နိုင်ငံရေးနဲ့ဗောဇ္ဈင် ၇ ပါး

လွန်ခဲ့တဲ့လေးနှစ် ၂၀၁၃ ဇန်နဝါရီလောက်က ရေးခဲ့တဲ့ ဆောင်းပါးပါ။ ဗုဒ္ဓရဲ့ သန့်စင်ခြင်းတရား (၇) ပါး ဗောဇ္ဈင်တရားတွေကို ခေတ်သစ်နိုင်ငံရေးမှာ ဘယ်လိုအသုံးချနိုင်မယ်ဆိုတာကို လေ့လာထားတာ ဖြစ်ပြီး ဒီနေ့အချိန်အထိ ခေတ်မီသေးတယ်… အသုံးတဲ့သေးတယ်လို့ ယူဆလို့ ပြန်လည်တင်ပြတာ ဖြစ်ပါတယ်။

(၁) ဗောဇ္ဈင်

ဗောဇ္ဈင်ဆိုတာ ဗောဓိနဲ့ အင်္ဂဆိုတဲ့ ပါဠိစကားနှစ်ခုကို ပေါင်းထားတဲ့စကား၊ ဗောဓိဆိုတာ အသိဉာဏ်။ အင်္ဂဆိုတာ စရိုက်လက္ခဏာ၊ အင်္ဂါအစိတ်အပိုင်း… အဲဒီတော့ ဗောဇ္ဈင်ကို ဘာသာပြန်ရင် ပညာရဲ့စရိုက်လက္ခဏာတွေလို့ ပြောလို့ရတယ်… သူ့မှာ အစိတ်အပိုင်း ၇ ခုပါတယ်…

  • (၁) သတိသမ္ဗောဇ္ဈင် = သတိရှိမှု၊ မမေ့မလျော့မှု
  • (၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = လောကမှာရှိတဲ့ အခြင်းအရာတွေရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိမြင်မှု
  • (၃) ဝီရိယသမ္ဗောဇ္ဈင် = ကြိုးစားအားထုတ်မှု
  • (၄) ပီတိသမ္ဗောဇ္ဈင် = ကျေနပ်အားရမှု
  • (၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = အေးငြိမ်းချမ်းသာမှု
  • (၆) သမာဓိသမ္ဗောဇ္ဈင် = တည်ငြိမ်ရင့်ကျက်မှု
  • (၇) ဥပေက္ခာသမ္ဗောဇ္ဈင် = သူ့သဘောသူဆောင်နေတဲ့ လောကကို သာစေနာစေ၊ ပိုစေလျော့စေဆိုတဲ့ မိမိခံစားချက်မပါပဲ အရှိကိုအရှိအတိုင်း သာတူညီမျှလက်ခံမှု

အဲဒီအစိတ်အပိုင်း ၇ ခုပါတယ်…

လောကမှာရှိတဲ့ ပြုဖွယ်ကိစ္စအဝဝမှာ (လောကီရေး၊ လောကုတ္တရာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ သားရေး၊ သမီးရေး) ဘယ်ကိစ္စမှာမဆို သူ့နေရာနဲ့သူ ထိန်းကျောင်းမောင်းနှင်ရတဲ့ အတတ်ပညာတွေရှိတယ်… ကားမောင်းချင်ရင် ကားမောင်းသင်ရတယ်၊ လေယာဉ်ပျံမောင်း သင်ရတယ်၊ မြင်းစီးချင်ရင် မြင်းစီးတာ သင်ရတယ်၊ နွားလှည်းမောင်းချင်ရင် နွားလှည်းမောင်းတဲ့ ပညာသင်ရတယ်… ဘယ်နေရာမဆို သူ့ပညာနဲ့သူရှိတယ်… သူ့သဘာဝနဲ့သူရှိတယ်… တစ်ခါဘယ်ပညာရပ်မှာမဆို တစ်ခုနဲ့တစ်ခု တူညီတဲ့အင်္ဂါရပ်တွေရှိတယ်… အဲဒီအင်္ဂါရပ်တွေနဲ့ ပတ်သက်လို့ ဗုဒ္ဓက ဒီဗောဇ္ဈင် ၇ ပါးဟာ ပညာရပ်တိုင်း ပညာရပ်တိုင်းရဲ့ အခြေခံအင်္ဂါရပ်တွေပဲဆိုပြီး ပညာရဲ့အထောက်အပံ့၊ ပညာရဲ့မှီရာတည်ရာလို့ ပြောခဲ့တယ်။

 

(၂) ဗောဇ္ဈင်နဲ့ လူမှုပြဿနာတွေ

ပညာဟာ ဘာနဲ့တူလည်းဆိုတော့ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တွေနဲ့တူတယ်… လူတိုင်းလူတိုင်းအတွက် အတူတူပဲ ကျပေးနေတယ်… ဘယ်သူ့အတွက်က ဘယ်နှစ်ပေါက်၊ ဘယ်သူကတော့ ဆင်းရဲလို့ ဘယ်နှစ်ပေါက်ပဲယူ၊ ဘယ်သူကတော့ ရာထူးကြီးတဲ့ပုဂ္ဂိုလ်ရဲ့ သားသမီးမို့လို့ ဘယ်နှစ်ပေါက်ပိုယူဆိုပြီး မရှိဘူး… အားလုံးအပေါ် အယုတ်အလတ်အမြတ်မရွေး ညီတူမျှတူ ရွာချပေးနေတယ်… ဒါပေမယ့် ခံယူတဲ့အခါမှာ တစ်ချို့က ကိုယ့်လက်ခုတ်ကလေး တစ်ခုစာပဲ ခံတယ်… လက်ခုတ်တစ်ခုစာ ဘယ်လောက်ရမှာလဲ… လက်ကြားက ယိုတာက ရှိသေးတယ်… တစ်ချို့ကြတော့ ပိန်းရွက်၊ ကြာရွက်တွေကို ကန်တော့လေးလုပ်ပြီး ခံတယ်… ဒါလည်းသိပ်မရပါဘူး… တစ်ချို့က အုန်းမှုတ်ခွက်ကလေးနဲ့ခံတယ်… အဲ… တစ်ချို့ကတော့ ရာဝင်အိုးကြီးတွေနဲ့ ခံကြတာတဲ့… မိုးတိတ်သွားချိန်မှာ ရေတွေအများကြီး အလျံပယ်ရလိုက်ကြတယ်တဲ့…

အဲဒီလိုပဲ လောကမှာ ပညာရပ်တွေဟာ ပျံ့နှံ့ပြီး လေ့လာလို့ မကုန်နိုင်ဘူး… လေ့လာလိုက်စားမိလေလေ ပိုပိုနက်ရှိုင်းလာလေလေပဲ… ဒါပေမယ့်တစ်ချို့က ဝီရိယသမ္ဗောဇ္ဈင် မရှိဘူး… ပျင်းတယ်… ဒါကြောင့်သိပ်မတတ်ဘူး…

တစ်ချို့က ဝီရိယတော့ရှိပါရဲ့ သတိမရှိဘူး… မေ့တတ်တယ်… တစ်ချို့က သတိကောင်းတယ်… မှတ်သားနိုင်တယ်ဆိုပေမယ့် သမာဓိသမ္ဗောဇ္ဈင် မရှိဘူး… ဟိုလိုလိုဒီလိုလိုနဲ့ တစ်ခုခုကိုဇောက်ချမလုပ်ဘူး… အဲဒီလိုလူတွေက လက်ခုတ်ကလေးနဲ့ရေခံသလို၊ ကြာရွက်၊ပိန်းရွက်တွေနဲ့ရေခံသလို၊ အုန်းမှုတ်ခွက်နဲ့ရေခံသလို ခံတဲ့သူတွေပါတဲ့… ဗောဇ္ဈင် ၇ ပါးနဲ့ပြည့်စုံသူကတော့ ဘာပညာသင်သင်၊ စီးပွားစီမံခန့်ခွဲတာ Business Management တွေ၊ IT ပညာတွေ၊ စာရင်းအင်းပညာ statistics တွေ၊ ငွေစာရင်းပညာ account တွေ၊ ဘာပညာသင်သင် ရာဝင်အိုးနဲ့ရေခံသလိုပါပဲတဲ့… တင်းပြည့်ကျပ်ပြည့်ရနိုင်တယ်တဲ့….

တစ်ခါစီးပွားရေးကြည့်တော့လည်း ဝီရိယသမ္ဗောဇ္ဈင် မရှိရင် မကြီးပွားနိုင်ဘူး… သူများက ဆိုင်ခင်းနေပြီ… ကိုယ်ကအိပ်တုန်းဆို မဟုတ်သေးဘူး… သတိသမ္ဗောဇ္ဈင် မရှိရင် ကိုယ့်အထက်အရာရှိက ကိုယ့်ကိုအလုပ်တစ်ခုခိုင်းလိုက်တယ်… သတိလက်မဲ့ဆောင်ရွက်လိုက်တော့ အမှားတွေမှားလာတယ်… လူကြီးက hair dryer နဲ့ မှုတ်ပါလေရော… မဟုတ်ဘူးလား… နောက်တစ်ခါကိုယ်ပိုင်အလုပ်ပဲလုပ်လုပ်… သူများဝန်ထမ်းပဲလုပ်လုပ် ကိုယ်လုပ်နေတဲ့အလုပ်မှာ ပီတိသမ္ဗောဇ္ဈင်ဆိုတဲ့ အားရကျေနပ်မှုမရှိရင်၊ ဒီအလုပ်ကိုလုပ်နေရတာ စိတ်ဆင်းရဲစရာကြီး၊ ပျော်စရာမကောင်းဘူးလို့ တွေးနေတယ်ဆိုရင် အဲဒီလူဟာ အဲဒီအလုပ်မှာ မအောင်မြင်တော့ဘူး… သမာဓိသမ္ဗောဇ္ဈင် မရှိရင် ဥပမာ… ကိုယ်ကစာရေးဆရာဖြစ်ချင်တယ်… အဲဒါကို ကျောင်းဆရာအလုပ်တွေ လိုက်လုပ်နေလို့ မရဘူး… ဗေဒင်ဆရာအလုပ်တွေ လိုက်လုပ်နေလို့မရဘူး… စာရေးဆရာဖြစ်ချင်သူက ကောင်းကောင်းမကောင်းကောင်း… စာရေးတဲ့အလုပ်ကိုတော့ စူးစူးစိုက်စိုက်နဲ့ တည်တည်ငြိမ်ငြိမ် အားထုတ်နေဖို့လိုတယ်… ဟိုခုန်ဒီခုန်လုပ်နေလို့မရဘူး…

ဒါကပညာရေး စီးပွားရေးပဲပြောသေးတာ… တခြားလူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ သားရေး၊ သမီးရေး အားလုံးမှာ သူ့နေရာနဲ့သူ အတတ်ပညာလေးတွေရှိတယ်… အဲဒီပညာတွေကို လိုချင်ရင် ကိုယ့်မှာ ဗောဇ္ဈင် ၇ ပါး ပြည့်စုံနေဖို့ လိုတယ်…

 

(၃) လူငယ်နဲ့ ဗောဇ္ဈင်

ဗောဇ္ဈင်တွေအကြောင်း ပြောတော့မယ်ဆိုပြီး စဉ်းစားတော့ နိဗ္ဗာန်ရောက်ကြောင်း ဗောဇ္ဈင်တရားတွေကို အများကြီးနာဖူးတယ်… အဓိကကတော့ သပြေကန်ဆရာတော်ရေးတဲ့ ဗောဇ္ဈင် ၇ ပါး တရားမြတ်ရတနာဆိုတဲ့ စာအုပ်ကိုလည်း ဖတ်ဖူးတယ်… အခုဒီဆောင်းပါးတွေမှာပါတဲ့ ဗောဇ္ဈင်တရားတွေက အဲဒီစာအုပ်နဲ့ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ(ပါချုပ်ဆရာတော်)တို့ရဲ့ တရားတွေကနေ အခြေခံတာပဲ… နှစ်ခုယှဉ်လို့ အယူဝါဒနည်းနည်းလွဲရင် ဘာသာပြန်ပုံကွဲလွဲရင် ပါချုပ်ဆရာတော်ရဲ့ ဘာသာပြန်မူကို ယူတယ်… ဘာလို့လဲဆိုတော့ ဥပေက္ခာကို ပါချုပ်ဆရာတော်က လျစ်လျူရှုတယ်လို့ မပြန်ဘူး… သူ့သဘောသူဆောင်နေတဲ့ တရားတွေမို့လို့၊ ကိုယ်ကဝင်မစွတ်ဖက်ပဲ သူ့အတိုင်းထားလိုက်တယ်လို့ ဘာသာပြန်တယ်… လျစ်လျူရှုတယ်ဆိုတာ neglect လုပ်တာပဲ… ဒါကြီးကို မကြိုက်ဘူး… ကိုယ်ဝင်ပါလို့ ဘာမှထူးမလာမယ့်ကိစ္စမို့

ဘေးထွက်နေလိုက်တယ် ဆိုတာက ပိုအဆင်ပြေတယ်…

တစ်ခါအဲဒီလို အများအပြားဖတ်ဖူး နာဖူးတဲ့အထဲမှာ လူငယ်တွေကို ဒီအကြောင်းတွေကို ပြန်ပြောပြရင် နားလည်လွယ်ပါ့မလား… နားထောင်ချင်ပါ့မလားဆိုပြီး တွေးမိတော့ အဖြေက နားမထောင်ချင်လောက်ဖူး… နိဗ္ဗာန်ဆိုတာ ဘယ်နေမှန်းမသိသေးဘူး… လတ်တလောဖြေရှင်းရမှာက စားဝတ်နေရေး… လူငယ်တွေမှာ ဖိစီးမှုတွေပိုများလာတယ်… ကိုယ်တွေခေတ်ကထက် အခုလူငယ်တွေ ပိုဖိစီးတယ်… ကိုယ်တွေတုန်း မိုဘိုင်းဖုန်းတစ်လုံးကို သိန်းသုံးဆယ်လောက်တန်တယ်… ဝယ်ဖို့ဆိုတာ စိတ်မကူးဘူး… အခုခေတ်လူငယ်တွေ လစာလေးတွေစု… Sim ကတ်လေးဝယ်… သူများ S3 ဆို S3 ကြတယ်… iPhone 5 ဆို လိုက် 5 ကြတယ်… အချိန်တန်ရင်း ၁ သောင်း တတ်နိုင်သူက ၁ သောင်း၊ ၅ ထောင် တတ်နိုင်သူက ၅ ထောင်နဲ့ Top up လုပ်ကြရတယ်… တပြားမှမရှိတော့လည်း Missed call ပေးကြရတယ်… ကိုယ်တွေခေတ်မှာ ဒါမျိုးမရှိဘူး… သူများကိုင်လို့ လိုက်ကိုင်ချင်တယ်ဆိုတဲ့ စိတ်လည်း ဒီနေ့အထိမရှိဘူး… အခုထိ ၂၁၀၁၄၁ ဖုန်းစုတ်ကြီးကနေပဲ ဆက်နေတာပဲ… ဒါကြီးနဲ့ဆက်လို့ရနေတော့ ဟိုဟာကြီး ဘာလို့ပိုက်ဆံကုန်ခံဝယ်မှာလဲ တွေးမိတယ်…

ဒီလိုဖိစည်းမှုတွေကို လျော့ပါးသွားအောင်က ဓမ္မနဲ့သာလျှင် လုပ်နိုင်တယ်… ဒါပေမယ့် ဓမ္မရဲ့အနှစ်သာရတွေကို လူငယ်တွေနဲ့ မိတ်ဆက်ပေးတဲ့အခါမှာ သူတို့နှစ်သက်မယ့် လမ်းကြောင်းကနေ မိတ်ဆက်ပေးနိုင်ဖို့ လိုတယ်… ကမ္ဘာတည်ဦးက မိထူးလင်ရသလို ဘုရားတည်၊ ကျောင်းဆောက်၊ ဖောင်းပိန်၊ ရှူးရှဲ ၊ ကိုက်ခဲနာကျဉ်၊ ထိသိ အမှတ်တွေနဲ့ ကလေးတွေကို နှိပ်စက်နေတာ တော်လောက်ပြီ။ လောကရဲ့ဓမ္မဆိုတာကို အနှစ်သာရထုတ်ပြီး လူငယ်တွေ လက်ထဲထည့်ပေးဖို့ အချိန်တန်ပြီ။ သူတို့သိချင်တာ ဘာလဲ… သူတို့ကိုဖိစီးနေတာတွေကို ဓမ္မနည်းလမ်းနဲ့ ဘယ်လိုဖြေလျော့ရမယ်ဆိုတာကို သိချင်နေကြတာ… S3 လိုချင်တာ၊ iPhone လိုချင်တာ တဏှာကွ၊ ကိလေသာကွ၊ ဒိဋ္ဌိကွ… အဲဒါကြောင့် တဏှာဖယ်ဖို့၊ ကိလေသာဖယ်ဖို့၊ ဒိဋ္ဌိဖြုတ်ရမယ်… လာစမ်း… ထိုင်စမ်း… ဖောင်းပိန်၊ ရှူးရှဲ၊ ကိုက်ခဲနာကျဉ်၊ ထိသိတွေ လုပ်စမ်းဆိုရင် လူငယ်တွေ ငရဲပို့တာထက်တောင် ဆိုးကုန်မှာပေါ့…  ဒီလိုသာလုပ်လို့ရရိုးဆိုရင် ဗုဒ္ဓက သီလ၊ သမာဓိ၊ ပညာဆိုတာ ဘယ်ထားခဲ့ပါ့မလဲ… ဝိပဿနာလမ်းကြောင်းပေါ်ရောက်ဖို့က အရင်ဆုံး ကိုယ်ကျင့်တရားကောင်းအောင် လေ့ကျင့်ရမယ်၊ စိတ်ဓါတ်တည်ကြည်အောင် လေ့ကျင့်ရမယ်၊ ဉာဏ်အမြင်ထက်သန်အောင် လေ့ကျင့်ရဦးမယ်… အကြားအမြင်ဗဟုသုတ များရဦးမယ်…

ဒီတော့ လူငယ်တွေကို ဗောဇ္ဈင်အကြောင်းပြောမယ်ဆိုတော့ လူမှုဘဝတွေမှာ၊ လူငယ်တွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ ဗောဇ္ဈင်တွေကို အသုံးချရင်း ဘယ်လိုကျော်လွှားမယ်ဆိုတဲ့ အတွေးအမြင်တွေကနေ စတာကောင်းမယ်လို့ စိတ်ကူးမိတယ်… တဖြည်းဖြည်း လက်တွေ့ဘဝတွေမှာ ဗောဇ္ဈင်တွေနဲ့ ရင်းနှီးရင်း ရင်းနှီးရင်း နောက်ဆုံးမဂ်၊ ဖိုလ်ရတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ဝိပဿနာစိတ်တွေကို ရင်းနှီးလာအောင်၊ ဓမ္မမှာပျော်မွေ့လာအောင် လုပ်ယူတာ ကောင်းမယ်လို့ စိတ်ကူးတယ်… ဒါကြောင့်ဒီနေ့အတွက် ဗောဇ္ဈင်နဲ့ လူမှုပြဿနာတွေကို နိုင်ငံရေးနဲ့ ဗောဇ္ဈင် ၇ ပါး ဆိုတာကနေ စပြောဖို့ စိတ်ကူးမိတာ… တစ်ဖက်မှာ နိုင်ငံရေးစာပေတွေ တောက်လျှောက် ဘာသာပြန်နေတယ်… နောက်တစ်ခါ တိုင်းပြည်မှာ ဒီမိုကရေစီဆိုတဲ့အသံကို နားစွံနားဖျားနဲ့ ကြားလာရတဲ့အခါမှာ လူငယ်တွေ စိတ်ထဲ နိုင်ငံရေးအသိတွေ နိုးကြားလာနေတယ်… တစ်ခါလူဆိုတာ နိုင်ငံရေးသတ္တဝါ… နိုင်ငံရေးနဲ့ ကင်းပြီး နေလို့ရတဲ့သူ မရှိဘူး… ဒီတော့နိုင်ငံရေးမှာ ဗောဇ္ဈင်တရားတွေကို အသုံးချနိုင်ဖို့အတွက် စဉ်းစားဖို့လိုလာတယ်… ဒီလိုနဲ့ပဲ ဒီနေ့လူငယ်တွေအတွက် နိုင်ငံရေးနဲ့ ဗောဇ္ဈင် ၇ ပါးဆက်စပ်ပုံတွေကို ရှင်းပြဖို့ အကြံဉာဏ်ဖြစ်လာတာ… ရှေ့ဆက်ပြီးတော့လည်း တခြားလူမှုပြဿနာတွေမှာ ဘယ်လိုနည်းနဲ့ ဗောဇ္ဈင်တွေကို အသုံးချပြီး ဖြေရှင်းနိုင်တယ်ဆိုတာကို လေ့လာကြဦးမှာပါပဲ…

 

(၄) နိုင်ငံရေး

နိုင်ငံရေးဆိုတာ အင်္ဂလိပ်လို ပြောရရင် Politic ပဲ… အဲဒီတော့ Politic ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်နိုင်သလဲ… သူ့ရဲ့ဝိသေသ လက္ခဏာတွေက ဘာတွေလဲ… အလုပ်တစ်ခုမှာ ဘယ်အချက်… ဘယ်အကြောင်းအရာတွေပါရင် နိုင်ငံရေးအလုပ်လို့ ပြောနိုင်ပြီလဲ… ဒါလေးတွေ အရင်ကြည့်ရမယ်…

နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ရင် ပြည်သူလူထုနဲ့ ဆက်စပ်သမျှတိုင်းသည် နိုင်ငံရေးပဲ… ဘယ်နေရာမှာနေတယ်… ဘယ်နှစ်ဦးပါဝင်တယ်… ဘယ်လောက်နယ်ပယ်ဧရိယာ ကျယ်ဝန်းတယ်ဆိုတာကို အပထားလို့ ပြည်သူလူထုဆိုတာ ရှိတဲ့နေရာတိုင်းမှာ ပြည်သူလူထုရဲ့ အရေးကိစ္စတွေ ရှိလာတယ်… ဒါတွေကို ဆောင်ရွက်ခြင်းသည် နိုင်ငံရေးပဲ…

အဲဒီတော့ ပြည်သူလူထုဆိုတာကို လေ့လာကြည့်ရင် နှစ်ပိုင်းတွေ့နိုင်တယ်… ပထမတစ်ပိုင်းက အုပ်ချုပ်သူလူတန်းစားနဲ့ ဒုတိယတစ်ပိုင်းက အုပ်ချုပ်ခံလူတန်းစားဆိုပြီး နှစ်ပိုင်းရှိနေမယ်… တစ်ချို့က အုပ်ချုပ်သူလူတန်းစားကို အစိုးရ… အုပ်ချုပ်ခံလူတန်းစားကို ပြည်သူလူထုလို့ သတ်မှတ်ကြတာမျိုးရှိတယ်… ဒါပေမယ့်ဒါက ခေတ်မမှီတော့တဲ့ သတ်မှတ်ပုံကြီး ဖြစ်သွားပြီ… ဘာလို့လည်းဆိုတော့ ခေတ်သစ်နိုင်ငံရေးမှာက ဒီမိုကရေစီကိုပဲ နိုင်ငံရေးလို့ သတ်မှတ်ချင်ကြတော့တယ်… ဒီမိုကရေစီမှာက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆိုတာ နှစ်ခုကြားမှာ တားထားတဲ့စည်းက ပါးပါးလေးဖြစ်သွားပြီ။ မနေ့က အုပ်ချုပ်သူဖြစ်နေသူဟာ ဒီနေ့မှာ အုပ်ချုပ်ခံဖြစ်နေနိုင်တယ်… ဒီနေ့အုပ်ချုပ်ခံဖြစ်နေသူဟာ နက်ဖြန်မှာ အုပ်ချုပ်သူဖြစ်လာနိုင်တယ်… ပြည်သူတွေက သူတို့အထဲက လူပုဂ္ဂိုလ်တွေကိုပဲ ရွေးချယ်ပြီးတော့ အုပ်ချုပ်သူအဖြစ် အသိအမှတ်ပြုနေကြတဲ့ ဒီမိုကရေစီခေတ်မှာတော့ အုပ်ချုပ်သူဆိုတာလည်း ပြည်သူပဲ၊ အုပ်ချုပ်ခံကလည်း ပြည်သူပဲဆိုတာလို ဖြစ်သွားပြီ။

ကောင်းပြီ… အဲဒါဆို အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကို ဘယ်လိုခွဲခြားမလဲ… ပြည်သူလူထုရဲ့ အရေးကိစ္စဆိုတဲ့ အချက်ကိုပြန်ကြည့်ရင် သူ့မှာလည်း အပိုင်းနှစ်ပိုင်း ပါတယ်ဆိုတာ တွေ့မယ်… ပထမတစ်ပိုင်းက အဲဒီလိုအရေးကိစ္စတွေကနေ အကျိုးအမြတ်တွေ ရရှိတဲ့သူနဲ့ ဒုတိယတစ်ပိုင်းက အကျိုးအမြတ်တွေကို ဖော်ဆောင်ပေးရတဲ့သူဆိုပြီး နှစ်ပိုင်းရှိတယ်… အကျိုးအမြတ်ကို ရရှိသူက အုပ်ချုပ်ခံလူတန်းစားပဲ… အကျိုးအမြတ်ကို ဖော်ဆောင်ပေးရသူက အုပ်ချုပ်သူပဲ…

အကျိုးအမြတ်ကို ဖော်ဆောင်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုအကျိုးအမြတ်မျိုးတွေကို ဖော်ဆောင်မှာလဲ ဆိုတာကလည်း စကားပြောသေးတယ်… ပထမတစ်ခုက အတ္တဟိတ = ကိုယ်ကျိုးစီးပွား = individual interest ပေါ့၊ ဒုတိယတစ်ခုက ပရဟိတ = အများနဲ့ဆိုင်တဲ့ အကျိုးစီးပွားတွေ = general interest ပေါ့၊ ဘုံဆိုင်ရာ အကျိုးစီးပွားတွေ၊ တတိယတစ်ခုက စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခု၊ အသိုက်အဝန်းတစ်ခုရဲ့ အကျိုးစီးပွားတွေ = collective interest တွေ… ပြည်သူလူထုရဲ့ အရေးကိစ္စလို့ ပြောလာရင် ဒီသုံးခုထဲက တစ်ခုခုကိုပြောတာပဲ… ဒါပေမယ့်… အဲဒီသုံးခုက တိုင်းပြည်ရဲ့သုံးချောင်းထောက်စားပွဲက ခြေထောက်တွေလိုပဲ တစ်ချောင်းကရှည်ပြီး တစ်ချောင်းကတိုနေလို့ မရဘူး… သုံးချောင်းလုံးညီမျှနေဖို့လည်း လိုတယ်… ဒါကြောင့်နိုင်ငံရေးဆိုတာ ဒီစားပွဲခြေထောက်သုံးချောင်းကို ညီအောင်ညှိပေးခြင်းလို့ ပြောရင်လည်း ရတာပဲ…

ဒီတော့ကာ ခေတ်သစ်နိုင်ငံရေးဆိုတာကို အတတ်နိုင်ဆုံး ခြုံငုံမိအောင် အဓိပ္ပာယ်ဖွင့်ပေးရမယ်ဆိုရင် “ပြည်သူလူထုကနေ သူတို့အကျိုးစီးပွားတွေကို ဆောင်ရွက်ပေးဖို့အတွက် အုပ်ချုပ်သူလူတန်းစားအဖွဲ့အစည်းကို သူတို့စိတ်တိုင်းကျ ရွေးချယ်ဖွဲ့စည်းတယ်။ အုပ်ချုပ်သူ လူတန်းစားဖြစ်လိုသူတွေဟာ ပြည်သူလူထုရဲ့ ရွေးချယ်မှုကို ခံရဖို့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဦးနဲ့တစ်ဦး၊ တရားမျှတစွာ ယှဉ်ပြိုင်ရမယ်၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ရမယ်။ အကောင်းဆုံး စွမ်းဆောင်နိုင်သူတွေသာလျှင် ပြည်သူလူထုရဲ့ ရွေးချယ်မှုကို ခံရမယ်။ အဲဒီလိုရွေးချယ်ခံလိုက်တဲ့ လူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းဟာ ပြည်သူ့အကျိုးစီးပွားအတွက် သူတို့ရဲ့ဆောင်ရွက်ချက်တိုင်းကို ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ့မယ်လို့ တာဝန်ခံချက် ရှိထားဖို့ လိုအပ်တယ်” ဒီအချက်ဟာ ခေတ်သစ်နိုင်ငံရေးကို မောင်းနှင်နေတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ… မဲဘယ်လောက်များများ ရတယ်ဆိုတာက အရေအတွက်ပဲရှိတာ… ပြည်သူလူထုမျက်မှောက်မှာ ဘယ်လောက်အထိ တိုင်းပြည်အာဏာကို အသုံးချပြီး ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ပြနိုင်တယ်…

ပြည်သူလူထုကို လွှမ်းမိုးနိုင်တယ်ဆိုတဲ့ အချက်ကမှ နိုင်ငံရေးချိန်ခွင်လျှာကို သိသိသာသာ အလေးသာစေနိုင်တာ… ဒါကအကျိုးအမြတ်ကို ဖော်ဆောင်တဲ့မူပေါ့…

 

(၅) ဗောဇ္ဈင်တွေရဲ့ အလုပ်လုပ်ပုံ

  • ဗောဇ္ဈင်အားလုံးမှာ အဓိကဗိုလ်တပ်တာက… အဓိကအကျဆုံးအချက်က… သတိသမ္ဗောဇ္ဈင်ပဲ… ဘယ်အရာမဆို သတိရှိဖို့က အရေးအကြီးဆုံးပဲ…
  • သတိရှိရှိနဲ့ အရာရာကို ကြည့်တတ်လာပြီဆိုရင် သူ့နောက်က လိုက်လာတာက ဓမ္မဝိစယသမ္ဗောဇ္ဈင်ပဲ… အရာရာကို သတိနဲ့ကြည့်တတ်တဲ့သူဟာ ကိုယ်လုပ်မယ့်အလုပ်တစ်ခုရဲ့ သဘောသဘာဝ nature ကို ပြတ်ပြတ်ထင်ထင် နားလည်လာတယ်… ဘယ်အလုပ်ကတော့ အကျိုးရှိတယ်… ဘယ်အလုပ်က အကျိုးမရှိဘူး… ဘယ်အလုပ်က ကောင်းတယ်… ဘယ်အလုပ်က မကောင်းဘူး… ဘယ်အလုပ်က မှားယွင်းတယ်… ဘယ်အလုပ်က မှန်ကန်တယ်ဆိုတာကို သဘောပေါက်လာတယ်…
  • ဓမ္မဝိစယသမ္ဗောဇ္ဈင်နောက်ကနေ ဘယ်သူလိုက်လာလဲဆိုတော့ ဝီရိယသမ္ဗောဇ္ဈင် လိုက်တယ်… လူဆိုတာ အကျိုးရှိတဲ့အလုပ်နဲ့ အကျိုးမရှိတဲ့အလုပ် ဘယ်ဟာပိုလုပ်ချင်မလဲ၊ မှားယွင်းတဲ့အလုပ်နဲ့ မှန်ကန်တဲ့အလုပ် ဘယ်ဟာပိုလုပ်ချင်မလဲ၊ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ် ဘယ်ဟာပိုလုပ်ချင်မလဲ။ အကျိုးရှိတာ၊ မှန်တာ၊ ကောင်းတာ အဲဒီလိုအလုပ်မျိုးတွေကိုပဲ လုပ်ချင်တာပေါ့… သတိနဲ့ဆင်ခြင်ပြီး ပညာနဲ့ကြည့်လိုက်တဲ့အခါမှာ မကောင်းတဲ့၊ မှားယွင်းတဲ့၊ အကျိုးမရှိမယ့် အလုပ်မျိုးတွေကို မလုပ်ဖြစ်တော့ပဲ ကောင်းတာ၊ အကျိုးရှိတာ၊ မှန်တာတွေပဲ လုပ်ဖြစ်တော့တယ်… အဲဒီအပြင်ကို ကောင်းတာလုပ်ရင် ကောင်းတာရမယ်… အကျိုးရှိတာလုပ်ရင် အကျိုးရှိမယ်ဆိုတော့ incentive က ဖြစ်လာပြီ… အဲဒီတော့ ဝီရိယစိုက်လာပြီ…
  • တစ်ခါဝီရိယသမ္ဗောဇ္ဈင်ပြီးတော့ ဘာလာလဲဆိုတော့ ပီတိသမ္ဗောဇ္ဈင်လာတယ်… အလုပ်တစ်ခုကို ဝီရိယစိုက်ပြီးလုပ်တဲ့အခါမှာ ကျွမ်းကျင်လာတယ်… skillful ဖြစ်လာတယ်… လူဆိုတာ ကိုယ်မကျွမ်းကျင်တာ၊ ကိုယ်မကြိုက်တာ၊ ကိုယ်နဲ့ရင်းနှီးတာ မဟုတ်တဲ့ အလုပ်ကိုလုပ်ရရင် မပျော်ဘူး… ကိုယ်ကျွမ်းကျင်တာ၊ ကိုယ်နဲ့ရင်းနှီးပြီးသား အလုပ်ကို လုပ်ရတဲ့အခါမှာတော့ ပျော်လာတယ်… အဲဒါ ပီတိသမ္ဗောဇ္ဈင်ပဲ…
  • အဲ… သူ့အနောက်က လိုက်လာတာက ပဿဒ္ဓိသမ္ဗောဇ္ဈင်… အလုပ်ရဲ့သဘောသဘာဝကို နားလည်နေပြီ၊ လုံ့လဝီရိယလည်း စိုက်ထားပြီ၊ အလုပ်မှာလည်း ပျော်လာပြီဆိုတဲ့အခါကြတော့ လူကအလုပ်ကိုနိုင်သွားတယ်… အလုပ်တွေပိနေတယ်ဆိုတာ မရှိတော့ဘူး… အလုပ်ကို လူကနိုင်ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်တတ်လာတယ်… ဒါပဿဒ္ဓိသမ္ဗောဇ္ဈင်ပဲ…
  • အလုပ်ထဲမှာ တည်ငြိမ်လာတဲ့အခါကြတော့ အာရုံကတခြားကို မပျံ့တော့ဘူး… ဒီတစ်ခုတည်းပဲ အာရုံရှိတော့တယ်… အဲဒါက သမာဓိသမ္ဗောဇ္ဈင်ပဲ… ဖြစ်ဖူးမယ်… အလုပ်ကိုလူက မနိုင်တဲ့အခါမှာ… စိတ်ပူပန်ရတယ်… အထက်ကတော့ ကိုယ့်ကိုခိုင်းလိုက်ပြီ… ကိုယ်ကလည်း မလုပ်တတ်ဘူး.. မလုပ်နိုင်ဘူး… ဟိုလူရေကယ်ပါဦး… ဒီလူရေကယ်ပါဦး… အရပ်ကူပါလူဝိုင်းပါ… ဖြစ်လာပြီ… နောက်ဘယ်သူမှ ကိုယ့်လာမကူညီတော့ စိတ်ပူရတယ်… worry တွေဝင်လာတယ်… concentrate မလုပ်နိုင်တော့ဘူး… သမာဓိသမ္ဗောဇ္ဈင် မရှိတော့ဘူး…
  • နောက်တစ်ခါ သမာဓိသမ္ဗောဇ္ဈင်ရှိလာပြီဆိုတဲ့အခါမှာ… ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာ လိုအပ်လာတယ်… ဒါကိုဥပမာလေးနဲ့ ရှင်းပြမယ်… မောင်မောင်က အလုပ်လုပ်နေတာ အာရုံကိုနှစ်ပြီး တကယ့်ကို ကြိုးစားပမ်းစားလုပ်နေတယ်… အဲဒီအချိန်မှာ သူလုပ်နေတဲ့အလုပ်ထဲမှာ ဘဏ်နဲ့ဆက်သွယ်ရမယ့် အကြောင်းကိစ္စတစ်ခုပေါ်လာတယ်… ဒါနဲ့ဘဏ်ကိုဖုန်းဆက်လိုက်တော့ သုံးနာရီကျော်သွားပြီ… ဘဏ်ပိတ်သွားပြီတဲ့…
  1. ပထမ scenario မှာ မောင်မောင်က ဒေါသတွေထွက်လာပြီး ဖုန်းထဲကနေ ဟိုဘက်က ဘဏ်ကလူကို အော်ဟစ်ကျိန်းမောင်းတယ်… ဘဏ်ကလူကို ပြောမရတော့ သူ့လက်အောက်က တပည့်တွေကို “မင်းတို့က အလုပ်ကို သွက်သွက်လက်လက် မလုပ်ဘူး… အခုဘဏ်ပိတ်သွားပြီ… ဒီမှာအလုပ်တွေကပုံနေတာ” ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ဆူပြန်ရော… အောက်ကလူတွေဆူလို့ ဝသွားတော့ အသံတော့မထွက်ဘူး… မျက်နှာကြီးဆူပုတ်ပြီး ပွစိပွစိနဲ့ “အပေါ်ကလူကြီးတွေက သောက်ပျင်းတွေ… အလုပ်ကိုစောစောစီးစီချမပေးဘူး… ဖင်နားကပ်ပြီးမှ လုပ်ခိုင်းတယ်… အခုဘဏ်ပိတ်သွားပြီ… မနက်အလုပ်တွေ မပြီးတဲ့အခါကြတော့ ဒင်းတို့က ငါ့ကိုဆူဦးမယ်”ဆိုပြီး ဖြစ်နေတယ်…
  2. ဒုတိယ scenario မှာတော့ မောင်မောင်က ဖုန်းထဲကနေ ဘဏ်ကလူကို သူ့အခက်အခဲကို ရှင်းပြတယ်… “မန်နေဂျာလက်မှတ်လေးပဲ လိုတာပါဗျာ… (ဒါမှမဟုတ်လည်း) ဒီဘဏ်ကိုယ်စားလှယ်နဲ့ ခဏလေးစကားပြောချင်တာပါ… စီစဉ်ပေးလို့ရမလား”ဆိုပြီး အကူအညီတောင်းတယ်… ဟိုကမရဘူးပဲ ပြောလာတော့ “အေးဗျာ… ကျေးဇူးတင်ပါတယ်… ကျွန်တော်နက်ဖြန်မှ ပြန်ဆက်သွယ်လိုက်ပါမယ်”ဆိုပြီး ဖုန်းချလိုက်တယ်။ ပြီးတော့မှ သူ့အောက်ကဝန်ထမ်းတွေကို “ဟေ့… ဘဏ်တော့ပိတ်သွားပြီကွာ… ဒီအလုပ်တော့ ဆက်လုပ်လို့မရတော့ဘူး… တခြားဘဏ်နဲ့ ပတ်သက်ပြီး လုပ်စရာမလိုတဲ့ အလုပ်တွေ ဘာရှိသေးလဲ”လို့ မေးလိုက်တယ်… တစ်ခါသူ့အထက်လူကြီးဆီ ဖုန်းဆက်ပြီး “ဆရာရေ… ဘဏ်တော့ပိတ်သွားပြီ… ကျွန်တော်တို့ ဒါကိုမှီအောင် မလုပ်နိုင်လိုက်ဘူး… ကျန်တဲ့ဟာတွေတော့ ကျွန်တော်အကုန်အဆင်သင့်ဖြစ်အောင် လုပ်ထားမယ်… ဒီတစ်ခုပဲကျန်တော့တာပါ… နက်ဖြန်ဘဏ်ဖွင့်တာနဲ့ တစ်ခါတည်းတန်းသွားပြီး ဘဏ်မန်နေဂျာကို လက်မှတ်ထိုးခိုင်းလိုက်မယ်…”ဆိုတာမျိုး ပြဿနာရဲ့ status ကို ပြောရုံတင်မဟုတ်ဘူး solution တစ်ခုပါ အဆင့်သင်ပြင်ဆင်ပေးလိုက်တယ်…
  • ဒါကိုကြည့်မယ်ဆိုရင် ပထမ scenario မှာ မောင်မောင်က ဥပေက္ခာသမ္ဗောဇ္ဈင်ကို အသုံးမချခဲ့တာပဲ… ဘဏ်ဆိုတာ သူ့အချိန်နဲ့သူဖွင့်တယ်… သူ့အချိန်နဲ့သူပိတ်တယ်… ကိုယ်ကမှီအောင် လုပ်နိုင်ရင်လုပ်ပဲ… မဟုတ်လို့ကတော့ ပိတ်နေတာကို ဖွင့်ပေးပြောလို့မရသလို၊ ဖွင့်နေတာကို ပိတ်ပေးလို့လည်း ပြောလို့မရဘူး… သူ့သဘောသူဆောင်နေတာပဲ… ဒါကိုသူက သွားပြီး အပြစ်တင်ပြီး မဖြစ်နိုင်တာကို အတင်းကြီး လုပ်ယူနေတယ်… မဖြစ်နိုင်တော့တာကို တွယ်တာနေတုန်းပဲ… ဒုတိယ scenario မှာတော့ မောင်မောင်က ဥပေက္ခာသမ္ဗောဇ္ဈင်ကို အသုံးချလိုက်တယ်… ကိုယ်မလုပ်နိုင်တာကြီးကို အတင်းမလုပ်ပဲနဲ့… ခေတ္တခဏရှောင်နေလိုက်တယ်… နောက်မှ ဘယ်လိုပြန် follow up လုပ်မယ်ဆိုတဲ့ plan ကို တစ်ခါတည်း စဉ်းစားထားလိုက်တယ်… neglect လုပ်တာ… လျစ်လျူရှုတာ ပစ်ပယ်လိုက်တာ… မဟုတ်ဘူးနော်… ကိုယ်ပြုပြင်ပြောင်းလဲလို့ မရတဲ့အနေအထားမှာ ခဏရှောင်နေလိုက်တာ… ကိုယ်ပြုပြင်လို့ရရင် ပြန်လုပ်မယ်ပေါ့… ဒါကိုပဲ ဥပေက္ခာသမ္ဗောဇ္ဈင်လို့ ခေါ်တာပဲ…

 

(၆) နိုင်ငံရေးနဲ့ ဗောဇ္ဈင်

ကောင်းပြီ… အခုကျွန်တော်တို့ ဗောဇ္ဈင်ဆိုတာ ဘာဆိုတာ ပြောပြီးပြီ… တစ်ခါထပ်ပြီး လောကီလောကက လူမှုပြဿနာတွေကို ဗောဇ္ဈင်တွေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကိုလည်း ပြောပြီးပြီ… လူငယ်တွေနဲ့ ဗောဇ္ဈင်တွေ အကြောင်းကိုလည်း ပြောပြီးပြီ… နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကိုလည်း အကျဉ်းအားဖြင့် ရှင်းပြပြီးပြီ… ဗောဇ္ဈင်တွေက လူမှုပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ဗောဇ္ဈင်တစ်ခုနဲ့တစ်ခု ဘယ်လိုအကျိုးအကြောင်းပြုပြီး အလုပ်လုပ်သွားတယ်ဆိုတာကိုလည်း ပြောပြီးပြီ… အခုကျွန်တော်တို့ ပြောရမှာက နိုင်ငံရေးနယ်ပယ်မှာ ဗောဇ္ဈင်တွေကို ဘယ်လိုအသုံးချမလဲဆိုတာပဲ ကျန်တော့တယ်… ကျွန်တော်အကျဉ်းချုပ်ကလေး အရင်ပြောမယ်… ပြီးမှဗောဇ္ဈင်တစ်ခုချင်းစီအလိုက် အသေးစိတ်ပြန်ရှင်းမယ်… နိုင်ငံရေးလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားကို မှီတည်ပြီး လုပ်ကြတာပဲ… အဲဒီမှာ အုပ်ချုပ်သူလူတန်းစားရဲ့အမြင်နဲ့ အုပ်ချုပ်ခံလူတန်းစားရဲ့အမြင်ဆိုပြီး နှစ်ခုကွဲတယ်…. နှစ်ခုစလုံးအတွက် ကျွန်တော်ဆွေးနွေးပေးမယ်…

(က)

ပထမဦးဆုံး လေ့လာရမှာက တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့သူတွေဟာ သူတို့ရဲ့အုပ်ချုပ်မှုတွေမှာ ဗောဇ္ဈင်တွေကို ဘယ်လိုနည်းနဲ့ အသုံးချသွားလို့ရမလဲ ဆိုတာကို အရင်ကြည့်ရမယ်…

  • ထိပ်ဆုံးကတော့ သတိသမ္ဗောဇ္ဈင်ပဲ… တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်သူဟာ သတိရှိဖို့ အင်မတန်လိုအပ်တယ်… သတိတရားရှိနေအောင် ကိုယ့်ကိုကိုယ်လေ့ကျင့်ထားဖို့ အင်မတန်လိုအပ်တယ်… ဒါမှပဲ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေမှန်တွေကို သိလာမယ်… အားနည်းချက်တွေ၊ အားသားချက်တွေကို မြင်လာမယ်… ပြည်တွင်းရေးမှာတင် သတိရှိရမှာမဟုတ်ဘူး… နိုင်ငံတကာဆက်ဆံရေးမှာလည်း သတိရှိရှိနဲ့ ချဉ်းကပ်တတ်ဖို့ အင်မတန်အရေးကြီးတယ်…
  • သတိနဲ့မြင်အောင်ကြည့်လာရင် တိုင်းပြည်ရဲ့အခြေအနေမှန်ကို သိလာမယ်… ဒါဆိုရင် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်တာပဲ…
  • တစ်ခါ တိုင်းပြည်ရဲ့အခြေအနေမှန်ကို သိလာရင်… အားနည်းချက်တွေ၊ အားသာချက်တွေကို သိလာရင် ဝီရိယသမ္ဗောဇ္ဈင်နဲ့ အားနည်းနေတာတွေကို အားကောင်းလာအောင် လုံလစိုက်မြှင့်တင်မယ်… အားကောင်းပြီးသားတွေကို ပိုအရှိန်ရလာအောင် ဝီရိယစိုက်ထုတ်မယ်… ဒါဝီရိယသမ္ဗောဇ္ဈင်ပဲ…
  • ပီတိသမ္ဗောဇ္ဈင်ဆိုတာ တကယ်တမ်းမှာ ချမ်းသာမှု၊ သာယာမှုပဲ… ဝီရိယသမ္ဗောဇ္ဈင်နဲ့ တိုင်းပြည်ရဲ့အားနည်းချက်တွေကို အားဖြည့်ပေးတယ်… အားကောင်းနေတဲ့အချက်တွေကို အရှိန်ရလာအောင် လုပ်နေတယ်ဆိုရင် တိုင်းပြည်ဟာ သာယာချမ်းမြေ့လာတာပဲ…
  • လောကီလောကမှာ လူတွေဟာ သာယာချမ်းမြေ့တာကို လိုချင်လား… ဆူပူသောင်းကျန်းမှုကို လိုချင်လားဆိုရင် ပီတိဆိုတဲ့ သာယာချမ်းမြေ့မှုကို လိုချင်တာပဲ… ဒီတော့ တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်သူအစိုးရက သာယာချမ်းမြေ့မှုတွေ ဆောင်ကျဉ်းပေးနိုင်လာပြီဆိုရင် ဆူပူသောင်းကျန်းတာတွေ၊ ဆန္ဒပြတာတွေ၊ ခွဲထွက်ရေးတောင်းဆိုတာတွေ၊ အဓိကရုဏ်းတွေ မရှိတော့ပဲနဲ့ တည်ငြိမ်အေးချမ်းမှုဆိုတဲ့ ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်လာတာပဲ…
  • တစ်ခါတည်ငြိမ်အေးချမ်းလာပြီဆိုရင် လူတွေဟာ ကိုယ့်အလုပ်ကိုကိုယ် တည်တည်ငြိမ်ငြိမ် အာရုံစိုက် လုပ်နိုင်လာကြမယ်… အစိုးရက တိုင်းပြည်ရဲ့အခွန်အကောက်တွေကို တရားမျှတစွာ ကောက်ယူမယ်… ရလာတဲ့အခွန်ဘဏ္ဍာကို ပြည်သူ့အကျိုးလုပ်ငန်းတွေမှာ အာရုံစိုက်ပြီး အသုံးပြုမယ်… လွှတ်တော်တွေ၊ အမတ်တွေကလည်း သူတို့လုပ်ရမယ့် ဥပဒေပြုတာဝန်တွေကို အာရုံစိုက်လုပ်လာမယ်… တရားရုံး၊ ခုံရုံးတွေက တရားနဲ့အညီ မျှမျှတတ စီရင်ဆုံးဖြတ်မယ်… တိုင်းပြည်တည်ငြိမ်လာပြီး ပြည်တွင်းအန္တရာယ်၊ ပြည်ပအန္တရာယ်တွေ မရှိတော့ဘူးဆိုရင် တိုင်းပြည်ရဲ့ဒေါက်တိုင်တွေမှာ ပါဝင်ထမ်းဆောင်နေကြတဲ့ သမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့၊ တရားသူကြီးချုပ်တို့ကနေစလို့ ဟိုးအောက်ခြေဝန်ထမ်းတွေအထိ ကိုယ့်အလုပ်ကိုကိုယ် စိတ်ဖြောင့်ဖြောင့် သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ်နဲ့ အာရုံစိုက်လုပ်နိုင်လာပြီဆိုရင် ဒါသမာဓိသမ္ဗောဇ္ဈင်ပဲ…
  • တစ်ခါတိုင်းပြည်ကောင်းစားရေးလုပ်နေပါလျက်နဲ့ သဘာဝဘေးအန္တရာယ်တွေ၊ မျှော်လင့်မထားတဲ့ ရုတ်တရက်ဘေးဆိုးကပ်ဆိုးတွေ ကျရောက်လာရင်… ကျရောက်လာတဲ့ အခြေအနေအပေါ်မှာ ဥပေက္ခာသမ္ဗောဇ္ဈင်နဲ့ သုံးသပ်တတ်ဖို့လိုတယ်… ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ တာဝန်ကိုလွှဲချတာ… လျစ်လျူရှု… မမြင်ချင်ယောင်ဆောင်တာတွေ မလုပ်ပဲနဲ့… ကိုယ်ပြုပြင်လို့ မရနိုင်တဲ့အခြေအနေတွေပေါ်မှာ တွယ်တာမနေပဲ… ကိုယ်လုပ်နိုင်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို အာရုံစိုက်လုပ်သွားဖို့လိုတယ်…

(ခ)

တစ်ခါ အုပ်ချုပ်ခံလူတန်းစားတွေဘက်ကလည်း နိုင်ငံရေးလို့ခေါ်ကြတဲ့ တိုင်းပြည်ရဲ့အကျိုးစီးပွား ဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းတွေကို ဆောင်ရွက်တဲ့အခါမှာ သူတို့ကိုယ်တိုင် ပါဝင်ထမ်းဆောင်တာတွေရှိသလို၊ ကောင်းမွန်တဲ့ အုပ်ချုပ်သူလူတန်းစားကို ရွေးချယ်ခြင်းအားဖြင့်လည်း ဆောင်ရွက်တာတွေရှိတယ်… ကိုယ်တိုင်ပါဝင်ရာမှာပဲဖြစ်ဖြစ်၊ သူတပါးကို ရွေးချယ်တာမှာပဲဖြစ်ဖြစ်…

  • ထိပ်ဆုံးကတော့ ထုံးစံအတိုင်းပဲ သတိရှိရမယ်… ကိုယ်လုပ်တဲ့အလုပ်တိုင်းကို သတိနဲ့ကြည့်ရင်း ဘယ်အလုပ်ကတော့ အများအကျိုး၊ ငါ့အသိုက်အဝန်းရဲ့အကျိုး၊ ငါ့အကျိုးကို ဖြစ်ထွန်းစေမှာလဲ… ဘယ်အလုပ်ကတော့ အကျိုးဆုတ်ယုတ်စေမှာလဲဆိုတာကို သတိတရားနဲ့ စောင့်ကြည့်နေဖို့လိုတယ်… အဲဒီလိုပဲ သူတပါးကို ရွေးချယ်မယ်ဆိုလည်း ဘယ်ပုဂ္ဂိုလ်ကဖြင့် တိုင်းပြည်အကျိုးကို တကယ်ဖြစ်ထွန်းစေမယ်… ဘယ်ပုဂ္ဂိုလ်ကတော့ တိုင်းပြည်ရဲ့အကျိုးကို ဆုတ်ယုတ်စေမယ်ဆိုတာကို သတိနဲ့ပဲ စောင့်ကြည့်ဝေဖန်ဖို့ လိုတယ်…
  • ကိစ္စရပ်တိုင်းမှာ သတိနဲ့ ရှုမြင်တယ်… သတိနဲ့ဆင်ခြင်တယ်ဆိုတာတွေ လုပ်လာတဲ့အခါမှာ ပြည်သူတွေအနေနဲ့ အရာရာတိုင်းမှာ အခြေအနေတွေကို အမှန်အတိုင်း သိမြင်လာတယ်… ဂျာနယ်တစ်စောင်ကပြောလို့… ဟိုဆရာကြီး၊ ဆရာမကြီးကပြောလို့ဆိုတဲ့ ကောလဟာလတွေနဲ့တင် တင်းတိမ်မနေပဲ… ကိုယ်ပိုင်သတိ၊ ကိုယ်ပိုင်အသိနဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်လာမယ်… ဒါကိုပဲ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်လာတယ် ခေါ်တာပဲ…
  • ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်လာလို့ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်လာနိုင်တဲ့အခါမှာ ဘယ်သူက တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုမယ့်လူလဲ… ဘယ်သူက တိုင်းပြည်ကို ဖျက်စီးမှာလဲဆိုတာကို သိမြင်လာတယ်… အဲဒီအခါမှာ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ခြင်းဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ပြည့်စုံစေလိုက်တယ်… ဝီရိယဆိုတာ အားထုတ်တာပဲ… မှန်တာကို သိအောင်လုပ်တာ… သိလာခဲ့ရင် သိတဲ့ဘက်ကနေ ရပ်တည်တယ်ဆိုတာ ကြိုးပမ်းအားထုတ်မှု တစ်ရပ်ပဲ… နောက်တစ်ခါ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကြောင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို အမှန်အတိုင်း သိမြင်လာပြီဆိုရင် ဒါကို ဝီရိယသမ္ဗောဇ္ဈင်ကို အသုံးပြုပြီး ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ စွမ်းနိုင်သလောက် ဖြည့်စွက်ပေးရမယ်…
  • ပြည်သူပြည်သားတွေဟာ သတိနဲ့ အရာရာကို ရှုကြည့်ရင်း ဓမ္မဝိစယသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံလာတယ်… တိုင်းပြည်ရဲ့လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို သိလာတယ်… သိလာတဲ့အလျောက် ဝီရိယသမ္ဗောဇ္ဈင်ကို အသုံးပြုပြီး ကိုယ်တိုင်လည်း ပြင်ဆင်ဖြည့်စွက်တာတွေလုပ်တယ်… တိုင်းပြည်ကို မှန်မှန်ကန်ကန်နဲ့ ဦးဆောင်မယ့် ခေါင်းဆောင်တွေကိုလည်း ရွေးချယ်ဖို့ ကြိုးပမ်းအားထုတ်တယ်ဆိုရင် ဒီနိုင်ငံမှာနေကြတဲ့ လူတိုင်းလူတိုင်းဟာ ပီတိသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံပြီး သာယာချမ်းမြေ့လာတယ်… ကျေနပ်ပျော်ရွှင်လာတယ်…
  • တိုင်းပြည်မှာ ပြည်သူပြည်သားတွေ ပျော်ရွှင်နေတယ်ဆိုရင် သူတို့ကိုယ်တိုင်ပဲ ဒီပျော်ရွှင်မှုကို အရှည်တည်တံ့အောင် ထိန်းသိမ်းလာကြတယ်… တည်ငြိမ်မှု၊ အေးချမ်းမှုဆိုတဲ့ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို တောင့်တလာကြတယ်… ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ရှားလာကြတယ်… ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို အထောက်အပံ့ပေးမယ့် ကိုယ်အလေ့အထ၊ နှုတ်အလေ့အထ၊ စိတ်အလေ့အထတွေကို ပွားများလာကြတယ်… တည်ငြိမ်မှု၊ အေးချမ်းမှုတွေကို ဆောင်ကျဉ်းပေးတတ်တဲ့ ညီညွှတ်ခြင်းနဲ့သည်းခံခြင်းဆိုတဲ့ တရားတွေကို ပွားများလာကြတယ်…
  • တစ်ခါတည်ငြိမ်လာပြီ၊ အေးချမ်းလာပြီဆိုရင် လူတိုင်းဟာ ကိုယ့်အလုပ်ကိုကိုယ် အာရုံစိုက်လုပ်နိုင်လာကြတယ်… ဆရာဝန်က ဆေးကုမယ်… သူ့မှာစားဝတ်နေရေးအခက်အခဲတွေ နည်းပါးတယ်ဆိုရင် သူဆေးကုတဲ့အခါ စေတနာလေးပါလာတယ်… ဂရုဏာလေးစွတ်နိုင်လာတယ်… လူဟာအလုပ်တော့ လုပ်နေရပါရဲ့… စားဝတ်နေရေးအဆင်မပြေဘူး… ဖိစီးနှိပ်စက်မှုတွေရှိနေတယ်ဆိုရင် အဲဒီအလုပ်ကို မတတ်သာလို့ မဖြစ်လို့သာ လုပ်နေရတယ်… စိတ်မပါတော့ဘူး… စေတနာမပါတော့ဘူး… အဲဒီတော့ အလုပ်ကရလာမယ့် ရလဒ်ကလည်း မကောင်းတော့ဘူး… စားဝတ်နေရေးလည်း အဆင်ပြေနေမယ်… တခြားဖိစီးနှိပ်စက်မှုတွေလည်း နည်းမယ်ဆိုရင် လူကအလုပ်ကို အာရုံစိုက်ပြီးလုပ်နိုင်လာမယ်… အလုပ်ကနေပေါ်ထွက်လာမယ့် ရလဒ်တွေလည်း ကောင်းလာတယ်… ဒီလိုနဲ့ပြည်သူတွေဟာ သူတို့နေ့စဉ်အလုပ်တွေပေါ်မှာ အာရုံစူးစိုက်ပြီး သမာဓိသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံစွာ အလုပ်လုပ်နိုင်မယ်… အဲဒီအလုပ်တွေက ရလာတဲ့ ရလဒ်တွေကလည်း ကောင်းသည်ထက် ကောင်းလာမယ်…
  • တစ်ခါတစ်လေ မဖြစ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတယ်… သဘာဝဘေးအန္တရာယ်တွေသင့်တယ်… မျှော်မှန်းမထားတဲ့ ကပ်ဘေးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ… အုပ်ချုပ်သူအစိုးရကိုချည်းပဲ လက်ညှိုးထိုးပြီး ဖြေရှင်းချက်ထုတ်နေမယ့်အစား… လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့အဖြေမျိုးကို ရှာဖို့လိုတယ်… ဥပမာ… ဒီရေတောတွေခုတ်လို့ မုန်တိုင်းက ပိုပြင်းထန်တာ… ဒါကြောင့် မုန်တိုင်းပြင်းထန်ရတာ အစိုးရမှာ အပြစ်ရှိတယ်ဆိုပြီး အပြန်အလှန်စွပ်စွဲနေလို့ ဘာမှအကျိုးမထူးဘူး… ခုတ်လိုက်တဲ့ ဒီရေတောတွေက ဒါမျိုးလုပ်နေရုံနဲ့တော့ ပြန်ပေါက်လာမှာမှ မဟုတ်တာ… အဲဒီအစား… ဒီရေတောတွေခုတ်လို့ မုန်တိုင်းက ပိုပြင်းလာတယ်… ဒါကြောင့် နောက်ကို ဒီရေတောတွေ မခုတ်နဲ့… ဒီရေတောတွေကိုခုတ်ပြီး ထင်းလုပ်မယ့်အစား တစ်ခြားအစားထိုးလောင်စာသုံးမယ်… ဒီရေတောတွေခုတ်ပြီး စိုက်ပျိုးမြေ၊ မွေးမြူရေးနေရာတွေ လုပ်မယ့်အစား တခြားတစ်နည်းနည်းနဲ့ စီစဉ်မယ်ဆိုတဲ့ solution တွေကို ရှာပေးရမယ်… ကိုယ်ပြန်မပြုပြင်နိုင်တော့မယ့် အကြောင်းအရာတွေမှာ ပြဿနာဗဟိုပြုနည်းလမ်းနဲ့ အပြန်အလှန်စွပ်စွဲနေကြရုံနဲ့တော့ အဖြေတစ်ခုထွက်မလာဘူး… ဒီလိုအခြေအနေမျိုးမှာ ဥပေက္ခာသမ္ဗောဇ္ဈင်နဲ့ ပြဿနာကို ဖယ်ထားပြီး အဖြေကို အဓိကရှာတဲ့ လမ်းကြောင်းကနေ ချဉ်းကပ်ရတယ်…

 

(၇) အတိတ်ဖြစ်စဉ်များနှင့်ယှဉ်၍ အနာဂတ်နိုင်ငံရေးမှာ ဗောဇ္ဈင်တရားများ ထွန်းကားရေးကို သုံးသပ်ခြင်း

(က) သတိသမ္ဗောဇ္ဈင်

နိုင်ငံရေးမှာ သတိသမ္ဗောဇ္ဈင်ဟာ မရှိမဖြစ် အသက်သွေးကြောပဲ… ဘာအကြောင်းကိုမှ မကြည့်နဲ့… ဗိုလ်ချုပ်အောင်ဆန်းကိုပဲကြည့်… ကိုယ့်ကိုကိုယ်ယုံကြည်မှုအား လွန်ကဲသွားပြီးတော့ သတိသမ္ဗောဇ္ဈင် အားနည်းသွားတဲ့အခါမှာ ဘာမဟုတ်တဲ့လူမိုက်တွေ လုပ်ကြံလို့ အသေဆိုးနဲ့သေရတယ်… နိုင်ငံရေးမှာ ဘာမဟုတ်တဲ့သတိလေးတစ်ချက်က အဆုံးအဖြတ်ပေးသွားတာတွေ အများကြီးပဲ… သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် သတိမမူမိလို့ အမှားကို အမှန်ထင် လုပ်မိတာတွေ… အမှန်ကို အမှားကြီးဆိုပြီး ပစ်ပယ်မိတာတွေကြောင့် တိုင်းပြည်ဆုတ်လျော့နစ်နာခဲ့ရတာတွေ အများကြီးပဲ…

ဒေါက်တာမောင်မောင်လက်ထက်က သတိတရားရှိပြီး ဖြစ်လာနိုင်တဲ့အခြေအနေကို သုံးသပ်တတ်မယ်… တပ်ကအာဏာသိမ်းတာတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အခြေအနေကို သတိနဲ့သုံးသပ်မိခဲ့မယ်ဆိုရင်… ကြည့်ခဲ့မြင်ခဲ့မယ်ဆိုရင်… သူပြောတဲ့ သုံးလအတွင်း ရွေးကောက်ပွဲဆိုတာကို လက်ခံခဲ့မယ်ဆိုရင်… ဒီနေ့လို လွှတ်တော်ထဲ ဆယ်ရာခိုင်နှုန်းမပြည့်တဲ့ ခုံအရေအတွက်ဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ရခဲ့ပြီးနေပြီ… ဦးနုက လက်ကမ်းပြီးတော့ ညီညွှတ်တဲ့ညွှန့်ပေါင်း ဖွဲ့ကြရအောင်လို့ ဖိတ်ခေါ်တုန်းကလည်း သတိနဲ့မသုံးသပ်ခဲ့တာကြောင့် အလဲလဲအကွဲကွဲတွေနဲ့ ဟင်္သာကိုးသောင်း ဖြစ်ခဲ့ကြတာကို သတိရနေဦးမယ်ထင်တာပါပဲ… ဒီနေ့ခေတ်မှာ ဒါတွေပြန်ပြောတော့ အမဂိုဏ်းက၊ အမေဂိုဏ်း၊ အန်တီဂိုဏ်း၊ ဒေါင်းဂိုဏ်း၊ ၈၈ဂိုဏ်းက လူတွေက ကြိုက်ချင်မှကြိုက်မယ်… ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တာ ကျွန်တော်ပြောမှာပဲ…

တစ်ခါတိုင်းပြည်မှာ သတိသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံသူတွေ ပေါများလာတဲ့ အချိန်ကို ရောက်လာပြန်တယ်… ဒီတစ်ခါတော့ အဲဒီအမဂိုဏ်း၊ အမေဂိုဏ်း၊ အန်တီဂိုဏ်း၊ ဒေါင်းဂိုဏ်း၊ ၈၈ဂိုဏ်းက လူတွေပဲ သတိသမ္ဗောဇ္ဈင် ရှိလာကြတာ… အခြေအနေကို သတိနဲ့ သုံးသပ်တတ်လာတယ်… နေပြည်တော်က ကမ်းပေးတဲ့လက်ကို ဖမ်းဆွဲလိုက်တယ်… တစ်သက်လုံး ဘယ်တော့မတရားအသင်းကြေငြာခံရမလဲ ကြောက်နေရတဲ့ဘဝကနေ… တရားဝင်ပါတီကြီးအဖြစ် ရပ်တည်နိုင်လာတယ်… အပြန်အလှန်ဆွေးနွေးတာတွေနဲ့ ပိတ်ထားတဲ့တံခါးတွေ ပွင့်ကုန်တယ်… ဒါက ဒေါင်းဂိုဏ်းရော၊ ခြင်္သေ့ဂိုဏ်းရော နှစ်ဂိုဏ်းစလုံးက ခေါင်းဆောင်ပိုင်းမှာ သတိသမ္ဗောဇ္ဈင်နဲ့ အခြေအနေတွေကို သုံးသပ်ကြရင်းနဲ့ ဖြစ်ထွန်းလာတဲ့ရလဒ်တွေပဲ…

တစ်ခါသတိနဲ့ရှုမြင်ရမယ်ဆိုတဲ့နေရာမှာ ပြည်တွင်းရေးဆိုတာတင် အခုဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မလုံလောက်တော့ဘူး… တိုင်းပြည်အေးချမ်းသာယာချင်ရင် ခြံစည်းရိုးကို မြင့်မြင့်ကာဆိုတဲ့ ကွန်ဖျူးရှပ်အတွေးအခေါ်တွေက အလုပ်မဖြစ်တော့ဘူး… နိုင်ငံတကာဆက်ဆံရေးတွေမှာပါ သတိသမ္ဗောဇ္ဈင်နဲ့ ရှုမြင်တတ်ကြဖို့ အုပ်ချုပ်သူတွေမှာရော၊ ပြည်သူတွေမှာပါ တာဝန်ရှိလာတယ်…

(ခ) ဓမ္မဝိစယသမ္ဗောဇ္ဈင်

တိုင်းပြည်ရဲ့ အတိတ်သမိုင်းမှာ အခြေအနေမှန်ကို… ကိုယ့်တိုင်းပြည်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပီပီပြင်ပြင် မသိပဲနဲ့ ထင်ရာစိုင်းခဲ့လို့ ဒုက္ခရောက်ခဲ့ရတာတွေ အများကြီးပဲ… အထင်ရှားဆုံးကတော့ ကိုယ့်တိုင်းပြည်ဟာ ဆပ်ပြာခွက်လောက် သေးသေးလေးကျန်တော့တယ်… စစ်လက်နက်ကလည်း ခေတ်မမှီဘူး… စနစ်ကျနတဲ့ တပ်မတော်တစ်ရပ်လည်း မရှိဘူးဆိုတဲ့အခြေအနေမှာတောင်… နေမဝင်အင်ပါယာကြီးကို ပိုင်ထားတဲ့ အင်္ဂလိပ်ကို စစ်တိုက်ဖို့ ဆုံးဖြတ်တာ… စစ်ကိုပရိယာယ်နဲ့ ရှောင်ရှားရမယ်လို့ အကြံပေးတဲ့ ကင်းဝန်မင်းကြီးလို ပုဂ္ဂိုလ်ကို ကြောက်တတ်ရင် ထမိန်နဲ့ကျောက်ပျဉ် အိမ်ပို့ပေးလိုက်မယ်ဆိုတဲ့ စကားမျိုးပြောတာတွေ လုပ်ခဲ့ကြတယ်လေ…

တစ်ခါတိုင်းပြည်မှာ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေမှန်ကို နားမလည်ခဲ့ဆုံးက ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ပါတီဥက္ကဋ္ဌကြီးကိုယ်တိုင် နိုင်ငံမှာ ရေနံတွေ ဘယ်လောက်ထွက်နေပါတယ်… ကျောက်သံပတ္တမြားတွေ ဘယ်လောက်ထွက်နေပါတယ်ဆိုတာကို ကမ္ဘာသိကြေငြာခဲ့တာပဲ… နောက်ပိုင်း နဝတအစိုးရလက်ထပ်မှာမှ ဒါတွေက စာရင်းလိမ်ကြီးတွေပါဆိုတာ ပေါ်လာတာ… ကမ္ဘာ့အလယ်မှာ အရှက်တကွဲအကျိုးနည်း ဖြစ်ရတာတွေ ရှိခဲ့တယ်… ၁၉၈၈ ကစလို့ အခုခေတ်ပြောင်းစနစ်ပြောင်းချိန်အထိ နှစ်အစိတ်လောက် လက်တွေ့အခြေအနေမှန်ကို ကွင်းဆင်းလေ့လာတဲ့ အလေ့အထ မရှိခဲ့တာတွေ၊ မြေပုံချပြီး စီမံကိန်းတွေ လုပ်တာတွေ၊ ဒေသနဲ့ကိုက်ညီမှု မရှိတဲ့သီးနှံတွေကို စီမံကိန်းသီးနှံဆိုပြီး အတင်းအကျပ် စိုက်ခိုင်းခဲ့တာတွေကြောင့်မို့ နစ်နာဆုံးရှုံးရသူတွေ ဒီနေ့အထိ ရှိနေစဲပဲ… ဒီနေ့ခေတ်သစ် စနစ်သစ်မှာကိုပဲ အဲဒီလို အခြေအနေမှန်ကို မသိနိုင်သေးတာတွေ… အားနည်းချက်၊ အားသာချက်တွေကို ပကတိအရှိအတိုင်း မရှာဖွေနိုင်သေးတာတွေ ရှိနေစဲပဲ… အထက်က ပြုပြင်ပြောင်းလဲရေးအတွက် မူဝါဒတွေ တစ်ခုပြီးတစ်ခု ချမှတ်နေသည့်တိုင်အောင် အောက်ခြေမှာ အကျင့်ပျက်ခြစားမှုတွေရှိနေသေးတာဟာ လက်ရှိအုပ်ချုပ်နေတဲ့ခေါင်းဆောင်ပိုင်းဟာ ဓမ္မဝိစယသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံဖို့ လိုအပ်ချက်တွေ ရှိနေတုန်းပဲဆိုတာကို ထောက်ပြနေတာပဲ….

တစ်ဘက်ကပြန်ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ပကတိအခြေအနေမှန်ကို နားလည်လာကြလို့ အာဏာပိုင်အဖွဲ့အစည်းတွေက အတိုက်အခံတွေကိုရော၊ လက်နက်ကိုင် ဆန့်ကျင်သူတွေကိုပါ တန်းတူအခွင့်အရေးပေးပြီး ဆွေးနွေးပွဲစကားဝိုင်းတွေကို ဖိတ်ခေါ်လာတာဆိုတဲ့ အချက်က အကောင်းဖက် ဦးတည်နေတဲ့အချက်အဖြစ် မြင်ရပြန်တယ်… သမ္မတကြီးဦးဆောင်တဲ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံတွေနဲ့ ဆွေးနွေးတယ်… ၈၈ မျိုးဆက်အဖွဲ့က ဦးမင်းကိုနိုင်လို ပုဂ္ဂိုလ်မျိုးတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ပေါ်ပေါ်ထင်ထင် ပြန်လုပ်ခွင့်ပေးခဲ့တယ်… လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတယ်… ဒါတွေက ဒီအာဏာရရော၊ အတိုက်အခံရော၊ လက်နက်ကိုင်တွေရော အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်နေကြတဲ့ ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ပကတိအခြေအနေမှန်တွေကို သိလာပြီ… အားနည်းချက်တွေကို မြင်လာပြီ၊ အားသာချက်တွေကိုလည်း သဘောပေါက်နေကြပြီဆိုတဲ့ အချက်ကို မြင်နေရတာပဲ… အခုလက်ရှိခေါင်းဆောင်ရော၊ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာနိုင်သူတွေမှာပါ… နိုင်ငံရေးအရ ဓမ္မဝိစယသမ္ဗောဇ္ဈင်နဲ့ အတိုင်းအတာတစ်ခုတော့ ပြည့်စုံနေကြပြီလို့ ပြောနိုင်လာပြန်တယ်….

(ဂ) ဝီရိယသမ္ဗောဇ္ဈင်

ဝီရိယသမ္ဗောဇ္ဈင်ကြောင့် တိုင်းပြည်မှာ အထင်ကရ အကျိုးစီးပွား ဖြစ်ထွန်းခဲ့တဲ့ ဖြစ်စဉ်ကို ပြပါဆိုရင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကို ပြရမှာပဲ… သူများနိုင်ငံတွေလို လွတ်လပ်ရေးကို တစ်ခါတိုက်ယူရတာ မဟုတ်ဘူး… နှစ်ကြိမ်နှစ်ခါတိုက်ယူမှ ခဲရာခဲစစ်ရခဲ့တဲ့ လွတ်လပ်ရေးပဲ… ဒါဝီရိယသမ္ဗောဇ္ဈင်ကြောင့် တိုင်းပြည်အတွက် ရလိုက်တဲ့ အကျိုးစီးပွားပဲ…

အခုလည်းပဲ ဝီရိယသမ္ဗောဇ္ဈင်ကို အတိုက်အခံရော၊ အာဏာရဘက်ကရော… သူနည်းသူ့ဟန်နဲ့ အားစိုက်ပြီး ဖော်ဆောင်နေကြတာတွေ မြင်နေရမယ်… အမရော၊ အဘရောက ဝင်မလာမစဲတသဲသဲလာနေကြတဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံနေရတယ်… ကမ႓ာပတ်ပြီး တစ်နိုင်ငံပြီးတစ်နိုင်ငံ သွားရောက်ဆွေးနွေးနေကြတယ်… အာင်မြင်တာတွေလည်းရှိလာတယ်… ဟိုတလောကတင် အာဏာရဘက်က ကြိုးပမ်းချက်ကြောင့် ဒီတစ်သက်ဆပ်လို့ မကျေနိုင်တဲ့ကြွေးတွေထဲက ၆၀ ရာခိုင်နှုန်းလောက်ကို လျော်ပေးဖို့ ဆွေးနွေးတာတွေ အောင်မြင်လာတာရှိတယ်… ကိုယ့်ဖက်က အသွင်ကူးပြောင်းရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းချက်တွေကို ဝီရိယသမ္ဗောဇ္ဈင်နဲ့ဆိုက်ပြီး လုပ်မပြထားရင် ဒါမျိုးဘယ်ရမလဲ….

တစ်ခုတော့ရှိတယ်ပေါ့လေ… နှစ်ငါးဆယ်လောက် ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက် နေလာတဲ့စနစ်ဆိုတော့ အောက်ခြေမှာတော့ အတိုက်အခံရော၊ အာဏာရရော နှစ်ဘက်စလုံးမှာ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတာတွေ ရှိမယ်ပေါ့… ဒါကြောင့် ပြည်သူလူထုကလည်း ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ကြဖို့ ကောင်းပြီ။ အရင်လို စနစ်မကောင်းလို့၊ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့ စကားမျိုးကို စွန့်လွှတ်ပြီး အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ဖို့ လိုနေပြီ…

(ဃ) ပီတိသမ္ဗောဇ္ဈင်

ပီတိသမ္ဗောဇ္ဈင်ဆိုတာကတော့ တိုင်းပြည်တစ်ပြည်မှာ ရခဲတဲ့အဖြစ်ပေါ့လေ… ကိုယ့်ကိုကိုယ်ပဲ ပြန်ကြည့်လိုက်၊ တစ်ယောက်တည်းနဲ့ စိတ်ချမ်းသာရတဲ့အဖြစ်ဆိုတာ ပေါပေါများများ ရှိရဲ့လားလို့… လူပေါင်းသန်းခြောက်ဆယ်လောက် ရှိတဲ့နေရာဒေသတစ်ခုမှာ အားလုံး… လူတိုင်းလူတိုင်း ပျော်ရွှင်အောင် ထားနိုင်ဖို့ဆိုတာ ခဲယဉ်းတယ်ပေါ့… မဖြစ်နိုင်တဲ့ကိစ္စလို့ ပြောရင်တော့လည်း အစွန်းတစ်ဖက်ကို ကျသွားမယ်… ရဖို့ခဲယဉ်းတယ်ရယ်လို့ပဲ ပြောရမယ်… ဘာပဲဖြစ်ဖြစ် အတိတ်ကို ပြန်ကြည့်ရင် တိုင်းပြည်မှာ လွတ်လပ်ရေးရတဲ့နေ့ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီက

အပြတ်အသတ်အနိုင်ရလိုက်တဲ့နေ့ဟာ ပြည်သူတွေဆန္ဒနဲ့ တိုင်းပြည်ရဲ့လက်တွေ့နိုင်ငံရေး ဘဝတွေ တစ်ထပ်တည်းကျခဲ့တဲ့နေ့လို့ပြောရင် မမှားဘူးပဲ… ဒါကလည်း အာဏာရပါတီကရော၊ အတိုက်အခံဘက်ကပါ ညီညွှတ်ခဲ့ကြတဲ့ အကြောင်းတရားရဲ့ အကျိုးရလဒ်ပဲ…

ဒေသတစ်ခုချင်းစီအလိုက်ကြည့်မယ်ဆိုရင် မွန်ပြည်သစ်တွေနဲ့ အာဏာပိုင်တွေ ငြိမ်းချမ်းရေးရတဲ့နေ့ဟာ မွန်အမျိုးသားတွေ၊ မွန်ပြည်နယ်က ပြည်သူတွေအတွက် ပီတိသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံရတဲ့နေ့ပဲ… KNU နဲ့ အာဏာပိုင်တွေ ငြိမ်းချမ်းရေးရတဲ့နေ့ဟာ ကရင်အမျိုးသားတွေ၊ ကရင်ပြည်နယ်က ပြည်သူတွေအတွက် ပီတိသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံခဲ့ရတဲ့နေ့ပဲ…

ရှေ့ဆက်ပြီးလည်း ၂၀၁၅ မှာ ပြည်သူတွေ ဒီထက်မက ပျော်ရွှင်ရမယ်… မဝေးတဲ့အနာဂတ်မှာ ရခိုင်ပြည်နယ်က ပြည်သူတွေ၊ ကချင်ပြည်နယ်က ပြည်သူတွေလည်းပဲ ပီတိသမ္ဗောဇ္ဈင်နဲ့ ပြည့်စုံရလိမ့်မယ်လို့ ယုံကြည်နေတာပဲ…

ငြိမ်းချမ်းရေးဆိုတာ အစိုးရခေါင်းဆောင်ပိုင်းက လုပ်ရုံ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းက စာချုပ်မှာ လက်မှတ်ထိုးလိုက်ရုံနဲ့ ပြီးတာမဟုတ်ဘူး… ပြည်သူလူထုရဲ့ နှလုံးသားထဲမှာကို ငါတို့ငြိမ်းချမ်းရေးရကိုရရမယ်… ရထားတဲ့ငြိမ်းချမ်းရေးကိုလည်း တည်တံ့ခိုင်မြဲစေရမယ်… ပြည်ထောင်စုထဲမှာ ညီညီညွှတ်ညွှတ်နဲ့ သာတူညီမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြမယ်… မတူညီတာတွေကို ဘေးဖယ်ပြီး တူညီတဲ့ common ground ပေါ်ကနေ ငြိမ်းချမ်းရေးအတွက် အဖြေရှာကြမယ်ဆိုတဲ့ မှန်ကန်တဲ့အတွေးအခေါ်ကောင်းတွေ ဆွဲမြဲနေကြဖို့လည်းလိုတယ်… ငြိမ်းချမ်းရေးကို ထိပါးလာတဲ့ အန္တရာယ်တွေ ပေါ်လာရင် ညီညွှတ်ခြင်း၊ သည်းခံခြင်းဆိုတဲ့ ကိုယ်ခံစွမ်းအားတွေနဲ့ ကြံ့ကြံ့ခံတုံ့ပြန်သွားမယ်လို့ ခိုင်ခံတဲ့ဆုံးဖြတ်ချက်မျိုးတွေကို ဆုံးဖြတ်နှင့်ပြီး ဖြစ်နေဖို့လိုတယ်…

(င) ပဿဒ္ဓိသမ္ဗောဇ္ဈင်

ပြန်စဉ်းစားကြည့်ရင် ပဿဒ္ဓိသမ္ဗောဇ္ဈင် ဆိုတာကို မြန်မာနိုင်ငံမှာ တစ်ခါမှ မမြင်ဖူးတာ အမှန်ပဲ… သက်ဦးဆံပိုင်စနစ်မှာတော့ တိုင်းပြည်တည်ငြိမ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိဘူး… ဘုရင်ဆိုတာ တကယ်တမ်းပြောရင် အာဏာရူးပဲ… အာဏာကိုရူးသွပ်မနေတဲ့ ပုဂ္ဂိုလ်ဟာလည်း ဘုရင်လုပ်လို့မရဘူး… ဘာလို့လဲဆိုတော့ ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တာကိုး… ဒီတော့လက်ရှိဘုရင်က အာဏာကို တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားမှ သူ့အသက်နဲ့ကိုယ် အိုးစားမကွဲမှာလေ… ဒီတော့ဘုရင်ဆိုရင် ၁၀၀ မှာ ၉၉.၉၉ က အာဏာရူးပဲ… အစကမရူးလည်း ဘုရင်ဖြစ်သွားရင် ရူးရတာပဲ…

အဲ… သူ့ကျွန်ခေတ်မှာတော့ ပဿဒ္ဓိသမ္ဗောဇ္ဈင် ရှိဖို့၊ တည်ငြိမ်ဖို့၊ ငြိမ်းချမ်းဖို့ဆိုတာ ဘယ်လွယ်မလဲ… လွတ်လပ်ရေးရပြန်တော့လည်း ဒီလိုပဲ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒီနေ့အထိ မငြိမ်းချမ်းသေးဘူး… ဘယ်တော့ငြိမ်းချမ်းမလဲဆိုတော့ ရှေ့အနှစ် ၂၀ လောက်အထိ ဒါတွေပြေလည်သွားဖို့ မဖြစ်နိုင်သေးဘူး ပြောရမယ်… လက်နက်ကိုင် ပဋိပက္ခပြေလည်သည့်တိုင်အောင် လူမျိုးရေးကွဲပြားတာတွေ၊ ဆင်းရဲချမ်းသာကွာဟမှု၊ ပညာတတ်မြောက်မှု ကွာဟတာတွေက ငြိမ်းချမ်းရေးကို ဟန့်တားနေတယ်… စူပါပါဝါဆိုတဲ့ ပြည်ပနိုင်ငံတွေကလည်း ဘေးကနေ သွေးထိုးပေးနေတာတွေ… ပဋိပက္ခတွေကို ပိုကြီးပွားအောင် လုပ်နေတာတွေရှိတယ်… ဒါကြောင့် ရှေ့အနှစ် ၂၀ အတွင်းမှာ ငြိမ်းချမ်းရေးရဖို့တော့ မသေချာသေးဘူး…

အဓိကကတော့ အတိုက်အခံ၊ အစိုးရ၊ ဒေသဆိုင်ရာ သြဇာတိက္ကမရှိသူ၊ ပြည်သူလူထု၊ လူမျိုးစုခေါင်းဆောင်ဆိုသူတွေ အစရှိတဲ့ ဘက်ပေါင်းစုံက အကျိုးစီးပွားပါဝင်ပတ်သက်သူတိုင်းဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မဖောက်မပြန် တူညီတဲ့ လိုလားချက်ရှိမယ်ဆိုရင် ဒီလိုလားချက်အပေါ်အခြေပြုပြီး ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်လာအောင် လုပ်ယူလို့ရတဲ့ နည်းလမ်းတော့ ရှိတယ်… အဓိကကတော့ ငါတို့လက်နက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် သတ်တာဖြတ်တာတွေ မလုပ်တော့ဘူးကွာလို့ စိတ်ကယတိပြတ်ပိုင်းဖြတ်လိုက်ရင် ဒါအတော်အသင့်ကြီး ငြိမ်းချမ်းသွားပြီပဲ… လက်နက်ကိုင်တိုက်နေလို့တော့ လိုချင်တာတွေ ဖြစ်လာမှာမဟုတ်ဘူး… တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှု လေးစားမှုရှိရှိ ဆွေးနွေးညှိနှိုင်းမှသာ လိုချင်တဲ့ပန်းတိုင်ရောက်နိုင်မယ်လို့ သဘောပေါက်ရင် ဒါလုံးလုံးကြီး ငြိမ်းချမ်းတယ်မဆိုနိုင်တောင်… ၇၅ ရာနှုန်းတော့ ငြိမ်းချမ်းသွားတာပဲ… ဘေးကသွေးထိုးနေတာတွေကိုလည်း ကိုယ်ခံအားကောင်းကောင်းနဲ့ တွန်းလှန်နိုင်ဖို့လည်း လိုအပ်တယ်ပေါ့….

(စ) သမာဓိသမ္ဗောဇ္ဈင်

သမာဓိသမ္ဗောဇ္ဈင် ပတ်သက်လို့ ဒီနေရာမှာ အတွေးလေး နောက်တစ်မျိုးနဲ့ ဥပမာပေးချင်သေးတယ်… ဘာလဲဆိုတော့ သမာဓိသမ္ဗောဇ္ဈင်ဆိုတာ တစ်ခုတည်းသော အာရုံပေါ်မှာ စိတ်ကိုခိုင်မြဲစွာ စွဲကပ်သတိထား ဆင်ခြင်ခြင်းလို့ ဒီလိုအဓိပ္ပာယ်ဖွင့်လို့ရတယ်…  အာရုံတစ်ခုတည်းမှာ မိမိစိတ်ခိုင်မြဲစွာထားမှု တည်ကြည်မှုလို့ သပြေကန်ဆရာတော်က ဒီလိုအဓိပ္ပာယ်ဖွင့်တယ်…

ဒီတော့ဒါကို နိုင်ငံရေးမှာ အသုံးချတာမျိုး မြန်မာနိုင်ငံမှာ ဖြစ်ဖူးလားဆိုတော့ ဖြစ်ဖူးတယ်ပြောရမယ်… ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအတွက် မဲဆွယ်တဲ့အခါမှာ ကျွန်တော်တို့ကိုသာ မဲထည့်ပါ… ထောက်ခံပေးပါ… တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမယ်လို့ ကတိပေးခဲ့တယ်… အဲဒီအချိန်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ခေါင်းဆောင်မှုအောက်မှာ တစ်တိုင်းတစ်ပြည်လုံးက လွတ်လပ်ရေးဆိုတဲ့ အာရုံတစ်ခုတည်းအပေါ်မှာ စိတ်ကိုခိုင်မြဲစွာ စွဲကပ်ထားလိုက်တဲ့အတွက် ဗိုလ်ချုပ်အပါအဝင်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရသည့်တိုင်အောင် တစ်နှစ်အတွင်းမှာ တကယ်ပဲ လွတ်လပ်ရေး ရခဲ့တယ်… ဒါဟာသမာဓိသမ္ဗောဇ္ဈင်ရဲ့ အစွမ်းသတ္တိပဲ… ဘယ်လောက်ခက်ခဲတဲ့ အခက်အခဲပဲဖြစ်ဖြစ်၊ ခေါင်းဆောင်ကြီးတွေ မရှိတော့လို့ တိုင်းပြည်လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားရသည့်တိုင်အောင် ခိုင်ကြည်တဲ့သံဓိဋ္ဌာန်ကြောင့် သမာဓိအစွမ်းကြောင့် အတားအဆီးတွေကို ကျော်လွှားနိုင်ခဲ့တယ်…

အခုလည်း လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ သာတူညီမျှရှိတဲ့၊ ဖွံ့ဖြိုးပြီးရင့်ကျက်တဲ့ ဒီမိုကရေစီစနစ်ကို တစ်နှစ်အတွင်း ထူထောင်ချင်တယ်ဆိုရင် ခေါင်းဆောင်မှုပေးနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်လည်း ရှိနေပြီ… ပြည်သူတွေမှာ ဒါကိုတစ်နှစ်အတွင်း ရရမယ်ဆိုတဲ့ သမာဓိသမ္ဗောဇ္ဈင်ပဲ လိုတယ်… အခုတစ်နှစ်အတွင်း မရနိုင်ဘူးဖြစ်နေတယ်ဆိုတာ ဒီသမာဓိသမ္ဗောဇ္ဈင် တို့တတွေမှာ မရှိလို့ မရဘူးဖြစ်နေတာ…

ထာဝရငြိမ်းချမ်းရေး တစ်နှစ်အတွင်း တစ်တိုင်းတစ်ပြည်လုံး ရရမယ်ဆိုရင် ခေါင်းဆောင်မှုပေးမယ့် သမ္မတကြီးဦးသိန်းစိန်လို ခေါင်းဆောင်မျိုး ရှိနေပြီ… ပြည်သူတွေမှာ တစ်နှစ်အတွင်း တစ်တိုင်းပြည်လုံး ထာဝရငြိမ်းချမ်းရေး ရရမယ်ဆိုတဲ့ သမာဓိသမ္ဗောဇ္ဈင်ပဲ လိုတယ်… အခုတစ်နှစ်အတွင်း မရနိုင်ဖြစ်နေတယ်ဆိုတာ တို့တတွေမှာ ဒီသမာဓိသမ္ဗောဇ္ဈင် မရှိလို့ မရဖြစ်နေတာ…

အရင်က မရှိခဲ့တာတွေ ဘေးချိတ်ထား… အခုအချိန်ကစလို့ ဘယ်နှစ်နှစ် ဘယ်နှစ်ကာလအတွင်း လွတ်လပ်တဲ့၊ တရားမျှတတဲ့၊ သာတူညီမျှရှိတဲ့၊ ဖွင့်ဖြိုးပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီစနစ် တိုင်းပြည်မှာ ဖြစ်ထွန်းရမယ်… ထာဝရငြိမ်းချမ်းရေး တစ်တိုင်းတစ်ပြည်လုံး လွှမ်းခြုံနိုင်ရမယ်ဆိုတဲ့ သမာဓိသမ္ဗောဇ္ဈင်မျိုးကို အခုကစလို့ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ နှလုံးသားမှာ စွဲမြဲနေမိကြဖို့ လိုပြီ…

(ဆ) ဥပေက္ခာသမ္ဗောဇ္ဈင်

ဥပေက္ခာသမ္ဗောဇ္ဈင်ကိုတော့ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး… ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံက လူတွေက ပြဿနာတစ်ခုဖြစ်လာရင် ဘယ်သူ့ကြောင့်ဟေ့… ငါမပါဘူးဆိုပြီး… လက်သည်ကိုရှာတယ်… ကိုယ်ကခေါင်းရှောင်တယ်… ဒါမျိုးက အရိုးစွဲနေပြီ… အဖြေတစ်ခုရဖို့ကို မစဉ်းစားတော့ဘူး… လက်သည်ရှာပြီး ငါမပါဘူးခေါင်းရှောင်လိုက်ပြီ… ဒါမျိုးခဏခဏတွေ့နေရတယ်… ခေါင်းရှောင်တဲ့ကိစ္စတွေ…

အခုလက်ပတောင်းတောင်ဖြစ်တယ်… ဒါကနိုင်ငံတစ်နိုင်ငံရဲ့အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်မျက်နှာကို တပ်ပြီး သဘောတူစာချုပ်ချုပ်ထားတာ… ကလေးတွေ ကစားသလို… နင်နဲ့ငါနဲ့ မခေါ်တော့ဘူး… ငါ့အိုးပုတ်ပြန်ပေးဆိုတာမျိုး လုပ်လို့ရတဲ့ကိစ္စမဟုတ်တော့ဘူး… ဒါကိုပဲ ရှော်မွေးဗာရာဏသီချဲ့လိုက်တော့ အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်ကုန်ရော… အမှန်က ဒီနေရာမှာ ဥပေက္ခာသမ္ဗောဇ္ဈင်ကို သုံးခဲ့ရမှာ… သုံးတာက ဘက်ပေါင်းစုံက ပါဝင်သူတိုင်းက ဥပေက္ခာသမ္ဗောဇ္ဈင်ကို သုံးဖို့လိုတယ်…

(၁) ထိပ်ဆုံးက တာဝန်ရှိသူတွေက စပြီးဆန္ဒပြတဲ့ ဒေသခံတွေပဲ။ မရတော့ဘူး… ဒါကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ်ပြုပြင်ဖန်တီးလို့ ရတဲ့အခြေအနေမဟုတ်တော့ဘူးဆိုရင်… ခေါင်းမာပြီးတော့ ဒါကြီးကိုပဲ ပြန်ပေး… ဒါကြီးမှ မရရင် သေရပါတော့မယ်… သင်္ချိုင်းကလူသေတွေက ပြန်ထလာပြီး ဆန္ဒပြလိုပြ… တောင်ကြည့်ပွဲတွေ လုပ်လိုလုပ်နဲ့… တကယ်တော့ အမှားမှားအယွင်းယွင်းနဲ့ သေချာလေ့လာတာတွေ မရှိပဲ လုပ်ခဲ့တယ်ဆိုဦးတော့ ဒါအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက တိုင်းပြည်မျက်နှာကို ကိုယ်စားပြုပြီး လုပ်ခဲ့တဲ့အလုပ်… တိုင်းပြည်မျက်နှာကို အိုးမည်းသွားသုတ်လို့တော့ မရတော့ဘူး… ကိုယ်လုပ်လို့မရတော့တဲ့ ကိစ္စကြီးကို ဥပေက္ခာသမ္ဗောဇ္ဈင်နဲ့ ဆင်ခြင်ပြီး ဘာလုပ်လို့ရနိုင်သေးလဲ… သိမ်းခံရတဲ့လယ်မြေတွေအတွက် လျောကြေးငွေကိစ္စတွေ မကျေလည်တာလား… တခြားလူမှုရေး၊ စီးပွားရေးတွေမှာ နစ်နာချက်တွေရှိလား… ဒါတွေကို တင်ပြပြီး ပြေလည်အောင် ဖြေရှင်းရမှာ… အခုက Dead-End solution… ဒါကြီးကိုပဲ မရမကပြန်လိုချင်တယ်… စီမံကိန်းကို လုံးဝရပ်ဆိုင်းရမယ်ဆိုတာတွေ တောင်းဆိုတာတော့ မဖြစ်သင့်တာပဲ… ဒါကဖြစ်နိုင်ခြေရှိတဲ့ အဖြေကိုငြင်းဆန်ပြီး မဖြစ်နိုင်တာတွေကို အတင်းတောင်းဆိုရင် တစ်ဘက်ကို ဘေးကျပ်နံကျပ်ဆိုက်သွားအောင် လုပ်လိုက်တာပဲ…

(၂) ဒုတိယတာဝန်ရှိသူတွေက အစိုးရပဲ…. ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်နေတယ်… အထူးသဖြင့် ဒီလိုအချိန် ဒီလိုအခါမျိုးမှာပေါ့… အမှန်တော့ ဒီအတိုင်းဖြေရှင်းမယ့်အစား ဒေသခံတွေရဲ့ လိုလားချက်တွေကို လူသိရှင်ကြား သိအောင် အရင်လုပ်ရမယ်… ဖြည့်စည်းပေးနိုင်တဲ့အချက်တွေကို ပွင့်လင်းမြင်သာစွာ ဖြည့်စည်းပေးရမယ်… မဖြည့်စည်းပေးနိုင်တဲ့အချက်တွေကို ဘာကြောင့်မဖြည့်စည်းပေးနိုင်ရသလဲဆိုတာ လူသိရှင်ကြား ဖြေရှင်းချက်ပေးရမယ်… နှစ်ဘက်အကြိမ်ကြိမ်တွေ့ဆုံပြီး တင်းမာမှုတွေကို လျော့ချရမယ်… အဓိကကတော့ ဥပေက္ခာသမ္ဗောဇ္ဈင်ပေါ့… အခြေအနေတွေ အလွန်အမင်းတင်းမာနေချိန်မှာ… ဘယ်လိုမှ ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်ကဝင်ပြီး ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ့အချိန်မှာ ဘေးခဏထွက်ရပ်ပြီး… အချိန်က ကုစားပေးမယ့် အနေအထားတစ်ခုကို စောင့်သင့်တယ်… အဲဒီလိုအချိန်ကို စောင့်နေတဲ့အချိန်မှာ… ပိုပြီးပွင့်လင်းမြင်သာစွာ ဒီကိစ္စကို ကိုင်တွယ်နေရမယ်… ကိုယ့်ဘက်ပါလာအောင် အခွင့်အရေးတွေ… ရပိုင်ခွင့်တွေ… ပိုပေးရင်း စည်းရုံးယူနေရမယ်…

(၃) တတိယကတော့ လူမှုအဖွဲ့အစည်းတွေပဲ… ဘေးကနေ ရပ်ကြည့်နေသူ တစ်ယောက်အမြင်မှာ သိပ်ပြီးမီးလောင်ရာ လေပင့်လွန်းနေသလားလို့ မြင်မိတာပဲ… ပိုဆိုးသွားတဲ့အချက်က အစိုးရဘက်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့မယ်ဆိုတော့ ၈၈ တွေက မြှောက်ပေးပင့်ပေးတုန်းက ဘေးတီးပေးရတုန်းက တက်တက်ကြွကြွပါဝင်သလောက် တကယ်တမ်း နာမည်ခံပြီး တာဝန်တစ်ခု ယူရမယ်… ခြေလှမ်းမလှမ်းတတ်ရင် တစ်သက်လုံး သုံးစားမရဖြစ်သွားမယ်ဆိုတဲ့ အရေးလည်းကြုံရော… သားသားမသိဘူး… သားသားတို့ အဲဒီနေ့က မေမေနေမကောင်းလို့ ကျောင်းမတတ်လိုက်ရဘူး… ဆိုတာမျိုး ကလေးကွက်ဖမ်းပြီး ရှောင်ထွက်သွားတယ်… ဘာတဲ့… လူထုနဲ့ပိုနီးနီးကပ်ကပ် ဆောင်ရွက်နိုင်ဖို့ ကော်မရှင်မှာ မပါတာပါတဲ့… ဟုတ်ကဲ့ခင်ဗျား… ခင်ဗျားတို့ကို ကျွန်တော်တို့ ပြည်သူတွေက မျက်စိဒေါက်ထောက် ကြည့်နေပါတယ်… လူထုနဲ့ပိုပြီး နီးကပ်မလား… ပြည်ပပေးတဲ့ အခွင့်အရေးတွေကို ဖအေကယူလိုက် သမီးကယူလိုက်နဲ့ပဲ ကပ်ဖားလျက်ဖားလုပ်နေရင်း လူထုချဉ်ဖက်ကြီး ဖြစ်သွားမလားဆိုတာကို…

ဒီနေရာမှာ တစ်ခုကြားဖြတ် ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီနဲ့ တခြားဂုဏ်သိက္ခာရှိတဲ့ အတိုက်အခံပါတီကြီးတွေရဲ့ ဒီကိစ္စအပေါ်ကိုင်တွယ်ပုံပါ… ဘေးတီးတာ… မီးလောင်ရာလေပင့်တာတွေ မတွေ့ခဲ့ရသလို… တကယ်တမ်းကိုယ့်ကို ခေါင်းစဉ်တပ်ပြီး တာဝန်ပေးလာချိန်မှာ သတ္တိရှိရှိနဲ့ ခြေလှမ်းမှားသွားရင် တစ်သက်လုံး နာမည်ပျက်သွားနိုင်တဲ့ အရေးကိစ္စကိုတောင် မငဲ့ကွက်ပဲ တိုင်းပြည်အတွက်လိုအပ်လို့ တာဝန်ပေးလာချိန်မှာ ရဲရဲဝံ့ဝံ့တာဝန်ယူရဲတဲ့ သတ္တိနဲ့စိတ်ဓါတ်ကတော့ လေးစားစရာပါပဲ… နောက်တစ်ခုက တကယ်တမ်း ပစ်တယ်ခတ်တယ်လည်း ဖြစ်ရော… ဒေသခံတွေရော၊ မြှောက်ထိုးပင့်ကော်တွေရော၊ ဘေးတီးတွေရော၊ မီးလောင်ရာလေပင့်တွေရော… ဒေါင်းထီးဒေါင်းမတွေရော ဘယ်ရောက်လို့ ရောက်သွားမှန်းတောင် မသိဘူး… ရှိန်းဆာယာပိုမောက်လို့ ကိုယ်ပျောက်သွားကြလား အောက်မေ့ရတယ်… ကြားထဲက ငထွားခါးနာ၊ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်ဖြစ်တာက သံဃာတွေဖြစ်သွားရတာ… တကယ်စိတ်မကောင်းစရာပဲ…

 

(၈) နိဂုံး

လူတွေက ဗောဇ္ဈင်သုတ်ကို ပရိတ်ကြီးထဲပါတဲ့ ရောဂါပျောက်စေတဲ့ ဂါထာလို့ အမှတ်ထားပြီး ရွတ်ဖတ်နေကြတယ်… သစ္စာစကားတွေမို့လို့ လေးလေးနက်နက် ယုံယုံကြည်ကြည် ရွတ်ဖတ်ရင် ရောဂါဝေဒနာတွေ သက်သာဖို့ ရှိပါတယ်… ဒါပေမယ့် တကယ့်တော့ ဗောဇ္ဈင်ဆိုတာ ကြက်တူရွေးစာအံသလို ရွတ်ရုံဖတ်ရုံ အဆင့်မှာရပ်ထားရတာ မဟုတ်ပဲ… တကယ်သဘောပေါက်အောင် လေ့လာယူရင် နိဗ္ဗာန်အထိရောက်နိုင်တဲ့ ခက်ခဲတဲ့တရားဒေသနာတွေပါ… သာမန်အသိနဲ့ နားမလည်နိုင်တဲ့ တရားတွေပါပဲ… ဒါတွေကို သာမာန်အတွေးနဲ့တင် နားလည်နိုင်ဖို့ ကြိုးစားရတယ်… သပြေကန်ဆရာတော်တို့… ပါချုပ်ဆရာတော်တို့ရဲ့ အကူအညီသာ မပါရင် ဒါကျွန်တော်ဘယ်လိုမှ မလုပ်နိုင်မယ့်ကိစ္စပါ…

ဗောဇ္ဈင်တရားတွေကို အသုံးချပြီး လူသားတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ လူမှုဘဝပြဿနာတွေကို ဖြေရှင်းနိုင်ကြစေဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အားထုတ်ပေးထားပါတယ်… ဘယ်လောက်ပဲ ကြိုးစားတယ်ဆိုဦးတော့ လိုအပ်ချက်တွေက ရှိနေဦးမှာပါပဲ… ကျွန်တော့်ရည်ရွယ်ရင်းက ဗုဒ္ဓဝါဒတွေဟာ လောကုတ္တရာအတွက်ချည်းသက်သက် အကျိုးဖြစ်ထွန်းတာ၊ ဗုဒ္ဓဘာသာဝင်တွေအတွက်သာ သီးသန့်ရည်ရွယ်ထားတာ မဟုတ်ပဲ… လောကီလောကအတွက်ရော… လူသားအားလုံး လူမျိုး၊ ဘာသာမရွေးအတွက်ပါ အသုံးတည့်တယ်ဆိုတာကို ပြောချင်တာပါ…

ကျွန်တော်တို့ အခုလိုအပ်နေတာက ဗုဒ္ဓဘာသာကို မြှင့်တင်တဲ့နေရာမှာ လောကုတ္တရာဘက်ကချည်း ကြည့်မနေပဲ… လောကုတ္တရာဘက်ကို မလှမ်းနိုင်သေးတဲ့ လောကီလောက နယ်သားတွေအတွက် လက်တွေ့အသုံးချလို့ ရနိုင်မယ့် နည်းလမ်းတွေကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ လေ့လာပြုစုကြဖို့ပါပဲ…

အခုတော့ လူရယ်လို့ ဖြစ်လာရင် မဖြစ်မနေ ပါဝင်ချင်ချင်၊ မပါဝင်ချင်ချင် ပတ်သက်နေရတဲ့ နိုင်ငံရေးဆိုတာချည်းရဲ့ အနိမ့်အမြင့်၊ အတက်အကျတွေ၊ အခက်အခဲတွေကို ဗောဇ္ဈင်တရားတွေနဲ့ ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ချို့ကို လမ်းစပေးထားပါမယ်… ဒါကအစပိုင်း လမ်းစတွေပါ… လမ်းမဆုံးသေးပါဘူး… ရှေ့ဆက်လေ့လာရမယ့် နိုင်ငံရေးနယ်ပယ်က ဗောဇ္ဈင်အသုံးတွေနဲ့ ပတ်သက်လို့ လေ့လာမှုတွေ အများကြီး လုပ်ကြရပါဦးမယ်… နိုင်ငံရေးဆိုတာကလည်း လောကသုံးပါးထဲက သဘာဝဖြစ်စဉ်လေး တစ်ခုပါ… သူ့မှာလည်း ဖြစ်ပြီးပျက်ရတဲ့၊ ပျက်ပြီးအသစ်တစ်ဖန်ပြန်ဖြစ်ရတဲ့ ဖြစ်စဉ်တွေနဲ့ တည်ဆောက်ထားတာပါပဲ… သူလည်းအနိစ္စပဲ… ဘယ်လိုဖြစ်လို့ အနိစ္စမှန်းသိနိုင်လဲဆိုတော့ နိုင်ငံရေးဖြစ်စဉ်တွေဟာ ဘယ်သူကပြုတယ်ဆိုတဲ့ ပုဂ္ဂိုဟ်သတ္တဝါ မပီပြင်ဘူး… အကြောင်းတရားတွေ ပေါင်းစုံလာလို့သာ ဖြစ်လာတာ… ဖြစ်စရာအကြောင်းတရားတွေ ကုန်သွားတော့လည်း သူ့ဟာနဲ့သူ ပြန်ပျောက်ကွယ်သွားတာပါပဲ… ဒါတွေကို ဗောဇ္ဈင်တရားတွေနဲ့ ရှုမြင်ပြီး အကြောင်းအပေါင်းစုံလို့ အကျိုးတရားတွေ ပေါ်ပေါက်လာခိုက် ကိုယ့်အတွက်ပါအောင် ယူလိုက်နိုင်ဖို့ပဲ လိုပါတယ်…

ဒီတစ်ခေါက် နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောခဲ့ပေမယ့် နောက်တစ်ခေါက်တွေမှာတော့ တခြားလူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေမှာ အခက်အခဲတွေကြုံရရင် ဗောဇ္ဈင်တရားတွေနဲ့ ဘယ်လိုကျော်လွှားရမယ်ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးကြပါဦးစို့…

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s