွားလို့ တောင်းပန်ပါတယ်လို့ ပြောလိုက်တော့

“မိနစ်နည်းနည်းလောက်ပါကွာ။ ငါနဲ့ Lindy အိမ်ထောင်ကျတာ နှစ်ပေါင်း ၂၇ နှစ် ရှိနေပြီ။ ဒီမိနစ်နည်းနည်းလောက်နဲ့ ဘာမှမဖြစ်ပါဘူး။”လို့ သူကပြောလာတယ်။

သူကစိတ်မဆိုးပေမယ့်၊ သူ့ကိုကြည့်ရတာ လေးလေးနက်နက်နဲ့ တည်ကြည်မှု အပြည့်ရှိနေတယ်။ ရိုမန်းတစ်ခ် ဖြစ်နေရုံသပ်သပ် မဟုတ်ဘူး။ သူ့အနောက်ဘက်မှာတော့ ဂွန်ဒိုလာလှေတစ်စီး ရပ်ထားပြီး ရေထဲမှာ အသာလူးလွန့်နေတယ်။ ဒီဂွန်ဒိုလာက Vittorio ပိုင်တဲ့ ဂွန်ဒိုလာပဲ။ ဒီငနဲကို ကျွန်တော်က သိပ်ကြည်တာ မဟုတ်ဘူး။ Vittorio က အမြဲတမ်းလိုလို လူချစ်လူခင်ပေါအောင်နေတတ်တယ်။ ဒါပေမယ့် ရှေ့မှာသာ ကောင်းပြနေတာ၊ နောက်ကွယ်ကြတော့ မဟုတ်တမ်းတရားတွေ သိပ်ပြောတတ်တဲ့သူ။ အထူးသဖြင့် ကျွန်တော့်လို နိုင်ငံခြားက ရွှေ့ပြောင်းလာသူတွေကို “တိုင်းပြည်အသစ်တွေက ရောက်လာတဲ့ နိုင်ငံခြားသားတွေ”ဆိုပြီး နှိမ်တတ်တယ်။ အခုလည်း ကျွန်တော့်ကိုတွေ့တော့ တစ်မအေတည်းမွေးလာတဲ့ ညီအစ်ကိုတွေကို ဖက်လှဲတကင်း လာနှုတ်ဆက်ပေမယ့် ကျွန်တော်ကတော့ အသာပဲ ခေါင်းညိမ့်ပြလိုက်ရင်း မစ္စတာ Gardner ကို ဂွန်ဒိုလာပေါ် တက်လို့ရအောင် သူကကူညီပေးနေတာကို အသံတိတ် စောင့်နေလိုက်တယ်။ မစ္စတာ Gardner လည်း လှေပေါ်ရောက်လာရော၊ ကျွန်တော်က ဂစ်တာတစ်လက် သူ့ကိုလှမ်းပေးလိုက်တယ်။ စပန်းနစ်ရှ်ဂစ်တာအမျိုးအစားပဲ။ ဒါပေမယ့် oval sound-hole နဲ့ ဟာတော့ မဟုတ်ဘူး။ ပြီးတော့အသာလေး ဝင်ထိုင်နေလိုက်တယ်။

မစ္စတာ Gardner က လှေဦးဘက်မှာ ထိုင်ရင်း တစ်နေရာကနေ တစ်နေရာကို ရွှေ့ရွှေ့ထိုင်နေတယ်။ တစ်ခါများဆိုရင် ထိုင်ချလို်က်တာ အားပါသွားလို့ လှေကမှောက်သွားမတတ်ပဲ။ ဒါပေမယ့် သူကတော့ သတိတောင်ထားမိပုံ မရဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ လှေထွက်လာတော့ သူကရေပြင်ကို ငေးကြည့်နေပြန်တယ်။

မိနစ်အနည်းငယ်လောက် ကျွန်တော်တို့တတွေ တိတ်ဆိတ်နေကြရင်း၊ ခပ်မှောင်မှောင် အဆောက်အဦတွေကို ဖြတ်လာသလို၊ တံတားနိမ့်နိမ့်လေးတွေ အောက်ကနေလည်း ဖြတ်သွားရတာမျိုး ရှိခဲ့တယ်။ နောက်တော့ အတွေးနက်နက်တွေထဲကနေ သူပြန်ထွက်လာခဲ့ပြီး

“ဒီမှာ၊ မိတ်ဆွေလေးရဲ့။ ညနေက ငါတို့ ဘာသီချင်းတွေ ဆိုကြမယ်ဆိုတာ တိုင်ပင်ခဲ့ပြီးသား ဆိုတာတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် ငါအခုမှ စဉ်းစားမိတယ်။ Lindy က ‘ကိုယ်ဖီးနစ်ကို ဆိုက်ရောက်ခဲ့ချိန်မှာ’ ဆိုတဲ့ သီချင်းကို သိပ်ကြိုက်တာကွ။ ဟိုးအရင်တုန်းက အဲဒီသီချင်းကို ငါအသံသွင်းခဲ့ဖူးသေးတယ်။”

“ဟုတ်တယ်၊ မစ္စတာ Gardner ရဲ့။ ကျွန်တော့်အမေ အမြဲတမ်း ပြောနေကြရှိတယ်။ ခင်ဗျားအဲဒီသီချင်းကို ဆိုတာက Sinatra ဆိုတာထက်ရော၊ Glen Campbell ဆိုတာထက်ရော ပိုကောင်းတယ်လို့ အမေက ပြောနေကြပဲ”

မစ္စတာ Gardner က ခေါင်းညိမ့်လိုက်တယ်။ အဲဒီအချိန်မှာ သူ့မျက်နှာကို ကျွန်တော်မမြင်ရဘူး။ တူးမြောင်းကွေ့တစ်ကွေ့မရောက်ခင် Vittorio က သူ့ဂွန်ဒိုလာကို ဆွဲကွေ့လိုက်လို့ တအီအီမြည်တဲ့အသံတွေက တူးမြောင်းနံရံတွေဆီမှာ ပဲ့တင်ထပ်သွားတယ်။

“ကိုယ်က Lindy ကို အဲဒီသီချင်း မကြာခဏဆိုပြနေကြ”လို့ မစ္စတာ Gardner ကပြောရင်း

“မင်းသိတယ်မှတ်လား။ ဒီလိုညမျိုးမှာ သူဒီသီချင်းကို နားထောင်ချင်နေမှာပဲ ဆိုတာလေ။ မင်းရော သံစဉ်ကို ကျက်မိရဲ့လားကွ”

ကျွန်တော်လည်း ဂစ်တာကို ဂစ်တာထည့်တဲ့ကေ့စ်ထဲကနေ ထုတ်လိုက်ရင်း အဲဒီသီချင်းရဲ့ ဘားတစ်ချို့ကို တီးကြည့်လိုက်တယ်။

“နည်းနည်းမြှင့်ဦးကွ”လို့ သူကလှမ်းပြောရင်း “E-flat ရောက်တဲ့အထိ မြှင့်လိုက်။ ကိုယ်အဲလ်ဘမ်ထဲမှာ ဆိုခဲ့တုန်းက အဲဒီကီးနဲ့ဆိုခဲ့တာ” လို့ ပြောလာတယ်။

ကျွန်တော့်မှာ ကော့ဒ်တွေကို သူပြောတဲ့ ကီးနဲ့လိုက်တီးရတယ်။ verse တစ်ခုစာလောက် တီးပြီးသွားချိန်မှာ မစ္စတာ Gardner က လိုက်ဆိုတယ်။ သူ့အသံက တိုးတိုးညှင်းညှင်လေး၊ အသက်ရှူသံအောက်မှာတင် ဆိုနေတာ။ သူကိုယ်နှိုက်ကလည်း စာသားတွေကို တဝက်တပျက်ပဲ မှတ်မိတော့ပုံပဲ။ ဒါပေမယ့် တိတ်ဆိတ်နေတဲ့ တူးမြောင်းထဲမှာ သူ့အသံက အရမ်းကို လျှာစောက်အာစောက်ရှိရှိနဲ့ ဟိန်းထွက်နေတယ်။ အသံက အရမ်းကို လှတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကလေးလေး ပြန်ဖြစ်သွားသလိုပဲ၊ ကျွန်တော့်ဇာတိက တိုက်ခန်းလေးဆီကို ပြန်ရောက်သွားတယ်။ ကျွန်တော်က ကော်ဇောပေါ်လှဲနေတုန်း အမေက ဆိုဖာပေါ်မှာ ထိုင်နေတယ်။ အမေ့ကြည့်ရတာ ခြေကုန်လက်ပန်းကျနေပုံ၊ ဒါမှမဟုတ် အသည်းကွဲနေတဲ့ပုံနဲ့။ Tony Gardner ရဲ့ ဓါတ်ပြားက အခန်းထောင့်မှာရှိတဲ့ ဓါတ်ပြားစက်ပေါ်မှာ လည်နေမယ်။

မစ္စတာ Gardner က ဆိုနေတာကို ရုတ်တရက် ရပ်လိုက်ရင်း၊ “အိုကေကွာ၊ ကိုယ်တို့ ဖီးနစ်ကို E-flat နဲ့ ဆိုကြရအောင်။ ပြီးတော့မှ ငါတို့စီစဉ်ထားတဲ့အတိုင်း “လွယ်လွယ်နဲ့ ချစ်မိတတ်ခဲ့တဲ့ ကိုယ်ပါ”ဆိုတဲ့သီချင်းကို ဆိုမယ်။ နောက်ဆုံးအနေနဲ့ “ကိုယ့်အချစ်ကလေးအတွက် သီချင်းတစ်ပုဒ်”ဆိုတာကို ဆိုမယ်။ ဒီလောက်ဆိုရပြီ။ ဒီထက်ပိုပြီးတော့လည်း သူနားထောင်ချင်မှာ မဟုတ်တော့ဘူး”လို့ ပြောတယ်။

ပြောလည်းပြောပြီးရော အတွေးတွေထဲကို သူပြန်နစ်ဝင်သွားပြန်တယ်။ Vittorio က အမှောင်ထဲမှာ လှေကိုခပ်ဖြည်းဖြည်း လှော်နေတဲ့အသံကို နားထောင်ရင်း လိုက်လာခဲ့ရတယ်။

“မစ္စတာ Gardner” လို့ ကျွန်တော်က အစချီလိုက်ရင်း “စိတ်မရှိဘူးဆိုရင် တစ်ခုလောက် မေးချင်တယ်ဗျာ။ မစ္စ Gardner က ကျွန်တော်တို့ အခုသီချင်းဆိုမှာကို ကြိုသိနေလား။ ဒါမှမဟုတ် သူအံ့အားသင့်သွားအောင် လုပ်မှာလား”

သူကသက်ပြင်းလေးတွဲတွဲကြီးကို ချလိုက်တယ်။ ပြီးတော့မှ “ကိုယ်ထင်တယ်ကွ၊ ဒီတစ်ခုကို ကိုယ်တို့ တကယ့်ကို အံ့အားသင့်စရာ ဆောင်ရွက်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထားရမယ်။”လို့ ပြောလိုက်ရင်း “သူဘယ်လိုတုံ့ပြန်မယ်ဆိုတာတော့ ဘုရားမှသိမှာပဲ။ “ကိုယ့်အချစ်ကလေးအတွက် သီချင်းတစ်ပုဒ်” အထိတောင် မရောက်ပဲ အောင်ဖျာလိပ်ရတာမျိုးနဲ့လည်း ကြုံရနိုင်တယ်။”

Vittorio က နောက်ထပ်ကွေ့တစ်ခုကို ကွေ့လိုက်ပြန်တယ်။ ရုတ်တရက်ဆိုသလိုပဲ၊ ရယ်သံတွေ၊ သီချင်းသံတွေ ကြားလာရတယ်။ ကျွန်တော်တို့က ကြီးမားပြီး အလင်းရောင်တွေ တောက်နေတဲ့ စားသောက်ဆိုင်တစ်ခုကို ဖြတ်လာခဲ့တယ်။ ဆိုင်ထဲမှာတော့ ဝိုင်းတွေက လူအပြည့်ပဲ။ စားပွဲထိုးတွေက ပျားပန်းခတ်လှုပ်ရှားနေရတယ်။ ညစာစားပွဲတွေကြည့်ရတာ ပျော်ရွှင်နေတဲ့လူတွေနဲ့ ပြည့်နေတယ်။ ဒီလိုရာသီဥတုမျိုးမှာ တူးမြောင်းဘေး ထိုင်ပြီးစားရသောက်ရတာ နွေးနွေးထွေးထွေး မရှိဘူးဆိုရင်တောင်မှ ဧည့်သည်တွေအဖို့ ပျော်ပျော်ပါးပါး ဖြစ်နေကြပုံပဲ။ တစ်လှမ်းလုံး မှောင်မိုက်၊ တိတ်ဆိတ်စွာ ဖြတ်သန်းလာရတဲ့ ကျွန်တော်တို့အဖို့တော့ တကယ်တမ်းရွေ့လျားနေတာက စားသောက်ဆိုင်ကြီးဖြစ်နေပြီး ကျွန်တော်တို့ ရပ်တန့်နေသူတွေလို ခံစားရတယ်။ ကျွန်တော်တို့က ဆိပ်ကမ်းမှာ ထိုင်ကြည့်နေကြရင်း၊ လင်းလင်းတောက်တောက် အရောင်တွေနဲ့ ပါတီလုပ်နေတဲ့ လှေတစ်စင်း ကျွန်တော့်တို့ အရှေ့က ဖြတ်သွားသလိုပေါ့။ လူတစ်ချို့က ကျွန်တော်တို့ ရှိတဲ့ဆီကို လှမ်းကြည့်နေတယ်ဆိုတာ ကျွန်တော်သတိထားမိလိုက်တယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်တော်တို့အပေါ် အာရုံရှိမနေဘူး။ စားသောက်ဆိုင်ကို လွန်လာတော့ ကျွန်တော်က

“ဟာသပဲဗျနော်။ ဒီခရီးသွားတွေအားလုံးထဲက ဘယ်နှစ်ယောက်လောက်များ သူတို့ရှေ့ဖြတ်သွားတဲ့လှေထဲမှာ တကယ့်ကို အကျော်အမော်ကြီး Tony Gardner ပါသွားတယ်ဆိုတာ သတိထားမိလိုက်မယ့်သူ ရှိမလဲမသိဘူး”

အင်္ဂလိပ်လို သိပ်မပြောတတ်တဲ့ Vittorio တောင်မှ ဒီစကားကြားတော့ ခပ်ပါးပါးလေး လိုက်ရယ်တယ်။ ဒါပေမယ့် မစ္စတာ Gardner ကတော့ ဘာမှပြန်မပြောဘူး။ အမှောင်ထဲကို ကျွန်တော်တို့ ပြန်ရောက်သွားပြန်တယ်။ အိမ်ရှေ့တံခါးဝတွေမှာ ခပ်မှိန်မှိန်ထွန်းထားတဲ့ အလင်းရောင်တွေကလွဲလို့ တူးမြောင်းကျဉ်းကျဉ်းလေးထဲမှာ ဘာမှမရှိဘူး။ နောက်တော့ သူက

“ဒီမှာမိတ်ဆွေလေးရဲ့၊ မင်းကကွန်မြူနစ်နိုင်ငံကနေလာတာ၊ အဲဒီလိုဆိုတော့ မင်းအနေနဲ့ ဒီလိုအခြေအနေမျိုးတွေကို နားမလည်နိုင်ဘူး” လို့ ပြောလာတယ်။

“မစ္စတာ Gardner ရဲ့။ ကျွန်တော့်နိုင်ငံက အခုကွန်မြူနစ် မဟုတ်တော့ဘူး။ အခုကျွန်တော်တို့ လွတ်လပ်နေကြပြီ”

“sorry ကွာ၊ ကိုယ်က မင်းရဲ့နိုင်ငံကို နှိမ်ပြောတာ မဟုတ်ဘူး။ မင်းတို့က သတ္တိရှိကြသူတွေပါ။ မင်းတို့တတွေ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ထိတွေ့နိုင်ပါစေလို့လည်း ကိုယ်မျှော်လင့်ပါတယ်။ ဒါပေမယ့် ကိုယ်ပြောချင်တာက ဒီလိုမိတ်ဆွေလေးရဲ့၊ မင်းလာခဲ့တဲ့နေရာမှာ ဒီမှာဖြစ်နေတာတွေကို မင်းနားမလည်နိုင်စေမယ့် အကြောင်းတွေရှိနေတယ်။ တကယ်လို့ ကိုယ့်ကိုလည်း မင်းနိုင်ငံက အကြောင်းတွေနဲ့ ပတ်သက်လို့ မေးလာခဲ့ရင် ကိုယ်ပြန်မဖြေနိုင်မှာတွေ အများကြီး ရှိနေမှာပဲ မဟုတ်လား”

“အဲဒါတော့ အမှန်ပဲဗျ။”

“အခုငါတို့ကျော်လာခဲ့တဲ့သူတွေက၊ မင်းသူတို့ကို သွားပြီး “ဟေ့၊ မင်းတို့ထဲက ဘယ်သူများ Tony Gardner ကို သိကြလဲကွ”လို့ သွားမေးလိုက်ရင် သိတဲ့လူလည်း ပါမယ်၊ မသိတဲ့လူလည်း ရှိမယ်ပေါ့။ ဘယ်သူသိနိုင်မှာလဲ။ ဒါပေမယ့် ငါတို့ခုနကလို သူတို့ရှေ့ကနေ ဖြတ်ရုံဖြတ်သွားရင်၊ တကယ်လို့ သူတို့က ကိုယ့်ကို မှတ်မိကြတယ်ဆိုရင်တောင်မှပဲ၊ သူတို့ စိတ်လှုပ်ရှားကြမှာ မဟုတ်ဘူး။ စားနေရင်း လက်ထဲကိုင်ထားတဲ့ ဇွန်းနဲ့ခရင်းကိုတောင် လွှတ်လိုက်မယ့်သူ မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ အသည်းနှလုံးချင်း ချိတ်ဆက်ပြီး အတူရှိနေကြတဲ့ အဖြစ်ကို သူတို့အနှောက်အယှက် ခံကြမှာ မဟုတ်ဘူး။ ဘာလို့သူတို့က အဲဒီလို နှောက်ယှက် ခံရမှာလဲ။ ဟိုးဘိုးတော်ဘုရားခေတ်က အဆိုတော်ကြီးတစ်ယောက်အတွက်နဲ့ သူတို့အဲဒီလို လုပ်မှာကို မဟုတ်ဘူး။”

“ကျွန်တော်တော့ အဲဒီလို မထင်ပေါင်ဗျာ။ ခင်ဗျားက တကယ့်ဂန္တဝင်ကြီးပဲ။ Sinatra တို့၊ Dean Martin တို့လို ကျော်ကြားတဲ့သူ။ တစ်ချို့သော တန်းရှိတဲ့ အနုပညာတွေက ဘယ်တော့မှ ခေတ်ကုန်မသွားဘူး။ ပေါ့ပ်စတားတွေလို မဟုတ်ဘူး”

“မင်းအဲဒီလိုပြောတာ၊ သိပ်ကိုစိတ်ကောင်းစေတနာကောင်းရှိမှန်း သိသာတယ်၊ ကောင်လေး။ မင်းစိတ်ထဲရှိတဲ့အတိုင်း ပြောတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ဘာကြီးပဲပြောပြော၊ ငါပြောတာကတော့ ပြောင်းလဲမသွားနိုင်တော့ဘူး”

ကျွန်တော်ပြန်ခံငြင်းဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် သူ့ကြည့်ရတာ ဒီအကြောင်းကို ဆက်မပြောချင်တော့ပုံပဲ။ ဒီလိုနဲ့ ရှေ့ဆက်သွားတဲ့ ခရီးမှာ ဘယ်သူမှ စကားမပြော ဖြစ်တော့ဘူး။ ရိုးရိုးသားသားပြောရရင် ဒီကိစ္စထဲကို ငါဘာလို့ ဝင်ပါခဲ့မိတာပါလိမ့်လို့ တွေးမိလာတယ်။ ဒီလိုသီချင်းသွားဆိုပြီး လူပျိုလှည့်မယ့်ကိစ္စတစ်ခုလုံးကိုပေါ့။ သူတို့က အမေရိကန်တွေ။ ပြောလို့ရတာ မဟုတ်ဘူး၊ တကယ်လို့ မစ္စတာ Gardner က သီချင်းစဆိုလိုက်တာ နဲ့ မစ္စ Gardner က ပြတင်းပေါက်ကနေ ထွက်လာပြီး ကျွန်တော်တို့ကို သေနတ်နဲ့ လှမ်းပစ်ရင်ပစ်မှာ။

ကြည့်ရတာ၊ Vittorio လည်း ဒီအကြောင်းပဲ တွေးနေပုံပဲ။ တူးမြောင်းနံရံတစ်နေရာမှာ ချိတ်ထားတဲ့ လက်ဆွဲမီးအိမ်ရှေ့က ကျွန်တော်တို့ ဖြတ်လာတော့ သူကကျွန်တော့်ကို “ဟေ့၊ ငါတို့တော့ ဘယ်လိုအူကြောင်ကြောင် ငနဲကြီးနဲ့ တွေ့နေရမှန်း မသိဘူးကွာ”လို့ ပြောနေသလို အကြည့်မျိုးနဲ့ လှမ်းကြည့်တယ်။ ကျွန်တော် ဘာမှပြန် မတုံ့ပြန်လိုက်ဘူး။ မစ္စတာ Gardner ကို နှိမ်ချင်နေတဲ့ သူ့လိုပုံစံမျိုးနဲ့တော့ ကျွန်တော်နဲ့ မကိုက်ဘူး။ Vittorio က ကျွန်တော့်လိုမျိုး နိုင်ငံခြားသားတွေနဲ့ ပတ်သက်ရင် အဆိုးမြင်ဝါဒရှိသူပဲ။

ကျွန်တော်တို့က ခရီးသွားတွေကို လိမ်နေတယ်၊ တူးမြောင်းတွေကို ညစ်ပတ်အောင် လုပ်နေတယ်၊ မြို့ကြီးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ သူကထင်နေတာ။သူစိတ်ရူးပေါက်နေတဲ့ နေ့မျိုးတွေမှာဆိုရင် သူကကျွန်တော်တို့ကို ခါးပိုက်နှိုက်တွေ၊ မုဒိန်းကောင်တွေလို့ကို ချိုးချိုးဖဲ့ဖဲ့ ပြောသေးတာ။ တစ်ရက်တော့ ကျွန်တော်က သူ့ကိုမျက်နှာချင်းဆိုင်ပြီး မင်းအဲဒီလို ပြောတယ်ဆိုတာ ဟုတ်လားလို့ မေးလိုက်တော့ မုသားတွေ တသီတတန်းကြီးနဲ့ သူမပြောရပါဘူးလို့ ကျိန်တယ်လေ။ သူ့မှာအမေအရင်းလောက်နီးနီး ချစ်ရတဲ့ ဂျူးလူမျိုးအဒေါ်တစ်ယောက် ရှိနေတာမို့၊ သူကလူမျိုးရေးခွဲခြားသူတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲလို့လည်း ပြောသေးတယ်။ ဒါပေမယ့် တစ်ရက်တော့ နေ့လယ်ပိုင်းမှာ ကျွန်တော်က တီးဝိုင်းချိန် တစ်ချိန်နဲ့တစ်ချိန်အကြား အချိန်ဖြုန်းရင်း ‘ဒေါ်ဆိုဒူရို’ဘက်က တံတားတစ်ခုမှာ ထိုင်နေဖြစ်တယ်။ အဲဒီအချိန်မှာပဲ ဂွန်ဒိုလာတစ်စီးက တံတားအောက်ကနေ ဖြတ်သွားတယ်။ လှေပေါ်မှာ ခရီးသွားသုံးယောက် ထိုင်နေပြီး Vittorio ကတော့ သူ့လှော်တက်ကို ကိုင်ထားရင်းနဲ့ မဟုတ်တမ်းတရားတွေကို အားရပါးရကြီး ပြောနေတာများ သူ့အသံကြီးက ကမ္ဘာတစ်ခုလုံးတောင် ကြားနိုင်တယ်။ ဒါကြောင့်လည်း သူဘယ်လောက်ပဲ ကျွန်တော့်ကို ရှေ့မှာဟန်ဆောင် ကောင်းပြကောင်းပြ သူ့အနေနဲ့ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။

“ကိုယ်မင်းကို လျှို့ဝှက်ချက်လေး တစ်ခု ပြောပြမယ်ကွ”လို့ ရုတ်တရက် မစ္စတာ Gardner က ပြောလာတယ်။ “ဖျော်ဖြေမှုနဲ့ ပတ်သက်လို့ လျှို့ဝှက်ချက်ကလေးပေါ့။ ပရိုတစ်ယောက်ကနေ နောက်တစ်ယောက်ကို လက်ဆင့်ကမ်းပေးတာမျိုးပေါ့ကွာ။ မင်းအနေနဲ့ မင်းဖျော်ဖြေရမယ့် ပရိတ်သတ်နဲ့ ပတ်သက်လို့ တစ်ခုခု၊ အဲဒီတစ်ခုခုဆိုတာ ဘာကြီးပဲဖြစ်နေနေ၊ တစ်ခုခုကိုတော့ သိကိုသိထားရမယ်။ ဒါကမင်းအတွက်ပဲ။ မင်းအနေနဲ့ မနေ့က ဖျော်ဖြေခဲ့တဲ့ ပရိတ်သတ်နဲ့ ဒီနေ့ပရိတ်သတ် မတူဘူးဆိုတာကို ခံစားမိရမယ်။ ဥပမာကွာ မီဝါကီကို ရောက်နေတယ်ဆိုပါတော့၊ မင်းကိုမင်းမေးရမယ်။ မီဝါကီက ပရိတ်သတ်တွေက တခြားပရိတ်သတ်တွေနဲ့ ဘာကွာလဲ။ မေဒီဆင်က ပရိတ်သတ်နဲ့ မီဝါကီပရိတ်သတ် ဘာကွာလဲ။ ဒီနှစ်ခုကို ခွဲနိုင်ရမယ်။ အဲဒီလို မခွဲခြားနိုင်မချင်း မင်းကြိုးစားရမယ်။ မီဝါကီ၊ မီဝါကီ။ မီဝါကီမှာက ဝက်ပေါင်သား ကောင်းကောင်းရတယ်ကွ။ ဒါဆိုအလုပ်ဖြစ်ပြီ။ ပရိတ်သတ်တွေအရှေ့ရောက်ရင် မီဝါကီမှာ ဝက်ပေါင်သားကောင်းကောင်း ရတယ်ဆိုတာကို သတိရနေဖို့ပဲ။ ဒါကို သူတို့အရှေ့မှာ စကားလုံးတွေနဲ့ ထုတ်ပြောစရာ မလိုဘူး။ ဒါပေမယ့် သူတို့ကို ဖျော်ဖြေနေတဲ့အချိန်မှာ မင်းအဲဒါကို ခေါင်းထဲထည့်ထားရမယ်။ မင်းရှေ့မှာ ဂီတကို ခံစားနားထောင်နေသူတွေသည်၊ သာမန်မဟုတ်ဘူး။ သူတို့ဟာ ဝက်ပေါင်သားကောင်းကောင်းကို စားနေကြဖြစ်နေသူတွေ။ ဝက်ပေါင်သားဟင်းနဲ့ ပတ်သက်လာရင် သူတို့မှာ မြင့်မားတဲ့ စံသတ်မှတ်ချက်ရှိသူတွေ။ ကိုယ်ပြောတာကို မင်းနားလည်လား။ ဒါက မင်းရဲ့ပရိတ်သတ်ကို မင်းသိကျွမ်းနှင့်ပြီးသား လူတွေဖြစ်လာအောင် ပြောင်းယူတဲ့နည်းပဲ။ မင်းဖျော်ဖြေရမယ့်သူတွေက မင်းနဲ့သိကျွမ်းပြီးသားလူတွေ ဖြစ်နေရမယ်။ ဒါကိုယ့်ရဲ့လျှို့ဝှက်ချက်ပေါ့။ ပရိုတစ်ယောက်ကနေ တစ်ယောက်ကို လက်ဆင့်ကမ်းလိုက်တာပေါ့။”

“အား… ကျေးဇူးပဲ၊ မစ္စတာ Gardner ရေ။ ကျွန်တော်တစ်ခါမှ အဲဒါမျိုး မစဉ်းစားမိဖူးဘူး။ ခင်ဗျားလို အကျော်ဒေးယျက ပေးတဲ့ အကြံဉာဏ်ပဲ၊ ကျွန်တော်တော့ မေ့သွားတော့မှာ မဟုတ်ပါဘူးဗျာ။”

“အဲဒီတော့ ဒီညမှာ”လို့ သူကဆက်ပြောရင်း “ကိုယ်တို့တတွေ Lindy ကို ဖျော်ဖြေရမှာ။ Lindy က ကိုယ်တို့ရဲ့ ပရိတ်သတ်ပဲ။ ဆိုတော့ကာ၊ ကိုယ်ကမင်းကို Lindy အကြောင်း နည်းနည်းပြောချင်သေးတယ်။ မင်းနားထောင်ချင်ပါ့မလား မသိဘူး”

“ဟာ၊ နားမထောင်ချင်ပဲ ဘယ်ရှိမှာလဲ။ နားထောင်ချင်တာပေါ့”

နောက်ထပ် မိနစ်နှစ်ဆယ်လောက် ကျွန်တော်တို့တတွေ တူးမြောင်းတွေထဲ တစ်ပတ်ပြီးတစ်ပတ် ပတ်နေတဲ့ ဂွန်ဒိုလာထဲ ထိုင်နေကြရင်း၊ မစ္စတာ Gardner က စကားပြောတာကို နားထောင်နေမိတယ်။ သူ့အသံက တစ်ခါတစ်ခါများ တိုးဝင်သွားလိုက်တာ၊ သူကကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ပြောနေသလား မှတ်ရတယ်။ မီးအိမ်တွေ အရှေ့ကိုရောက်ချိန်၊ မီးထွန်းထားတဲ့ အခန်းတွေရဲ့ ပြတင်းပေါက်တွေ ရှေ့ကိုရောက်ချိန်တွေမှာ အလင်းရောင်က လှေပေါ်ကို ဖြာကျလာရင်တော့ သူကကျွန်တော် ရှိနေသေးမှန်း သတိပြန်ဝင်လာတတ်တယ်။ အဲဒီအချိန်ကျတော့ အသံကိုမြှင့်ပြီး “မိတ်ဆွေလေးရဲ့၊ ငါပြောတာကို နားလည်ရဲ့လား”ဆိုတာမျိုး လှမ်းမေးတတ်တယ်။

သူပြောသမျှဆိုရင် သူ့အမျိုးသမီးက အမေရိကပြည်ထောင်စု အလယ်ပိုင်း မင်နီဆိုတာမှာရှိတဲ့ မြို့ငယ်လေးကနေ လာတာဆိုပဲ။ စာသင်ချိန်တွေမှာ စာကောင်းကောင်း လိုက်မလုပ်ပဲ၊ နာမည်ကြီး ရုပ်ရှင်စတားတွေအကြောင်း ရေးထားတဲ့ မဂ္ဂဇင်းတွေကိုချည်းပဲ ထိုင်ဖတ်နေလို့ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ အဆူအကျိန်းကို မကြာခဏခံရတဲ့သူပေါ့။

“အလကား ဆရာမတွေပါကွာ။ Lindy မှာ ဘဝအတွက် အစီအမံ ကြီးကြီးမားမား ရှိတယ်ဆိုတာ ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့တဲ့ဟာတွေပေါ့။ အခုဆို သူ့ကိုကြည့်စမ်း။ ချမ်းကလည်းချမ်းသာ၊ လှကလည်းလှသနဲ့။ ကမ္ဘာတစ်ခုလုံးပတ်ပြီး ခရီးသွားနေနိုင်တယ်။ အဲဒီဆရာမတွေ အခုဘာဖြစ်နေပြီလဲ။ သူတို့ဘယ်လိုဘဝမျိုးနဲ့ နေနေရပြီလဲ။ တကယ်လို့သာ အဲဒီတုန်းက Lindy ဖတ်တဲ့ မဂ္ဂဇင်းတွေထဲက တစ်ခုတစ်လေလောက်ကို သူတို့လည်း လိုက်ဖတ်ကြည့်ခဲ့မယ်ဆိုရင်၊ Lindy လိုမျိုး အိပ်မက်ကြီးကြီးမားမား မက်တတ်ခဲ့မယ်ဆိုရင်၊ ဒီနေ့ဒီအချိန်မှာ သူတို့လည်းပဲ Lindy လောက်မဟုတ်တောင်၊ အဲဒီတဝက်လောက်တော့ သူတို့လည်း ရနေကြမှာ”

အသက် ၁၉ နှစ်မှာ ဟောလီးဝုဒ်ကိုရောက်ဖို့ ကယ်လီဖိုးနီးယားကို ကားကြုံနဲ့လိုက်လာခဲ့တယ်။ ဒါပေမယ့် ဟောလီးဝုဒ်ကို ရောက်ရမယ့်အစား၊ လော့ဆန်းဂျလိစ် ဆင်ခြေဖုံးမှာ အဝေးပြေးလမ်းမဘေး ထမင်းဆိုင်လေးရဲ့ စားပွဲထိုးဘဝနဲ့ သူ့ခရီးက အဆုံးသတ် သွားတယ်။

“အံ့အားသင့်စရာကိစ္စပဲကွ”လို့ မစ္စတာ Gardner က ပြောတယ်။ “အဲဒီထမင်းဆိုင်က ဟိုက်ဝေးလမ်းမကြီးတွေမှာ မြင်နေကြ ထမင်းဆိုင်ငယ်လေးပဲ။ ဒါပေမယ့် Lindy အတွက်တော့ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ သူ့လိုမျိုး မျှော်လင့်ချက်ကြီးကြီး ရှိတဲ့ မိန်းမငယ်လေးတွေ အားလုံးဟာ ဒီနေရာကို စုရုံးရောက်လာတတ်လို့ပဲ။ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ သူတို့အဲဒီဆိုင်မှာ ရှိနေကြတယ်။ အချင်းချင်း အဲဒီမှာ ဆုံကြတယ်။ ၈ ယောက်၊ ၉ ယောက်၊ တစ်ခါတစ်လေ တစ်ဒါဇင်လောက်က အဲဒီမှာဆုံကြရင် ကော်ဖီသောက်၊ ဟော့ဒေါ့စား၊ နာရီနဲ့ချီပြီး အာလူးဖုတ်ကြတယ်ပေါ့ကွာ

“ဒီချာတိတ်မတွေက Lindy ထက် နည်းနည်းပဲ ကြီးကြမယ်။ အမေရိကန် တနံတလျားကနေ လာကြတာ။ LA မှာရောက်နေကြတာ အနည်းဆုံး ၂ နှစ်၊ ၃ နှစ် ရှိပြီးသား လူတွေချည်းပဲ။ ဒီလိုလာပြီး ညစာစားရင်း အတင်းပြောကြ၊ ကံဆိုးမတွေအကြောင်း ပြောကြ၊ နည်းစနစ်တွေ ဖလှယ်ကြ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူကဘယ်အခြေအနေ ရောက်နေပြီဆိုတာ စုံစမ်းကြနဲ့ပေါ့။ ဒီဆိုင်ကို သူတို့ အာရုံကျရခြင်းတွေထဲမှာ အကြောင်းတစ်ခုက Mag ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကြောင့်လည်း ပါတယ်။ သူကအဲဒီအချိန်မှာ အသက်လေးဆယ်လောက် ရှိနေပြီ။ Lindy နဲ့ အတူတွဲပြီး စားပွဲထိုးနေသူပေါ့။

“ဒီချာတိတ်မလေးတွေအတွက် Mag က အမကြီးလိုပဲ။ သိချင်သမျှ မေးလို့ရတဲ့ ပိဋကတ်အိုးကွဲကြီးပဲ။ ဘာလို့လဲဆိုတော့ တစ်ခါတုန်းက သူသည်လည်းပဲ အဲဒီချာတိတ်မတွေလို ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်လေ။ မင်းနားလည်အောင် ပြောရရင်၊ သူတို့တတွေက တကယ့်ကို အမြင့်မှန်းကြသူတွေကွ။ တစ်နေ့တစ်နေ့ သူတို့တတွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ မိတ်ကပ်တွေအကြောင်း တခြားမိန်းကလေးတွေလိုပဲ ပြောမနေကြဘူးလာဆိုရင် ပြောနေကြတယ်ပဲ ပြောရမယ်။ ဒါပေမယ့် သူတို့ပြောနေတာက ဒီအဝတ်အစားတွေ၊ ဖိနပ်တွေ၊ မိတ်ကပ်တွေကို အသုံးချပြီး စတားတစ်ယောက်ယောက်နဲ့ လက်ထပ်နိုင်ခွင့်ရရေးအတွက် ပြောနေကြတာ။ ရုပ်ရှင်တွေအကြောင်း မပြောဘူးလားဆိုရင် ပြောကြတယ်၊ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေအကြောင်း မပြောကြဘူးလားဆိုရင် ပြောကြတယ်။ ဒါပေမယ့် မင်းထင်ထားတဲ့အတိုင်းပဲ သူတို့ဒါတွေပြောနေတာက အဲဒီရုပ်ရှင်၊ အဲဒီရုပ်ရှင်တွေ၊ သီချင်းတွေကို သရုပ်ဆောင်နေ၊ သီချင်းဆိုနေတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေထဲမှာ ဘယ်သူကတော့ဖြင့် လူပျို၊ ဘယ်သူကတော့ဖြင့် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေတယ်၊ ဘယ်သူကတော့ဖြင့် ကွာရှင်းလိုက်ပြီဆိုတာတွေ ပြောနေတာ။ Meg ကတော့ ဒါတွေအကြောင်းကို ထုံးလိုချေ၊ ရေလိုနှောက် သိထားသူပေါ့။ Meg က ဒီလမ်းကို လျှောက်ခဲ့ဖူးပြီးသား။ စတားတစ်ယောက်ကို အမိဖမ်းနိုင်ရေးမှာ စည်းမျဉ်းတွေအားလုံး၊ လှည့်ကွက်တွေအားလုံးကို အံတိုရုံမကဘူး၊ အံပုံပါပြုတ်ကျနေပြီဆိုတဲ့သူမျိုး။ Lindy ကလည်း အဲဒီဝိုင်းတွေမှာ ဝင်ထိုင်ရင်း သူတို့ပြောသမျှ လိုက်မှတ်သားနေတဲ့သူ။ ဒီဟော့ဒေ့ါဆိုင်လေးက သူ့အတွက် ယေးလ်ဆိုလည်းဟုတ်၊ ဟားဗတ်ဆိုလည်းဟုတ်တယ်။ မင်နီဆိုတာကလာတဲ့ ၁၉ နှစ်သမီး ကျေးတောသူလေးလေ။ သူဘာဖြစ်သွားနိုင်လဲဆိုတာ တွေးမိတိုင်း ကြက်သီးတောင် ထတယ်။ ဒါပေမယ့် သူကံကောင်းပါတယ်။”

“မစ္စတာ Gardner”လို့ ကျွန်တော်က ဖြတ်ပြောလိုက်ရင်း “အခုလို ဖြတ်ပြောရတာ အားတော့နာတယ်ဗျာ။ ဒါပေမယ့် တကယ်လို့ Meg က ဒီလောက်တောင် သိနေမှဖြင့် ဘာလို့ သူကိုယ်တိုင် စတားတစ်ယောက်ကို အမိမဖမ်းနိုင်ခဲ့တာလဲ။ ဘာလို့ ဟော့ဒေါ့ဆိုင်မှာ ဝင်လုပ်နေရသေးတာလဲ။”

“မေးသင့်တယ်ကွ။ ဒါပေမယ့် ဒီကိစ္စကို ဘယ်ကိုကိုင်တွယ်ရတယ်ဆိုတာ မင်းနားမလည်ဘူး။ အိုကေ၊ Meg အနေနဲ့က မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် အဓိကအချက်က အောင်မြင်အောင် လုပ်နိုင်ခဲ့သူတွေ သူမြင်ခဲ့ဖူးတယ်။ မင်းနားလည်လား မိတ်ဆွေလေးရဲ့။ သူလည်း တစ်ချိန်က အဲဒီငတိမလေးတွေ ဘဝကို ရောက်ဖူးတယ်။ အောင်မြင်သူတွေကို တွေ့ခဲ့ဖူးသလို၊ ကျရှုံးသူတွေလည်း မြင်ခဲ့ရဖူးတယ်။ သူ့အနေနဲ့ အသူတရာနက်တဲ့ ချောက်ကိုလည်း သိထားသလို၊ နတ်ပြည်တက်တဲ့လမ်းကိုလည်း တွေ့ထားပြီးသား။ ဒါကြောင့်လည်း သူကဇာတ်လမ်းကို အိတ်သွန်ဖာမှောက် ပြောပြနိုင်တာ၊ ဒါကြောင့်လည်း ဟိုငတိမလေးတွေက နားထောင်နေကြတာ။ သူတို့ထဲက တစ်ချို့က သူများရဲ့ အမှားကနေတဆင့် သင်ယူနိုင်ခဲ့ကြတယ်။ အဲဒီအထဲမှာ Lindy လည်း ပါတာပေါ့။ ကိုယ်ပြောခဲ့သလိုပဲ ဒါကသူ့ရဲ့ ဟားဗတ်ပဲ။ သူဘယ်လိုလူမျိုးလဲဆိုတာဖြစ်လာအောင် ဒီနေရာက ပြုပြင်ပေးလိုက်တာ။ သူ့ဘဝနောက်ပိုင်းမှာ လိုအပ်လာမယ့် အားအင်တွေကို ဒီကနေပဲ ရယူခဲ့ရတာ။ ပထမဦးဆုံးအကြိမ်အဖြစ် ပွပေါက်တိုးသွားဖို့ သူ့ခမျာ ၆ နှစ်တောင် စောင့်ခဲ့ရတယ်။ ၆ နှစ်လုံးလုံး စိတ်ဓါတ်တွေ တက်ကြွလာလိုက်၊ အစီအစဉ်တွေဆွဲလိုက်၊ လမ်းကြောင်းပေါ်ကို ဇွတ်တက်လာဖို့ ကိုယ့်ကိုကိုယ် ဖိအားတွေပေးလိုက်၊ မကြာခဏ လဲကျသွားလိုက်၊ ပြန်ထလာလိုက်၊ ပြန်လဲကျသွားလိုက်နဲ့၊ ဘယ်လောက်ခက်ခဲခဲ့မယ်ဆိုတာ စဉ်းစားကြည့်လို့ရတယ်။ ဒါကငါတို့အခု စီးပွားရေးလုပ်နေကြသလိုပဲ။ အခုထလုပ်ပြီး တစ်ခါနှစ်ခါလောက် အထိနာလိုက်တာနဲ့ ပြန်နောက်ဆုပ်သွားရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ မင်းမြင်ဖူးလိမ့်မယ်၊ ကောင်မလေးတွေ၊ နေရာတိုင်းလိုလိုမှာပေါ့၊ ဘယ်သူနဲ့မှလည်း အိမ်ထောင်မကျနိုင်တော့ဘူး၊ နေစရာရယ်လို့လည်း မယ်မယ်ရရ မရှိတော့ဘူး။ ဒါပေမယ့် သူတို့ထဲက တစ်ချို့ကတော့ အောင်မြင်ခဲ့တယ်။ Lindy လိုမျိုးတွေပေါ့။ သူတို့က လဲကျသွားတဲ့အချိန်တိုင်း သင်ခန်းစာအသစ်တွေ ရလာပြီး ပိုသန်စွမ်းလာတယ်၊ ပိုမာကျောလာတယ်။ နောက်ဆုံး ရူးရူးနှမ်းနှမ်း သည်းသည်းမဲမဲကို တစ်ကြိမ်ပြန် တိုက်ပွဲဝင်တယ်။ မင်းအနေနဲ့ Lindy တစ်ယောက် အရှက်တကွဲမဖြစ်ခဲ့ဖူးဘူး ထင်လို့လား။ သူ့အလှ၊ သူ့စွဲဆောင်မှုတွေ ရှိတောင်မှလေ။ မိန်းမတစ်ယောက်ရဲ့အလှဟာ ပန်းတိုင်ကို တစ်ဝက်လောက်တောင်မှ ရောက်အောင် ပို့မပေးနိုင်ဘူးလို့ ယူဆနေတဲ့ လူတွေကို မင်းဘယ်လို မြင်မလဲ။ မင်းအနေနဲ့ အပျော်မယ်တစ်ယောက်လိုကို ဆက်ဆံခံရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ၆ နှစ်အကြာမှာ သူအချီကြီးမိလိုက်တယ်။”

“အဲဒီအချိန်မှာ သူက ခင်ဗျားကို တွေ့သွားတာပေါ့၊ ဟုတ်လား၊ မစ္စတာ Gardner”

“ကိုယ်လား၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကိုယ့်အကြောင်းက အခုမပါသေးဘူး။ သူက Dino Hartman နဲ့ လက်ထပ်ခဲ့တာ။ မင်း Dino ကို မကြားဖူးဘူးလား”လို့ မေးရင်း မစ္စတာ Gardner က အနည်းငယ် အကြင်နာမဲ့တဲ့ ရယ်သံမျိုးနဲ့ ရယ်လိုက်တယ်။ “သနားစရာ Dino ပါကွာ။ ကိုယ့်အထင်တော့ သူ့ဓါတ်ပြားတွေက ကွန်မြူနစ်နိုင်ငံတွေကို မရောက်ခဲ့ဘူးနဲ့ တူပါရဲ့။ ဒါပေမယ့် အဲဒီအချိန်ကတော့ Dino ကလည်း သူ့ဟာနဲ့သူတော့ နာမည်ကြီးတဲ့သူပဲ။ ဗီးဂတ်စ်မှာ သီချင်းတွေ အတော်လေး ဆိုရပြီး၊ ရွှေအဆင့် ဓါတ်ပြားတွေလည်း ထုတ်နိုင်ခဲ့တယ်။ ကိုယ်ပြောခဲ့သလိုပဲ၊ ဒါက Lindy အတွက် အချီကြီးရလိုက်တာ။ ကိုယ်ပထမဦးဆုံး သူ့ကိုစတွေ့တော့ သူက Dino ရဲ့မိန်းမဖြစ်နေပြီ။ အဘွားကြီး Meg က သူ့ကို ဒါမျိုးတွေ ဖြစ်တတ်တယ်ဆိုတာကို သင်ပေးလိုက်ပြီးသား။ မိန်းကလေးတစ်ယောက်ဟာ တစ်ချီတည်းနဲ့ ကံကောင်းပြီး ထိပ်ဆုံးကို ရောက်သွားတာမျိုး ဖြစ်နိုင်တယ်။ Sinatra ပဲဖြစ်ဖြစ် Brando နဲ့ပဲဖြစ်ဖြစ် အမိဖမ်းလိုက်ကောင်း ဖမ်းလိုက်နိုင်မယ်။ ဒါပေမယ့် ဒါမျိုးက အမြဲဖြစ်နေတာတော့ မဟုတ်ဘူး။ ဆိုတော့ကာ အဲဒီမိန်းကလေးအနေနဲ့ ဒုတိယထပ်လောက်ရောက်ရင် ဓါတ်လှေကားကနေထွက်ပြီး ဟိုဟိုဒီဒီ လှည့်ကြည့်ဖို့ လိုတယ်။ သူ့အနေနဲ့ သူရောက်နေတဲ့အထပ်ကို ကောင်းကောင်းအကျွမ်းဝင်နေဖို့လိုမယ်။ တစ်နေ့ကြရင်တော့ ဟိုးအပေါ်ဆုံးထပ်ကနေ တစ်ယောက်ယောက်ကဆင်းလာပြီး ဒုတိယထပ်မှာ အချိန်ခဏလာဖြုန်းတာမျိုးကို တွေ့ရနိုင်တယ်။ ဒါကိုအမိဖမ်းနိုင်ရမယ်။ အဲဒီအခါကြရင် အပေါ်ဆုံးထပ်ကလူက မိန်းကလေးကို ကိုယ်နဲ့အတူ အပေါ်ထပ်ကို လိုက်ခဲ့ပါလားလို့ ခေါ်လာလိမ့်မယ်။ Lindy က ဒါကို ကောင်းကောင်း ကစားသွားတာပဲ။ Dino နဲ့ လက်ထပ်လိုက်လို့ သူကအားနည်းမသွားဘူး။ သူ့မျှော်လင့်ချက်တွေကို လျော့မပစ်လိုက်ဘူး။ Dino ကလူကောင်းပါ။ ကိုယ်ကသူ့ကို အမြဲတမ်းသဘောကျတတ်တယ်။ ဒါကြောင့်လည်း Lindy ကို မြင်မြင်ချင်း စွဲလမ်းမိပေမယ့် အဲဒီအချိန်က ဒုသနာသောဖြစ်မယ့် ဘာတစ်ခုကိုမှ ကိုယ်မလုပ်ခဲ့ဘူး။ ကိုယ်လူကြီးလူကောင်းဆန်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ခြေလှမ်းကို စလှမ်းသူက Lindy ဖြစ်လာခဲ့တယ်။ သူကသိပ်ကို ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ။ ကောင်လေး၊ မင်းအဲဒီလိုမိန်းမမျိုးကို တလေးတစားဆက်ဆံကွ။ ဒီမှာမိတ်ဆွေလေး၊ ကိုယ်မင်းကိုပြောမယ်။ အဲဒီအချိန်က ကိုယ်ကသိပ်ကိုကျော်ကြားနေတဲ့သူ။ ကိုယ့်အထင်ပြောရရင် မင်းအမေက ကို်ယ့်ဓါတ်ပြားတွေ နားထောင်တယ်ဆိုတာ အဲဒီအချိန်လောက်ကဖြစ်မယ်။ Dino ကတော့ ခပ်သွက်သွက်ကိုပဲ နာမည်ကျသွားရှာတယ်။ အဲဒီအချိန်က
အဆိုတော်အများအပြား ဒုက္ခရောက်ကြတဲ့ အချိန်ပဲ။ အရာရာတိုင်းက ပြောင်းလဲနေတယ်။ ချာတိတ်တွေက Beatles တို့၊ Rolling Stones တို့ပဲ နားထောင်ကြတော့တာ။ သနားစရာ Dino ကတော့ သူ့အသံက Bing Crosby နဲ့ အတော်ကြီးတူတယ်။ ဘော့ဆာနိုဘာ အဲလ်ဘမ်တစ်ချက်လောက် ထုတ်ဖို့ကြိုးစားပေမယ့် လူတိုင်းက သူ့ကိုလှောင်နေကြပြီ။ အဲဒီအချိန်ဟာ Lindy ထွက်လာဖို့ အချိန်ကောင်းပဲ။ အဲဒီအနေအထားမျိုးမှာ ကိုယ်တို့ကို ဘယ်သူမှ အပြစ်မပြောတောဘူး။ Dino ကိုယ်နှိုက်ကိုက ကိုယ်တို့ကို ဘာမှမပြောမယ် ကိုယ်မထင်ဘူး။ အဲဒီလိုနဲ့ ကိုယ်ခြေလှမ်းစခဲ့တယ်။ ဒီလိုနဲ့ Lindy က အပေါ်ဆုံးထပ်ကို ရောက်လာခဲ့တာပဲ။

“မင်္ဂလာဆောင်ကို ဗီးဂက်စ်မှာလုပ်တယ်။ ဟိုတယ်မှာ ရေချိုးဇလုံနဲ့အပြည့် ရှန်ပိန်းတွေထည့်ထားတယ်။ ခုနက ကိုယ်ပြောတဲ့ သီချင်းလေ၊ မှတ်မိလား၊ “လွယ်လွယ်နဲ့ ချစ်မိတတ်ခဲ့တဲ့ ကိုယ်ပါ”ဆိုတာပေါ့။ ကိုယ်ဘာလို့ အဲဒီသီချင်းကို ရွေးလဲ မင်းသိချင်မှာပဲ။ တစ်ခါတုန်းက ကိုယ်တို့ လန်ဒန်ကို ရောက်နေတယ်။ လက်ထပ်ပြီးတာ သိပ်မကြာသေးဘူး။ မနက်စာစားပြီးလို့ အခန်းကို ပြန်လာတော့ သန့်ရှင်းရေးက အခန်းကို ရှင်းနေတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ Lindy ရော၊ ကိုယ်ရောက စိတ်ပါနေလိုက်ကြတာများ ယုန်တွေလိုပဲ။ အဲဒီလိုနဲ့ အိပ်ခန်းထဲဝင်လိုက်ကြတယ်။ အပြင်ဘက်မှာ သန့်ရှင်းရေးက ကိုယ်တို့ဧည့်ခန်းကို ဖုန်စုပ်စက်ဆွဲနေတာကို အတိုင်းသားကြားနေရတယ်။ ဒါပေမယ့် သူမမြင်ဘူး၊ ကြားထဲမှာ အခန်းကို ကန့်ထားတယ်။ ကလေးတွေလိုမျိုး ခြေဖျားထောက်ပြီး အသံမကြားအောင် အိပ်ခန်းထဲဝင်ကြတယ်။ ပြီးတော့မှ တံခါးကို ပိတ်လိုက်တယ်။ သန့်ရှင်းရေးက အိပ်ခန်းကိုတော့ ရှင်းပြီးနေပြီ။ သူ့အနေနဲ့ ပြန်လာချင်မှ လာတော့မှာ။ ကိုယ်တို့အတပ်တော့ မပြောနိုင်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ဂရုမစိုက်အားတော့ဘူး။ အဝတ်အစားတွေ ဆွဲဖြဲပစ်ပြီး အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ် လုပ်လိုက်ကြတယ်။ သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကလည်း အခန်းရဲ့ဟိုဘက်အခြမ်းမှာ။ ကိုယ်တို့ရောက်နေတာ သူမသိလိုက်ဘူး။ ကိုယ်မင်းကိုပြောခဲ့တယ်နော်။ ကိုယ်တို့အဲဒီတုန်းက စိတ်တအားပါနေကြတာလို့။  ဒါပေမယ့် ကိစ္စလည်းပြီးရော၊ ဒါကြီးက တော်တော်ရယ်ဖို့ကောင်းတာလို့ သတိရသွားရင် နှစ်ယောက်စလုံး ရယ်ဖြစ်သွားကြတယ်။ ကိစ္စလည်းပြီးသွားရော၊တစ်ယောက်ကိုတစ်ယောက် ဖက်ရင်းအိပ်ယာထဲမှာပဲ လှဲနေဖြစ်တယ်။ သန့်ရှင်းရေးအမျိုးသမီးကြီးကလည်း တစ်ဘက်မှာ ရှိနေတုန်းပဲ။ မင်းသိလား၊ နောက်တော့ သူကသီချင်းတွေ ထဆိုတယ်ကွ။ ဖုန်စုပ်စက်ကို ပိတ်လိုက်ပြီး သီချင်းကို အကျယ်ကြီးဆိုတော့တာ။ ချာတိတ်ရေ၊ မင်းတော့ ပြောရင် ယုံမှာမဟုတ်ဘူး။ တော်တော်အသံကျယ်တဲ့ မိန်းမကြီးပဲ။ ကိုယ်တို့လည်း တိတ်တိတ်ကျိတ်ပြီး ရယ်ကြတာပေါ့ကွာ။ နောက်တော့သူက သီချင်းဆိုတာကို ရပ်လိုက်ပြီး ရေဒီယိုကို ဖွင့်လိုက်တယ်။ ရုတ်တရက်ဆိုသလိုပဲ၊ Chet Baker ရဲ့ အသံကိုကြားရတယ်။ သူက “လွယ်လွယ်နဲ့ ချစ်မိတတ်ခဲ့တဲ့ ကိုယ်ပါ” ဆိုတဲ့ သီချင်းကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဆိုနေတယ်။ Lindy နဲ့ ကိုယ်နဲ့က အိပ်ယာထဲ အတူလှဲနေကြရင်း Chet ရဲ့ သီချင်းကို နားထောင်နေကြတယ်။ ခဏနေတော့ ကိုယ်မနေနိုင်ပဲ လိုက်ဆိုမိတယ်။ တိုးတိုးကလေးပေါ့။ Chet Baker ရဲ့ ရေဒီယိုကအသံနဲ့အတူ လိုက်ဆိုမိနေတယ်။ Lindy က ကိုယ့်ရင်ခွင်ထဲမှာ ကွေးကွေးကလေး။ အဲဒါပဲ။ ဒါကြောင့်ပဲ ကိုယ်ကဒီညမှာ အဲဒီသီချင်းကို ဆိုချင်တာ။ သူမှတ်မိပါ့ဦးမလားဆိုတာတော့ ကိုယ်လည်းမသိဘူး။ ဘယ်သူကသိနိုင်မှာလဲ”

မစ္စတာ Gardner က စကားပြောနေတာကို ရပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ဝဲနေတဲ့ မျက်ရည်တွေကို သုတ်ပစ်နေတာကို မြင်လိုက်ရတယ်။ Vittorio ကတော့ ကျွန်တော့်တို့ကို တူးမြောင်းအချိုးတစ်ခုကို ခေါ်သွားပြန်တယ်။ ဒီမှာတင် ခုနကမြင်ခဲ့ရတဲ့ စားသောက်ဆိုင်ကြီးကို နောက်တစ်ကျော့ ပြန်ရောက်လာမှန်း သိလိုက်ရပြန်တယ်။ အရင်တစ်ခေါက်ကထက် အထဲကိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ ကျွန်တော်နဲ့ သိတဲ့ Andrea ဆိုတဲ့ စန္ဒရားဆရာက အခုထောင့်တစ်ထောင့်မှာ စန္ဒရားတီးနေတယ်။ကျွန်တော်တို့တတွေ အမှောင်ထဲပြန်ရောက်သွားတော့ “မစ္စတာ Gardner၊ ကျွန်တော့် ကိစ္စမဟုတ်မှန်းတော့ သိပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်မှန်းရသလောက်တော့ ခင်ဗျားနဲ့ ခင်ဗျားအမျိုးသမီးကြားမှာ အဖုအထစ်လေးတွေ ရှိတယ်နဲ့တူတယ်။ ကျွန်တော် ဒါမျိုးတွေကို နားလည်ပါတယ်။ အမေလည်း မကြာခဏ ဝမ်းနည်းရဘူးတယ်။ အခုခင်ဗျားလိုမျိုးပဲပေါ့။ လူတစ်ယောက်ကို တွေ့လာရင် အမေက သိပ်ဝမ်းသာတယ်။ အဲဒီလူက ကျွန်တော့် နောက်ထပ်အဖေအသစ် ဖြစ်လာမယ်လို့ အမြဲပြောတတ်တယ်။ ပထမတစ်ကြိမ်၊ နှစ်ကြိမ်တော့ အမေပြောတာကို ယုံမိတယ်။ ဒါပေမယ့် နောက်တော့ ဒါအလုပ်မဖြစ်မှန်းသိလာတယ်။ အမေကတော့လား၊ အမေက သူယုံကြည်တာကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ အချိန်တိုင်းလိုလို သူရှုံးနိမ့်လာပြီဆိုရင်၊ ဒီညခင်ဗျားလိုမျိုးပေါ့။ သူဘာလုပ်တယ်လို့ ခင်ဗျားထင်သလဲ။ အမေက ခင်ဗျားရဲ့ဓါတ်ပြားတွေဖွင့်ပြီး လိုက်ဆိုတော့တာပဲ။ ညတာရှည်တဲ့ဆောင်းညတွေမှာ ကျွန်တော်တို့ရဲ့ အခန်းကျဉ်းလေးတွေမှာ အမေကဒူးတုတ်ထိုင်နေရင်း၊ အရက်တစ်မျိုးမျိုးသောက်မယ်။ သီချင်းကို ညင်ညင်သာသာလေး လိုက်ဆိုမယ်။ အဲဒီအခါမျိုးကြရင် အပေါ်ထပ်ကလူတွေက ကြမ်းပြင်ကို ဆော့နင်းတတ်ကြတယ်။ အထူးသဖြင့်တော့ ခင်ဗျားက တန်ပိုမြင့်မြင့်နဲ့ “မြင့်မားစွာသောမျှော်လင့်ချက်” ဒါမှမဟုတ် “သူတို့ရယ်မောကြလေသည်”လို သီချင်းမျိုးကို ဆိုတဲ့အချိန်မျိုးမှာပေါ့။ ကျွန်တော်အမေ့ကို ဂရုစိုက်ပြီးကြည့်နေမိတယ်။ အမေက အိမ်နီးချင်းတွေလုပ်တာကို ဘာတစ်ခုမှ မကြားသလိုပဲ။ ခင်ဗျားအသံကိုပဲ နားထောင်နေရင်း စည်းချက်နဲ့ခေါင်းညိမ့်နေမယ်၊ သူ့နှုတ်ခမ်းတွေက စာသားတွေကို လိုက်ရွတ်နေမယ်။ မစ္စတာ Gardner၊ ကျွန်တော်ပြောချင်တာက ခင်ဗျားဟာ ကျွန်တော့်အမေကို သူအခက်အခဲတွေ ကြုံရတဲ့ အချိန်တွေမှာ ကူညီခဲ့တယ်။ အမေ့လိုလူမျိုး သန်းပေါင်းများစွာကိုလည်း ကူညီခဲ့ပါတယ်။ ဒီသီချင်းတွေက ခင်ဗျားအတွက်လည်း အကူအညီရရမှာပါ”လို့ သူ့ကိုပြောလိုက်ရင်း ခပ်ဖွဖွရယ်လိုက်တယ်။ ကျွန်တေ်ာက သူ့ကိုအားပေးချင်တာ၊ အခုတော့ အသံက မှန်းထားတာထက် ပိုကျယ်ပြီး သူ့ကိုအော်ဟစ်နေသလို ဖြစ်သွားတယ်။ “ဒီညတော့ ခင်ဗျား ကျွန်တော့်ကို အားကိုးလို့ရတယ်။ ကျွန်တော်အတတ်နိုင်ဆုံးကူညီမယ်။ ခင်ဗျားမနက်က ကြားခဲ့ရသလိုပဲ၊ ကျွန်တော်က တီးဝိုင်းတွေနဲ့ တွဲတီးရတာ ကျွမ်းကျင်ပါတယ်။ မစ္စ Gardner လည်း ကျွန်တော်တို့ တီးကြဆိုကြတာတွေကြားရင် ခင်ဗျားတို့နှစ်ယောက်ကြား အဆင်ပြန်မပြေသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဘယ်လင်မယားတွေမဆို အခက်အခဲကြုံတဲ့ အချိန်ဆိုတာ ရှိကြတာပါပဲဗျာ”

မစ္စတာ Gardner က ပြုံးတယ်။ “မင်းကလူကောင်းလေးပါကွာ။ ဒီညမင်းငါ့ကို ကူညီပေးလို့ ငါအရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါတို့မှာ စကားပြောနေဖို့ အချိန်မရှိတော့ဘူး။ Lindy က အခန်းထဲပြန်ရောက်နေပြီ။ အခန်းမီးလင်းနေတာ ငါတွေ့လိုက်တယ်။”

ကျွန်တော်တို့တတွေ၊ ဒီတူးမြောင်းကမ်းနဖူးပေါ်က အိမ်ရှေ့ကိုပဲ ၂ ခါတိတိ ပြန်ဖြတ်ကြတယ်။ အခုဆိုရင် ဘာလို့ Vittorio က တူးမြောင်းတွေထဲ ပတ်နေရလဲဆိုတာ သဘောပေါက်သွားပြီ။ မစ္စတာ Gardner အနေနဲ့ သူတို့လင်မယားတည်းနေတဲ့ အခန်းကနေ မီးလင်းလာမလားဆိုတာကို စောင့်ကြည့်နေတာ။ ကျွန်တော်တို့ ဒီနားက ဖြတ်သွားတိုင်း မီးကလင်းမနေခဲ့ဘူး။ ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ် ပတ်နေရတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သုံးထပ်က အခန်းရဲ့ပြတင်းပေါက်က လင်းနေတယ်။ တံခါးလည်း ဖွင့်ထားတယ်။ အနက်ရောင် သစ်သားစေ့လေးတွေနဲ့ အလှဆင်ထားတဲ့ အခန်းမျက်နှာကျက် အပိုင်းလေးကိုတောင်မှ လှေထဲကလှမ်းကြည့်ရင် မြင်နေရတယ်။ မစ္စတာ Gardner က Vittorio ကို အချက်လှမ်းပြလိုက်တယ်။ Vittorio ကလည်း လှေကိုလှော်နေတာ ရပ်လိုက်ပြီး  ပြတင်းပေါက်အောက် တည့်တည့်ရောက်အောင် ဖြည်းဖြည်းချင်း ကပ်သွားလိုက်တယ်။

မစ္စတာ Gardner က ထရပ်လိုက်တော့ လှေက လူးသွားပြန်တယ်။ ဒါပေမယ့် Vittorio က ခပ်သွက်သွက်ပဲ လှေကို ငြိမ်အောင် ထိန်းလိုက်နိုင်တယ်။ နောက်တော့ မစ္စတာ Gardner က အသံတိုးတိုးနဲ့ “Lindy၊ Lindy ရေ”လို့ လှမ်းခေါ်တယ်။ တဖြည်းဖြည်း အသံကကျယ်လာပြီး “Lindy” လို့ အော်ခေါ်လိုက်သလို ဖြစ်သွားတယ်။လက်တစ်စုံက ပြတင်းပေါက်တံခါးကို ခပ်ကျယ်ကျယ်ဖွင့်လိုက်ရင်း လူရိပ်တစ်ခုက ဝရံတာကျဉ်းကျဉ်းလေးကို ထွက်လာတယ်။ အိမ်နံရံမှာ အသေချိတ်ထားတဲ့ မီးအိတ်တစ်ခုက ကျွန်တော်တို့ ခေါင်းပေါ်မှာဆိုပေမယ့် အလင်းက သည်းသည်းကွဲကွဲ မဟုတ်ဘူး။ မစ္စ Gardner ကို လူရိပ်လောက်ပဲ မြင်ရတယ်။ ဒါပေမယ့် ကျွန်တော်ဆိုင်မှာတုန်းက မြင်ရသလိုပဲ ဆံပင်ကို ခပ်မြင့်မြင့် ထုံးထားတုန်းပဲ ဆိုတာကို မြင်နေရတယ်။ စောစောက သူတို့ညစာသွားမစားခင် ပြင်ထုံးထားတာ ဖြစ်မယ်နဲ့တူတယ်။

“ယောက်ျား၊ ရှင်လား”လို့ ဝရံတာလက်ရန်းကို မှီရင်း သူကမေးလာတယ်။

“ကျွန်မကဖြင့် ရှင်တော့ ပြန်ပေးပဲ အဆွဲခံရတာလား၊ ဘာလားနဲ့ စိတ်ပူနေရတာ”

“မကြောင်စမ်းပါနဲ့၊ မိန်းမရာ။ ဒီလိုမြို့မျိုးမှာ ဖြစ်နိုင်မှာတဲ့လား။ ဘာပဲဖြစ်ဖြစ် ကိုယ်စာထားခဲ့တယ်လေ။”

“ကျွန်မဖြင့် ဘာစာမှ မတွေ့ပေါင်”

“ကိုယ်စာထားခဲ့တယ်၊ မင်းစိတ်ပူသွားမယ်ဆိုတာသိလို့”

“ဘယ်မှာလဲ အဲဒီစာက၊ စာထဲမှာရော ဘာရေးထားတာတုန်း”

“ကိုယ်မမှတ်မိတော့ဘူး၊ အချစ်ရဲ့” မစ္စတာ Gardner ရဲ့အသံက စိတ်ဆိုးစိတ်ပျက် ဖြစ်နေပုံပဲ။

“ဘာမှအထွေအထူး မဟုတ်ပါဘူးကွာ၊ စီးကရက်သွားဝယ်မယ်ဆိုလား၊ ဘာလားပဲ”

“ရှင်အခု အောက်ရောက်နေတာ ဒီကိစ္စလား၊ စီးကရက်သွားဝယ်တာလား”

“မဟုတ်ဘူးကွ၊ အဲဒီလိုမဟုတ်ဘူး။ ကိုယ်ကမင်းကို သီချင်းဆိုပြမလို့”

“ရှင်နောက်နေတာလား”

“မဟုတ်ဘူး၊ နောက်နေတာ မဟုတ်ဘူး။ ဒါကဗင်းနစ်မြို့လေကွာ။ လူတွေက ဒီမှာဒါမျိုး လုပ်နေကြပဲ”လို့ပြောရင် သူက Vittorio နဲ့ ကျွန်တော့်ဘက်ဆီကို ညွှန်ပြရင်း သူပြောတာမှန်ကြောင်း သက်သေပြခိုင်းနေတယ်။

“ယောက်ျားရယ်၊ အပြင်မှာ အေးကအေးသနှယ့်ရှင်”

မစ္စတာ Gardner က သက်ပြင်းချလိုက်ရင်း၊ “ဒါဆိုလည်း မိန်းမက အခန်းထဲကနေ နားထောင်ပေါ့ကွာ။ ကဲ… အခန်းထဲပြန်ဝင်၊ အချစ်၊ နွေးနွေးထွေးထွေးနေ။ ပြတင်းပေါက်တံခါးပဲဖွင့်ခဲ့။ ဒါဆိုမင်းကိုယ်ဆိုပြတာ ကောင်းကောင်းကြားရမှာပဲ”

မစ္စ Gardner က ခဏတော့ အောက်ကို ငုံ့ကြည့်နေသေးတယ်။ မစ္စတာ Gardner ကလည်း ပြန်ကြည့်နေတယ်။ ဘယ်သူမှ ဘာမှမပြောကြဘူး။ နောက်တော့ မစ္စ Gardner က အထဲပြန်ဝင်သွားတယ်။ သူကိုယ်တိုင်က အဲဒီလိုလုပ်ခိုင်းခဲ့တာဆိုပေမယ့် မစ္စတာ Gardner ကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပဲ။ ခေါင်းကိုငုံ့ပြီး သက်ပြင်းချတယ်။ ရှေ့ဆက်ရမလားဆိုတာ မသိနိုင်ပဲ တုံ့ဆိုင်းနေသလိုပဲ။

ဒါနဲ့ကျွန်တော်က”စကြဆို့၊ မစ္စတာ Gardner။ လုပ်လိုက်ကြရအောင်။ ‘ကိုယ်ဖီးနစ်ကို ဆိုက်ရောက်ခဲ့ချိန်မှာ’နဲ့ စလိုက်ရအောင်”ဆိုပြီး အဖွင့်ပိုင်း တီးလုံးကို ခပ်ဖွဖွ စတီးလိုက်တယ်။ ဘယ်စည်းချက်ကိုမှ မတီးသေးဘူး။ သီချင်းကို စတီးလို့ရအောင်၊ ဒါမှမဟုတ် ဒီအတိုင်း ရပ်ပစ်လိုက်လို့ရအောင် မြူတဲ့တီးလုံးမျိုးပေါ့။ တတ်နိုင်သမျှ အမေရိကန်သံပေါက်အောက် ဂရုစိုက်တီးတယ်။ ကြေကွဲစရာလမ်းဘေးအရက်ဆိုင်တွေ၊ ကျယ်ဝန်းရှည်လျားတဲ့ ဟိုက်ဝေးလမ်းတွေ၊ နောက် အမေ့ကိုလည်း ခေါင်းထဲထည့်ထားပြီး တီးဖြစ်သွားတယ်။ ကျွန်တော်က အခန်းထဲပြန်လာတဲ့ အချိန်မှာ အမေက ဆိုဖာမှာထိုင်ရင်း ဓါတ်ပြားကာဗာပေါ်က အမေရိကန်လမ်းမကြီးတွေကိုပဲဖြစ်ဖြစ် ဒါမှမဟုတ် အမေရိကန်လုပ်ကားကြီးပေါ် ထိုင်နေတဲ့ အဆိုတော်ကိုပဲဖြစ်ဖြစ် စိုက်ကြည့်နေတဲ့ အမေ့ရဲ့ပုံကို မျက်လုံးထဲမြင်ယောင်လာအောင်ကို တွေးနေမိတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တီးနေတဲ့ ဂီတသံသည် တူညီတဲ့ ကမ္ဘာတစ်ခုတည်းကနေ လာတယ်ဆိုတာကို အမေတစ်ယောက် ခံစားမိနေအောင် လုပ်ပေးချင်တယ်။ အခုတီးနေတဲ့ကမ္ဘာနဲ့၊ အမေ့ရဲ့ ဓါတ်ပြားကာဗာတွေပေါ်က ကမ္ဘာနှစ်ခု တစ်ထပ်တည်းကျနေစေချင်တယ်။

နောက်တော့ တည်တည်ငြိမ်ငြိမ် စည်းချက်တစ်ခုကို မတီးလိုက်သေးခင်မှာတင် မစ္စတာ Gardner က သီချင်းကို စဆိုတယ်။ လှေပေါ်မှာ မတ်တပ်ရပ်ရင်း သူဆိုနေပုံက တော်တော်လေးကို မငြိမ်ဘူး။ ဟန်ချက်ပျက်ပြီး ရေထဲများ ကျသွားမလားတောင် စိုးရိမ်နေရတယ်။ ဒါပေမယ့် သူ့အသံကတော့ ကျွန်တော်ကြားဖူးနေခဲ့တဲ့ အသံအတိုင်းပဲ၊ နူးနူးညံ့ညံ့၊ ရှတတနဲ့။ ဒါပေမယ့် ထုထုထည်ထည်နဲ့ အားကောင်းလှတယ်။ မမြင်ရတဲ့ မိုက်တစ်လုံးကို သူ့ရှေ့ချပေးထားသလိုပဲ။ အကောင်းဆုံးဆိုတဲ့ အမေရိကန်အဆိုတော်တုိင်းလိုလိုပဲ၊ သူ့အသံမှာ စိုးရွံ့မှုလေးတွေ၊ နှေးဖင့်မှု အငွေ့အသက်လေးတွေ ပါနေတယ်။ သူ့အနေနဲ့ ဒီပုံစံအတိုင်း သူ့နှလုံးသားကို လူမြင်အောင် ဖွင့်ပြဖို့ရာမှာ မဝံ့မရဲနဲ့ ဖြစ်နေရတဲ့ လူတစ်ယောက်လိုပဲ။ ဒါကတကယ့် အကျော်ဒေးယျ မှန်သမျှရဲ့ ဆိုဟန်ဆိုပေါက်ပဲ။

ကျွန်တော်တို့ သီချင်းကို ဆက်ဆိုကြ၊ တီးကြတယ်။ ခရီးသွားတဲ့အကြောင်းတွေ၊ နှုတ်ဆက်ကြတာတွေ။ အမေရိကန်သားတစ်ယောက်က သူ့ကောင်မလေးကို ထားခဲ့ပြီး ခရီးထွက်တော့မယ်။ မြို့တွေတစ်မြို့ပြီး တစ်မြို့ဖြတ်လာပေမယ့် သူကသူ့အမျိုးသမီးအကြောင်းကို တွေးမိနေဆဲပဲ။ ဖီးနစ်၊ အိုကလာဟိုးမား၊ ကျွန်တော့်အမေ ဘယ်တုန်းကမှ မရောက်နိုင်ခဲ့မယ့် လမ်းမကြီးအတိုင်း ကားမောင်းလာခဲ့တယ်။ အတိတ်အကြောင်းတွေကို ဒီလိုမှပဲ နောက်ချန်ထားနိုင်တော့မယ်။ ဒါကကျွန်တော့်အမေတွေးခဲ့တဲ့အတွေးလို့ ကျွန်တော်ထင်တယ်။ ကြေကွဲဝမ်းနည်းမှုဆိုတာ ဒါမျိုးပဲ။ သီချင်းလည်းဆုံးရော၊ မစ္စတာ Gardner က “အိုကေ၊ နောက်တစ်ပုဒ် ဆက်တိုက်ဆိုရအောင်၊ “လွယ်လွယ်နဲ့ ချစ်မိတတ်ခဲ့တဲ့ ကိုယ်ပါ”ကို ဆက်ဆိုရအောင်”လို့ ပြောလာတယ်။

ဒါက မစ္စတာ Gardner နဲ့ အတူတွဲတီးဖြစ်တဲ့ ပထမဦးဆုံးအကြိမ်ပဲ။ စိတ်နှစ်ပြီးတီးနိုင်ဖို့ ခံစားချက်ရှိရှိ ဖြစ်ဖို့လိုနေသေးပေမယ့် အဆင်ပြေပြေဖြစ်အောင် လုပ်နိုင်လိုက်တယ်။ မစ္စတာ Gardner က ဒီသီချင်းအကြောင်း ကျွန်တော့်ကို ပြောခဲ့ဖူးတာမို့၊ ကျွန်တော့်မှာ ပြတင်းပေါက်ကိုပဲ စိုက်ကြည့်နေမိတယ်။ ဒါပေမယ့် မစ္စ Gardner ဆီကနေ ဘာမှတုံ့ပြန်မလာဘူး။ ဘာလှုပ်ရှားမှုမှ မရှိဘူး၊ ဘာသံမှ မကြားရဘူး။ ဘာဆိုဘာမှ ပြန်မရဘူး။ ဒီလိုနဲ့ သီချင်းက အဆုံးသတ်သွားတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ  တိတ်ဆိတ်မှောင်မိုက်သွားပြန်တယ်။ အနီးအပါးမှာတော့ တစ်ချို့အိမ်နီးချင်းတွေက ပြတင်းပေါက်တွေကို တွန်းပြီးဖွင့်သံကို ကြားလိုက်ရတယ်။ ကြည့်ရတာ ကျွန်တော်တို့ ဆိုတာတီးတာကို ပိုကောင်းကောင်း ကြားနိုင်အောင်လို့နဲ့ တူပါရဲ့။ ဒါပေမယ့် မစ္စ Gardner ရဲ့ ပြတင်းပေါက်ကတော့ ဘာမှတုံ့ပြန်မှု မရှိဘူး။

“ကိုယ့်အချစ်ကလေးအတွက် သီချင်းတစ်ပုဒ်” ကို ခပ်ဖြည်းဖြည်းပဲ ဆိုကြ၊ တီးလိုက်ကြတယ်။ ဘာစည်းချက်မှ မပါသလိုပဲ။ နောက်တော့ အားလုံးတိတ်ဆိတ်သွားပြန်တယ်။ ကျွန်တော်တို့တတွေ ပြတင်းပေါက်ကို မော့ကြည့်ကြတယ်။ တစ်မိနစ်လောက်ကြာတော့မှ အသံတစ်ခုကို ကြားလိုက်ရတယ်။ ကြားတယ်ဆိုရုံလေးကြားရတာဆိုပေမယ့်၊ ကြားလိုက်ရတယ်ဆိုတာတော့ သေချာတယ်။ မစ္စ Gardner က ရှိုက်ပြီးတော့ကို ငိုနေတယ်။

“ကျွန်တော်တို့ လုပ်လိုက်နိုင်ပြီ၊ မစ္စတာ Gardner ရေ။”လို့ ခပ်တိုးတိုးပြောလိုက်ပြီး “ခင်ဗျားအမျိုးသမီးကျသွားအောင်တော့ လုပ်လိုက်နိုင်လိုက်ပြီ”

ဒါပေမယ့် မစ္စတာ Gardner ကြည့်ရတာ ဝမ်းသာပုံမရဘူး။ ခေါင်းကိုခပ်ဖြည်းဖြည်းခါရင်း ထိုင်ချလိုက်ပြီး Vittorio ကို လက်ဟန်ပြလိုက်တယ်။ “ငါတို့ကို ဟိုဘက်အခြမ်းရောက်အောင် ပို့ပေးကွာ။ ဒီတစ်ခါ ငါအထဲဝင်မယ်”လို့ လှမ်းပြောလိုက်တယ်။

ကျွန်တော်တို့တတွေ စထွက်လာခဲ့တယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကို မကြည့်မိအောင် ရှောင်နေပုံပဲ။ ကျွန်တော်တို့ အခုလို ဆိုခဲ့တီးခဲ့တဲ့အတွက် သူ့မှာအရှက်ရနေသလို။ ဒီကိစ္စကြီးတစ်ခုလုံးက နောက်ပြောင်မှု တစ်မျိုးမျိုးပဲလားလို့ ကျွန်တော်စပြီး အတွေးဝင်လာတယ်။ ကျွန်တော်သိသမျှကတော့ ဒီသီချင်းတွေက မစ္စ Gardner အတွက်တော့ ဆိုးဆိုးရွားရွားကို သက်ရောက်စေခဲ့တယ်ဆိုတာပဲ။ ဂစ်တာကို အဝေးမှာ ချထားလိုက်ရင်း ဒီအတိုင်း ထိုင်နေမိတယ်။ မျက်နှာက ဆူပုတ်နေမလားပဲ။ ကျွန်တော်တို့ အဲဒီအတိုင်းပဲ ခဏလောက် ခရီးဆက်ခဲ့ကြတယ်။

နောက်တော့ ပိုကျယ်တဲ့ တူးမြောင်းဆီကို ရောက်သွားတယ်။ ရေပေါ်တက္ကဆီတွေက ရုတ်တရက်ပေါ်လာပြီး ကျွန်တော်တို့ကို ခပ်သွက်သွက်ကျော်တက်သွားတယ်။ ဂွန်ဒိုလာလှေလေးအောက်မှာ လှိုင်းတွေထကျန်ခဲ့တယ်။ မစ္စတာ Gardner တို့ရဲ့ တူးမြောင်းကမ်းပါးက အိမ်နားရှေ့ကို ရောက်လာတော့ Vittorio က ဆိပ်ခံတံတားနဲ့ ကပ်ပြီး ရပ်ပေးလိုက်တယ်။ ကျွန်တော်ကပဲ

“မစ္စတာ Gardner ရေ၊ ခင်ဗျားက ကျွန်တော်ကြီးပျင်းလာခဲ့တဲ့ ဘဝမှာ အင်မတန် အရေးပါတဲ့ အပိုင်းက ပါဝင်ခဲ့သူပါ။ ဒီညကတော့ ကျွန်တော့်အတွက် အရေးပါတဲ့ညပါပဲ။ ဒီနေရာမှာတင် ဒီအတိုင်း နှုတ်ဆက်လိုက်ကြပြီး ခင်ဗျားကို နောက်ထပ် ထပ်မတွေ့ရတော့ဘူးဆိုရင် ကျွန်တော့်ဘဝရဲ့ ကျန်တဲ့အချိန်တွေ အားလုံးမှာ တစ်ခုခုကို ဝေခွဲမရနိုင်ဖြစ်ပြီး နေသွားရတော့မှာပဲ။ အဲဒီတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောစမ်းပါ။ အခု မစ္စ Gardner က ဘာလို့ငိုနေတာလဲ။ သူဝမ်းသာလို့ပဲလား၊ ဒါမှမဟုတ် စိတ်မကောင်းဖြစ်လို့လား။ သူဘာလို့ငိုနေတာလဲ။”

သူပြန်ဖြေလိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့မိတယ်။ အလင်းရောင်မှိန်မှိန်အောက်မှာ သူ့အသွင်သဏ္ဍာန်က လှေဦးပိုင်းဆီကို ခါးကိုင်းပြီး ငုံ့ကြည့်နေသလို ဖြစ်နေတယ်။ ဒါပေမယ့် Vittorio က လှေကို ဆိပ်ခံတံတားတိုင်မှာ ချည်နေတုန်းမှာပဲ ခပ်သွက်သွက်လေသံနဲ့

“ကိုယ်တို့အခုလို ဆိုပြတာကို သူဝမ်းသာပုံပဲကွ။ ဒါပေမယ့် သေချာတာက သူဝမ်းနည်းသွားတယ်။ ကိုယ်တို့နှစ်ယောက်စလုံး ဝမ်းနည်းမိကြတယ်။ ၂၇ နှစ်ဆိုတာ အချိန်တွေ အကြာကြီးပါကွာ။ ဒါပေမယ့် ဒီခရီးစဉ်ပြီးရင် ကိုယ်တို့ လမ်းခွဲရတော့မယ်။ ဒါဟာ ကိုယ်တို့နှစ်ယောက် အတူထွက်ဖြစ်တဲ့ နောက်ဆုံးခရီးပဲ”

“အဲဒီလိုကြားရတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ”လို့ ကျွန်တော်က ငြင်ငြင်သာသာ ပြောလိုက်ရင်း “ကျွန်တော့်အထင်တော့ အိမ်ထောင်တွေ တော်တော်များများက အဆုံးသတ်ဆိုတာ ရှိပုံပဲ။ ၂၇ နှစ်အထိ ခံခဲ့တဲ့ အိမ်ထောင်မျိုးဆိုရင်တောင်မှပေါ့။ ဒါပေမယ့် အနည်းဆုံးတော့ ခင်ဗျားတို့တတွေ အခုလိုပုံစံနဲ့ ခွဲခွာနိုင်ကြသေးတယ်။ ဗင်းနစ်မှာလာပြီး အပန်းဖြေတယ်၊ ဂွန်ဒိုလာပေါ်ကနေ သီချင်းဆိုပြတယ်။ ဒီလိုမျိုးလမ်းခွဲပြီး ဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း ရှိတဲ့ စုံတွဲမျိုး များများစားစား မရှိနိုင်ဘူး”

“ငါတို့ဘာလို့ အဲဒီလို တည်တည်ငြိမ်ငြိမ် ရှိနေလဲသိလား။ ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်နေတုန်းမို့လို့ပေါ့။ ဒါကြောင့်လည်း အပေါ်ထပ်မှာ သူငိုနေတာ။ ငါသူ့ကို ချစ်သလိုမျိုး သူလည်းငါ့ကို ချစ်နေတုန်းပဲလေ”

Vittorio က ဆိပ်ခံတံတားပေါ် ခုန်တက်သွားပေမယ့် ကျွန်တော်နဲ့ မစ္စတာ Gardner တို့ကတော့ အမှောင်ထဲမှာ ထိုင်နေကြတုန်းပဲ။ သူဘာဆက်ပြောမလဲကို စောင့်နေမိတယ်။ သိပ်မကြာလိုက်ဘူး၊ သူ့ကဆက်ပြီးတော့

“ကိုယ်မင်းကို ပြောခဲ့သလိုပေါ့ကွာ။ ပထမဦးဆုံးအကြိမ် Lindy ကိုမြင်မိကတည်းက ကိုယ်သူ့ကို ချစ်ခဲ့တာပါ။ ဒါပေမယ့် သူကိုယ့်ကို ပြန်ချစ်ခဲ့သလား။ ဒီမေးခွန်းက သူ့စိတ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ မေးခွန်းဖြစ်နေမလားလို့ ကိုယ်သံသယရှိနေတယ်။ ကိုယ်ကစတားလေ။ သူသိသမျှဒါပဲ။ အဲဒီအချိန်က ကိုယ်ကသူ့အိပ်မက်ထဲက မင်းသားလေးပဲ။ ဟိုထမင်းဆိုင်မှာ သူသင်ကြားခဲ့သမျှ၊ စီစဉ်ခဲ့သမျှရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သူကိုယ့်ကိုချစ်တယ်၊ မချစ်ဘူးဆိုတာတွေက သူ့အတွက် ဘာမှအရေးမပါဘူး။ ဒါပေမယ့် ၂၇ နှစ်ဆိုတဲ့ အိမ်ထောင်ရေးက သူ့ကိုအများကြီး ပြောင်းလဲစေတယ်။ ဒီလိုကာလရှည်နေလာရင်း ပထမတော့ အချင်းချင်းချစ်ခဲ့ကြမယ်၊ နောက်တော့ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်သွားမယ်။ နောက်တစ်ယောက်ကိုတစ်ယောက် မုန်းတီးလာမယ်။ ဒီလိုမျိုး စုံတွဲတွေအများကြီးရှိသလို၊ ပြောင်းပြန်ဖြစ်သွားတဲ့ စုံတွဲတွေလည်း ရှိတာပဲ။ နှစ်တွေနဲ့ချီပြီး ကြာခဲ့တယ်ဆိုပေမယ့်၊ တစ်နေ့ကိုနည်းနည်းချင်းကိုပဲ Lindy က ကိုယ့်ကိုချစ်လာတယ်။ အစပိုင်းမှာ ကိုယ်ဒါကိုယုံဖို့ခက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒါကလွဲပြီး ဘာမှယုံစရာ မရှိတော့တဲ့အထိ ဖြစ်လာတယ်။ ထမင်းစားပွဲက ထလိုက်လို့ တစ်ယောက်နဲ့တစ်ယောက် ပုခုံးချင်းထိမိတာ၊ ဘာအကြောင်းမှမရှိပဲ အခန်းထဲမှာထိုင်ရင်း ပြုံးနေမိကြတာ၊ သူ့စတာနောက်တာ။ ဒီလိုဖြစ်ခဲ့တယ်ပြောရင် လူတွေက အံ့အားသင့်မယ်။ ဒါပေမယ့် ဒီအတိုင်းကို ဖြစ်ခဲ့တာပဲ။ လက်ထပ်ပြီး ငါးနှစ်၊ ခြောက်နှစ်လောက်အကြာမှာ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ပိုရှိလာတယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ပူတတ်လာတယ်၊ ဂရုစိုက်ပေးတတ်လာတယ်။ ကိုယ်ပြောခဲ့သလိုပေါ့။ တစ်ယောက်ကို တစ်ယောက်ချစ်တတ်လာတယ်။ နေ့တိုင်းနေ့တိုင်း ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြဆဲပဲ။”

“ကျွန်တော်နားမလည်ဘူး၊ မစ္စတာ Gardner။ ဒါဆိုခင်ဗျားတို့နှစ်ယောက် ဘာလို့လမ်းခွဲခဲ့ကြတာလဲ။”

သူကသက်ပြင်းချပြန်တယ်။ “မင်းဘယ်နားလည်နိုင်မှာလဲ၊ မိတ်ဆွေလေးရဲ့။ မင်းလာခဲ့တဲ့နေရာမှာ အဲဒါမျိုးတွေမှ မရှိတာ။ ဒါပေမယ့် ဒီညတော့ ကိုယ်မင်းနားလည်အောင် တတ်နိုင်သမျှ ကြိုးစားကြည့်မယ်။ တကယ်တော့ ကိုယ်ကအရင်လို စတားမဟုတ်တော့ဘူး။ မင်းကြိုက်သလောက်ငြင်း၊ ဒါပေမယ့် ကိုယ်လာခဲ့တဲ့နေရာမှာ ဒါကအမှန်တရားပဲ။ ဘာနဲ့မှမပြောင်းလဲနိုင်ဘူး။ ကိုယ်ကနာမည်ကျော် မဟုတ်တော့ဘူး။ အခုလုပ်ရမှာက ဒါကိုလက်ခံနိုင်အောင်ကြိုးစား၊ ပြီးရင် သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်။  အရင်ကရွှေထီးဆောင်းခဲ့တာတွေကို ပြန်တွေးရင်းပေါ့ကွာ။ ဒါမှမဟုတ်၊ ငါမအိုသေးလို့ ကျုံးဝါးမှာလား။ ဂီတလောကထဲ ပြန်ဝင်မှာလား။ ကိုယ့်လိုလူမျိုးတွေ အများကြီးပဲ။ တစ်ချို့က ကိုယ့်ထက် အခြေအနေဆိုးကြတယ်။ ဒါပေမယ့် ပြန်ဝင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ ပြင်ဆင်ထားရမယ်။ တစ်ချို့အပြောင်းအလဲတွေက တကယ်ကို ခက်ခဲတယ်။ ကိုယ်ဘယ်လိုလူဆိုတဲ့ အချက်ကိုတောင် ပြောင်းလဲပစ်နိုင်ရမယ်။ ကိုယ်ချစ်တဲ့အရာတွေကိုတောင်မှ ပြောင်းလဲပစ်နိုင်ရမယ်။”

“ဒါဆိုခင်ဗျားတို့ နှစ်ယောက်ခွဲရမှာက ခင်ဗျားဂီတလောကထဲ ပြန်ဝင်နိုင်ဖို့ပေါ့၊ ဟုတ်လား”

“မင်းတခြားလူတွေကို လိုက်ကြည့်လိုက်လေ။ အောင်အောင်မြင်မြင် ပြန်ဝင်လာနိုင်သူတွေကိုပေါ့။ အခုအချိန်အထိ အောင်မြင်နေသေးတဲ့ ကိုယ်တို့မျိုးဆက်က လူတွေကို ကြည့်လိုက်။ လူတိုင်း နောက်အိမ်ထောင်နဲ့ ဖြစ်နေပြီ။ တစ်ချို့က နှစ်ကြိမ် လက်ထပ်ထားတယ်။ တစ်ချို့များဆို သုံးကြိမ်တောင်မှပဲ။ လူတိုင်းက မိန်းမငယ်ငယ်လေးတွေ ရင်ခွင်ထဲပိုက်လို့။ ကိုယ်နဲ့ Lindy နဲ့က အရွယ်ကျနေကြပြီ။ ဒါ့အပြင်ကိုပဲ ကောင်မလေးတစ်ယောက်ကို ကိုယ်မြင်ထားတယ်။ အဲဒီကောင်မလေးကလည်း ကိုယ့်ကိုမျက်စိကျနေတယ်။ Lindy က အစောကတည်းက ဒါမျိုးကို မြင်ပြီးသား။ ကိုယ့်ထက်အရင်တောင် သူကမြင်ဦးမယ်။ ဖြစ်နိုင်တာက ဟိုးညစာရောင်းတဲ့ ထမင်းဆိုင်ကလေးထဲမှာ Meg က သူ့ကိုသင်ပေးလိုက်ပြီးသားတောင် ဖြစ်နိုင်တယ်။ ကိုယ်တို့ဒီအကြောင်းကို ပြောပြီးနေပြီ။ အခုအချိန်က ကိုယ်တို့ တစ်လမ်းစီ သွားရတော့မယ့် အချိန်ဖြစ်နေပြီဆိုတာ သူနားလည်နေပြီ။”

“ကျွန်တော်အခုအထိ နားမလည်သေးဘူး။ ခင်ဗျားနဲ့ မစ္စ Gardner တို့လာခဲ့တဲ့နေရာက တခြားဒီအပြင်နေရာတွေနဲ့ သိပ်ကွာပုံမရပါဘူး။ ဒါကြောင့်လည်း ခင်ဗျားဒီနှစ်တွေမှာ ဆိုခဲ့တဲ့သီချင်းတွေက ဘယ်နေရာ၊ ဘယ်ဒေသက လူကိုမဆို ခံစားမိနိုင်စေတာပေါ့။ ကျွန်တော်ကိုယ်တိုင်တောင် ခံစားမိတယ်။ ဒီသီချင်းတွေထဲမှာ ဘာတွေပြောထားလဲ။ လူနှစ်ယောက်ချစ်ကြမယ်၊ ပြီးတော့ ခွဲခွာရမယ်ဆိုရင် ဒါကဝမ်းနည်းကြေကွဲစရာပဲ။ ဒါပေမယ့် သူတို့တစ်ယောက်ကိုတစ်ယောက် ဆက်ပြီးချစ်သွားကြမယ်ဆိုရင် သူတို့တတွေ အမြဲတမ်းအတူရှိနေသင့်တယ်။ ဒါသီချင်းတွေက ပြောတဲ့ အကြောင်းအရာလေ”

“မင်းဘာပြောလဲဆိုတာ ကိုယ်နားလည်တယ်။ ဒါကမင်းအတွက် ခက်ခဲမယ်ဆိုတာလည်း ကိုယ်သိပါတယ်။ ဒါပေမယ့် လောကကြီးမှာ ဖြစ်ပျက်နေတာကတော့ အခုအတိုင်းပဲ။ နားထောင်၊ Lindy လည်း ဒီလိုပဲ။ ကိုယ်တို့အခုအချိန် လမ်းခွဲတာက သူ့အတွက် အကောင်းဆုံးပဲ။ သူကမအိုသေးပေမယ့် ငယ်လည်းမငယ်တော့ဘူး။ မင်းမြင်တဲ့အတိုင်း သူကတကယ့်ကို လှတဲ့မိန်းမပဲ။ သူသွားမယ်ဆိုရင် အခုအချိန်သွားသင့်ပြီ။ သူ့မှာအချိန်ရှိတုန်းပေါ့။ အချစ်သစ်ရှာပြီ။ နောက်အိမ်ထောင်ပြုသင့်ပြီ။ သိပ်နောက်မကျသွားခင်ပေ့ါကွာ။”

ဘာဆက်ပြောလို့ ပြောရမှန်း ကျွန်တော်မသိတော့ဘူး။ ဒါပေမယ့် သူကကျွန်တော့်ကို အံ့အားသင့်စေမယ့် စကားတစ်ခွန်းပြောလိုက်တယ်။ “မင်းအမေက၊ ကိုယ့်အထင်ပြောရရင် သူကဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး”

ကျွန်တော်ခဏစဉ်းစားလိုက်ပြီး တိတ်တဆိတ်ပဲ ပြန်ပြောလိုက်တယ်။ “အင်း၊ သူထွက်မသွားခဲ့ဘူး။ ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာတာကို မြင်ရတဲ့အထိ သူမနေခဲ့ရဘူး။”

“ဆိုးတာပေါ့ကွာ။ မင်းအမေက မိန်းမကောင်းဆိုတာ ကိုယ်ကျိန်းသေပေါက် ပြောရတယ်။ ကိုယ်ထင်တာ မှန်မယ်ဆိုရင်၊ နောက်တစ်ခါ ကိုယ့်သီချင်းတွေက သူ့ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုရင် ဒါကကိုယ့်အတွက် အရမ်းကို ဂုဏ်ယူရတဲ့ ကိစ္စပဲ။ ဆိုးတာက သူကရုန်းမထွက်ခဲ့ဘူး။ ကိုယ့်ရဲ့ Lindy ကိုတော့ အဲဒါမျိုးမဖြစ်စေချင်ဘူး။ ဟင့်အင်း၊ မရဘူးကိုယ့်လူ။ Lindy ကိုတော့ အဲဒီလိုမျိုး မဖြစ်စေရဘူး။ Lindy ထွက်သွားတာကိုပဲ ကိုယ်မြင်ချင်တယ်။”

ဂွန်ဒိုလာက ဆိပ်ခံတံတားကို ခပ်ဖွဖွ ဝင်ရိုက်နေတယ်။ Vittorio က အသံခပ်တိုးတိုးနဲ့ လှမ်းခေါ်လိုက်ပြီး သူ့လက်ကို ကျွန်တော်တို့ဆီကို ဆန့်ထုတ်ပေးတယ်။ စက္ကန့်အနည်းငယ်ကြာတော့ မစ္စတာ Gardner က မတ်တပ်ရပ်လိုက်ပြီး ဆိပ်ခံတံတားပေါ် တက်သွားတယ်။ ကျွန်တော်လည်း ဂစ်တာကြီးလွယ်ပြီး လိုက်တက်သွားတယ်။ Vittorio ဆီကတော့ လှေအလကားလိုက်မစီးချင်ဘူး။ မစ္စတာ Gardner က သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။

Vittorio ကတော့ ပိုက်ဆံတွေရလို့ ကျေနပ်သွားပုံပဲ။ ထုံးစံအတိုင်း ချိုချိုသာသာနှုတ်ဆက်ရင်း သူ့ဂွန်ဒိုလာပေါ် ပြန်တက်ပြီး တူးမြောင်းအတိုင်း ထွက်ခွာသွားတယ်။အမှောင်ထဲသူပျောက်သွားတာကို ကျွန်တော်တို့ ငေးကြည့်နေကြတယ်။ နောက်တော့ မစ္စတာ Gardner က ကျွန်တော့်လက်ထဲ ပိုက်ဆံတစ်ထပ်ထည့်ပေးတယ်။ ကျွန်တော်ကတောင် ဒါများလွန်းတယ်၊ ဘာပဲဖြစ်ဖြစ် သူ့အတွက် တီးပေးရတာ ကျွန်တော့်အဖို့ ဂုဏ်ယူစရာပါလို့ ပြောတာတောင်မှပဲ သူကမကြားချင်ယောင်ဆောင်ပြီး လုံးဝကိုပြန်မယူဘူး။

“ထားလိုက်၊ ထားလိုက်”ဆိုပြီး သူ့မျက်နှာရှေ့မှာ လက်တွေကို ယမ်းပြနေတယ်။ သူ့အနေနဲ့ ဒါကို အဆုံးသတ်ချင်နေသလိုပဲ။ ပိုက်ဆံတွေကို ပြောတာမဟုတ်ဘူး။ ကျွန်တော်နဲ့ရော၊ ဒီညကိုရော၊ သူ့ဘဝရဲ့ ဒီ ၂၇ နှစ်တာ အစိတ်အပိုင်းကြီးကိုရောပေါ့။ သူ့အိမ်ဘက်ရှိရာဆီ လျှောက်သွားရင်းကနေ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာတော့ ရုတ်တရက် ရပ်လိုက်ပြီး ကျွန်တော့်ကို ပြန်လှည့်ကြည့်တယ်။ ကျွန်တော်တို့ရပ်နေတဲ့ လမ်းကျဉ်းကလေး၊ တူးမြောင်း၊ ဟိုးအဝေးက တီဗီအသံ ခပ်သဲ့သဲ့ကလွဲရင် အားလုံးက တိတ်ဆိတ်နေပြီ။

“ဒီညမင်းတီးတာ သိပ်ကောင်းတယ်ကွာ၊ သိလား၊ မိတ်ဆွေလေး”လို့ပြောရင်း “မင်းကပါရမီရှိတယ်ကွ”

“ကျေးဇူးပဲ၊ မစ္စတာ Gardner ရေ။ ခင်ဗျားဆိုတာလည်း အရမ်းကောင်းတယ်။ ခင်ဗျားကတော့ အမြဲတမ်း အကျော်ဒေးယျပဲ။”

“ကိုယ်တို့လင်မယား မပြန်ခင် မင်းတို့ရင်ပြင်ဆီလာပြီး မင်းတို့အဖွဲ့တီးတာကို လာနားထောင်ဦးမယ်ကွာ”
“ကျွန်တော်လည်း အဲဒီလိုမျှော်လင့်ပါတယ်”

ဒါပေမယ့် ကျွန်တော်သူ့ကို အဲဒီကတည်းက နောက်တစ်ကြိမ် ပြန်မတွေ့ရတော့ဘူး။ ကျွန်တော်တို့ ဆုံခဲ့ပြီးလို့ လအနည်းငယ်အကြာ၊ ဆောင်းဦးအရောက်မှာ၊ မစ္စတာနဲ့ မစ္စ Gardner တို့ ကွာရှင်းခဲ့ကြတယ်ဆိုတဲ့ သတင်းကို ကြားရတယ်။ ဖလိုရီယံက စားပွဲထိုးတစ်ယောက်က တစ်နေရာရာမှာ ဖတ်လာခဲ့တာကို ကျွန်တော့်ကို ပြန်ပြောပြတာ။ အဲဒီအချိန်မှာ ဟိုညက အကြောင်းတွေကို ပြန်တွေးမိပြီး၊ ကျွန်တော့်မှာ နည်းနည်းတော့ ဝမ်းနည်းမိတယ်။ မစ္စတာ Gardner ဟာ လူကောင်းတစ်ယောက်ပါ။ သူဂီတလောကထဲ ပြန်လာသည်ဖြစ်စေ၊ ပြန်မလာတော့သည်ဖြစ်စေ၊ သူကအကျော်ဒေးယျတွေထဲက တစ်ယောက် အမြဲတမ်း ဖြစ်နေမှာပါပဲ။

sign

Giacomo

2014. Aug. 11

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s